ကချင်ပြည်နယ် စစ်ကို ဘယ်လို အဆုံးသတ်ကြမလဲ

1922

သီဟသွေး

တောင်ပေါ်မြေပြန့် အကြား ညှိနှိုင်း ရယူထားတဲ့ပင်လုံ သဘောတူညီမှု နဲ့၁၉၄၈ ခုနှစ် မှာ အင်္ဂလိပ်ဆီကနေ လွတ်လပ်ရေးရယူခဲ့ပြီး ပါလီမန် ဒီမိုကရေစီအခြေခံဥပဒေတစ်ခုအာက်မှာ နိုင်ငံထူထောင်ရေး ကြိုးပမ်းခဲ့ကြပေမယ့် ဗမာ နိုင်ငံရေးသမားတွေ ဦးဆောင်တဲ့အစိုးရတွေရဲ့ အုပ်ချုပ်မှုအောက်မှာ တိုင်းရင်းသားတွေဟာ သာတူညီမျှမှုကို မခံစားရဘူးလို့ ခံစားလာရတာကြောင့် လွတ်လပ်ရေးရပြီး ဆယ်နှစ်တာကာလအတွင်း နိုင်ငံရေး အရ ပွတ်တိုက်ရုန်းကန်မှုတွေဖြစ်ပေါ်ပြီး လက်နက်ကိုင်ဆန့်ကျင်ပုန်ကန်မှုတွေ အထိ ဖြစ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံ အရှေ့ခြမ်း မြောက်ပိုင်းကနေတောင်ပိုင်း အထိ ဒေသကြီး တစ်ခုလုံးမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားမျိုးနွယ်စုတိုင်းမှာ အစိုးရအပေါ် ဆန့်ကျင်ပုန်ကန်တဲ့ လှုပ်ရှားမှုတွေဖြစ်ပေါ်ခဲ့ပြီး အဲဒီဒေသထဲက ကချင်ပြည်နယ်ဟာလည်း စစ်ပွဲတွေ မငြိမ်းချမ်းတဲ့ ပြည်နယ်တစ်ခုအဖြစ် ၁၉၆၀ မှာ ရောက်ရှိလာခဲ့ပါတယ်။ အခု ကချင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့KIO (ကချင်လွတ်လပ်ရေးအဖွဲ့) ဟာ ၁၉၆၀ မှာ စတင်ပေါ်ပေါက်ခဲ့ပြီး မြန်မာ့တပ်မတော်မှာ ကချင်သေနတ် ကိုင်တပ်ရင်းမှာအမှုထမ်းခဲ့တဲ့ အရာရှိဟောင်းအချို့ပါဝင်ဖွဲ့စည်းခဲ့ပြီး လူ၃၀ လောက်နဲ့စခဲ့တယ်လို့ဆိုပါတယ်။ အဲဒီအချိန်ကာလမှာပဲ ဖယ်ဒရယ် လွတ်လပ်ခွင့်တောင်းဆိုမှုတွေ၊ တိုင်းရင်းသားအခွင့်အရေးတွေ နဲ့ပတ်သက်ပြီး မကျေနပ်မှုတွေ ဒေသတွင်း တိုင်းရင်းသားများအကြားမှာဖြစ်ပွားနေပြီး ဦးနု အစိုးရက ဗုဒ္ဓဘာသာ ကို နိုင်ငံတော် ဘာသာအဖြစ် ကျေညာ လိုက်တာကြောင့် ခရစ်ယာန် ဘာသာကို အများစု ကိုးကွယ်တဲ့ ကချင်လူမျိုးများအကြားမှာ မကျေနပ်မှုဟာ အထွဋ်အထိပ် ကို ရောက်ရှိခဲ့ပါတယ် ။

ဒါကြောင့် ၁၉၆၁ မှာ KIO ဟာ ဒေသတွင်းက လူငယ် အမြောက်အများကိုစည်းရုံး နိုင်ခဲ့ပြီး သူ့ ရဲ့ လက်ရုံးတပ် KIA ( Kachin Independent Army ) ကို ဖွဲ့စည်းနိုင်ခဲ့တယ် လို့ဆိုပါတယ် ။ အဲဒီအချိန်ကတည်းက ကချင်ပြည်နယ် တွင်းမှာ တိုက်ပွဲကြီးငယ်တွေ အမြဲလိုရှိနေတတ်ပြီး ဒေသအတွင်းက မြစ်ကြီးနား အပါအဝင် မြို့အတော်များများမှာ ဗုံးဖေါက်ခွဲမှုတွေ၊ ရထား၊ ကား စတဲ့ အရပ်ဖက် ပစ်မှတ်တွေအထိ တိုက်ခိုက်ကြတာတွေရှိခဲ့ပါတယ် ။ အဲဒီလို KIO က လက်နတ်ကိုင်တော်လှန်ရေး စတင်ခဲ့ ပြီး အစိုးရပ်တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ နှစ်ပေါင်း ၃၄ နှစ်အတွင်းမှာ အစိုးရနဲ့ ငြိမ်းချမ်ရေးဆွေးနွေးတာမျိုးတွေလည်းရှိခဲ့ပါတယ် ။ ၁၉၆၃ ခုနှစ်က တော်လှန်ရေးကောင်စီ နဲ့ တစ်ကြိမ် ၁၉၈၀ မှာ မဆလ ခေါ် ဆိုရှယ်လစ် အစိုးရနဲ့တစ်ကြိမ်ဆွေးနွေး ခဲ့ကြပြီး အောင်မြင်မှု မရခဲ့ပေမယ့် နောက်ဆုံး ၁၉၉၄ ခုနှစ်မှာ နဝတ တပ်မတော် အစိုးရနဲ့ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကတော့အောင်မြင်ခဲ့ပြီး အခုကျင့်သုံးနေတဲ့ ၂၀၀၈ အခြေခံ ဥပဒေ ရေးဆွဲရာ အမျိုးသား ညီလာခံမှာ KIO အနေနဲ့ ပါဝင်ခဲ့ပါတယ် ။ အဲဒီအချိန်က တည်းက ရပ်တန့်ခဲ့ တဲ့ ၂ဘက်အကြား တိုက်ပွဲတွေဟာ ၁၇ နှစ် နီးပါးကြာ ထိန်းသိမ်းထားနိုင်ခဲ့ပြီး ၂၀၀၈ အခြေခံဥပဒေ အသက်ဝင်ပြီး ဦးသိန်းစိန်အစိုးရတာဝန်ယူချိန် ၂၀၁၁ ခုနှစ်မှာ ကချင်ပြည်နယ်အတွင်း တကျော့ပြန် တိုက်ပွဲတွေဖြစ်ပွားလာခဲ့တာ အခုအချိန်ထိပဲဖြစ်ပါတယ်။

အမှန်တော့ ၁၉၉၄ က စတင်ခဲ့တဲ့ တိုင်းရင်းလက်နက်ကိုင်တွေနဲ့အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးတည်ဆောက်မှုဟာ နိုင်ငံတစ်ဝှမ်းလုံးမှာ ရှိတဲ့ မတူကွဲပြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂၀ ကျော်နဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ် ။ ဒီလိုဆောင်ရွက်နေတဲ့ ကာလအတွင်း အပစ်အခတ်ရပ်စဲမှုကျိုးပေါက်ပြီး တိုက်ပွဲတွေပြန်ဖြစ် မယ့်အခြေအနေမျိုးဖြစ်တဲ့ အငြင်းပွားမှု ထိပ်တိုက်တွေ့မှုတွေ အဖွဲ့အစည်းအတော်များများနဲ့ တပ်မတော် အကြားမှာ ဖြစ်ပွားခဲ့တာတွေရှိပါတယ် ။ သို့သော်လည်း အခု KIO နဲ့ဖြစ်သလို ကြီးမားပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားတာမျိုးအထိမဖြစ်ပဲ တပ်မတော်က စခန်းတွေ လိုက်လံသိမ်းယူတာမျိုးလည်းမရှိတာကို တွေ့ရပါလိမ့်မယ် ။ ပြီးခဲ့တဲ ရက်ပိုင်းကပဲ KNU နဲ့ တပ်မတော်အကြား လမ်းဖေါက်တဲ့ ကိစ္စနဲ့ ပတ်သပ်ပြီး အငြင်းပွားမှု တင်းမာမှုတွေ ရှိခဲ့ပေမယ့် နှစ်ဘက်ခေါင်းဆောင်တွေညှိ နိုင်းဖြေရှင်းနိုင်ခဲ့တာတွေရပါတယ် ။ သို့သော် ဘာကြောင့်များ ကချင်ပြည်နယ်မှာ KIO နဲ့ တပ်မတော်အကြား ဖြစ်ပွားနေတဲ့ တကျော့ပြန်စစ်ပွဲတွေ က အခုလို ထိန်းမနိုင်သိမ်းမရဖြစ်ပြီး ရပ်တန့်ဖို့လမ်းစပျောက်ဆုံးနေရသလဲဆိုတာကတော့ မေးခွန်းထုတ်စရာရှိနေပါတယ်။

ပထမဆုံးသတိထားမိတဲ့အချက်က နယ်မြေအငြင်းပွားမှုတွေ ၊ မြစ်ဆုံ ရေကာတာ ကို KIO ဘက်က ကန့်ကွက်မှုတွေ ရှိခဲ့ပေမယ့် ဒီကိစ္စတွေက အခြေခံနိုင်ငံရေး ပြဿနာတွေကို ကိုယ်စားပြုပေးရုံ သက်သက်သာရှိတယ်လို့ယူဆရပါတယ်။ တကယ်နောက်ကွယ်က နိုင်ငံရေးရပ်တည်ချက်တွေကို အခြေခံတဲ့ မကျေလည်မှုတွေ အားပြိုင်မှုတွေ ရှိနေသလို လက်နက်ကိုင်တပ်နှစ်ခုအကြား နှစ်ဘက်အပြန်အလှန် စစ်ကစားတဲ့အဆင့်ကို ရောက်လာကြတာကြောင့် ရပ်တန့်ဖို့ခက်ခဲတဲ့အနေအထားရောက်ရှိလာတယ်လို့မြင်ပါတယ်။ တကယ်တော့ KIO ဟာ ၁၉၉၃ ကနေ ၂၀၀၇ ခုနှစ်အထိ ကျင်းပခဲ့တဲ့ ၁၄ နှစ်ကြာ အမျိုးသားညီလာခံ မှာ နိုင်ငံရေးလိုလားချက်တွေကို စားပွဲဝိုင်းပေါ်မှာ ပုံဖေါ်ရယူဖို့ကြိုးစားခဲ့ပေမယ့် လက်တွေ့ ရည်မှန်းချက်တွေ ခရီးမပေါက်ခဲ့တာဟာ အခြေခံအချက်ဖြစ်ပါတယ်၊ အဲဒီနောက် အပစ်အခတ်ရပ်စဲပြီး အမျိုးသားညီလာခံမှာ ပါဝင်ဆွေးနွေးခဲ့တဲ့ တိုင်းရင်းသား အဖွဲ့တွေကို အစိုးရက နယ်ခြားစောင့် အသွင်ပြောင်းစီမံချက်ထဲ သွတ်သွင်း ဖို့ကြိုးစားခဲ့တာကြောင့် ငြိမ်းချမ်းရေး ကြိုးပမ်းမှု ရလဒ်ဟာ ဒီလောက်ပါပဲလားဆိုပြီး နောက်တစ်လှမ်းပြန်ဆုတ် ပြင်ဆင်ကြရာက အခုလိုဖြစ်ကုန်တဲ့သဘောပဲဖြစ်ပါတယ်။ ပြဿနာက ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့ မှာ အပစ်အခတ်ရပ်စဲမှု တရားဝင် စတင်ကျိုးပေါက်ပြီးနောက်ပိုင်း စစ်ရှိန်မလျှော့နိုင်တဲ့ အကြောင်းတွေကတော့ ၂ ဘက်စလုံး မှာ စစ်ရေးအရ မဟာဗျူဟာသဘောပါတဲ့ လှုပ်ရှားမှုတွေ အပြိုင်အဆိုင်လုပ်ဆောင်ခဲ့ကြလို့ပဲဖြစ်ပါတယ်။ အဓိက အတိုချုပ်အနေနဲ့ ပြောရမယ်ဆိုရင် တပ်မတော အနေနဲ့ တိုင်းရင်းသားတွေ နဲ့ တိုက်ခိုက်တဲ့ စစ်ပွဲတွေမှာ သာလွန်အင်အားနဲ့ ထိန်းချုပ်အနိုင်ယူနိုင်ဖို့ တာဝေးပစ်ခတ်နိုင်တဲ့ ခေတ်မှီယန္တရားတွေ လေကြောင်းစစ်ဆင်ရေး ယာဉ်တွေ ကို ရယူတည်ဆောက်ပြင်ဆင်ပြီး ပစ်မှတ်တွေနဲ့ အနီးဆုံးချဉ်းကပ်နိုင်မှု ၊ အမြန်ဆုံး ရွေ့လျှားမှုတွေ လုပ်နိုင်အောင် ဗျူဟာလမ်းဖေါက်တာတွေကို အချိန်တိုင်းဆောင်ရွက်နေခဲ့ပါတယ်၊ ဒါကြောင့် KIO ကလည်း လက်နက် လူသူ အင်အားအရ ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲကြီးတွေ ကို ရှောင်ရှားရင်း တိုက်ပွဲ ဧရိယာ ကျယ်ပြန်သွားပြီး တပ်မတော်အနေနဲ့ ရင်ဆိုင်ရမယ့် စစ်မျက်နှာ အများအပြားပေါ်ပေါက်လာစေမယ့် မဟာဗျုဟာတစ်ရပ်အနေနဲ့ AA ရခိုင်အဖွဲ့ နဲ့ TNLA တအောင်း ပလောင်အဖွဲ့တွေကို စစ်ရေး အထောက်အပံ့အကူအညီပေးပြီး ကချင်ပြည်နယ် အပြင် ရှမ်းပြည်နယ် နဲ့ ရခိုင်ပြည်နယ် အထိ စစ်ဘောင်ကို ချဲ့ယူခဲ့ပါတယ်။ မြောက်ပိုင်း မဟာမိတ်ဖွဲ့စည်းခြင်းကိုလည်း အင်အားကြီး UWSA ဝ’ အဖွဲ့ အပါအဝင် MNDAA ကိုးကန့်အဖွဲ့ နဲ့ ပါ ပူးပါဝင်ဖွဲ့စည်းထားနိုင်ပြီး ဒေသတွင်း ပူပေါင်းအင်အားတစ်ခုနဲ့ စစ်ရေး ရော နိုင်ငံရေးပါ ပြင်ဆင်တည်ဆောက်ပြီး အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ ထောက်ထား မှုကို ပါ ရယူထိန်းသိမ်းထားနိုင်တာတွေ့ရပါတယ်။ ဒါကြောင့် ဒီကနေ့ အပြန်အလှန်စစ်ပွဲတွေရဲ့ အနေအထားကို ခြုံပြီးကြည့်ရမယ်ဆိုရင် တပ်မတော်က KIA ရဲ့ ဗျူဟာကုန်းတွေ ၊ တပ် စခန်းတွေကို တိုက်ခိုက်တာ ၊ သိမ်းပိုက်တာတွေ အင်အားသုံးပြီး အလျှင်အမြန်ဆောင်ရွက်နိုင်သလို KIO / KIA ဘက်ကလည်း မြောက်ပိုင်းမဟာမိတ် ဗျူဟာနဲ့ ပျောက်ကြား စစ်ပွဲငယ်တွေ ဖန်တီးပြီး ရှမ်းပြည်နယ် မြိုပြ ဧရိယာ စီးပွားရေး ပစ်မှတ်တွေ အထိ တိုက်ပွဲတွေဆင်နေပါတယ် ။ အခုနောက်ဆုံး အခြေအနေကတပ်မတော်ဘက်မှာလည်း တိုက်ပွဲဧရိယာ ကျယ်ပြန့်လာမှု ကြောင့် ဒေသတွင်းမှာ စစ်ရှောင် ဒုက္ခသည်တွေနဲ့ ဒုက္ခသည် စခန်းတွေ အများအပြားတိုးပွားလာပြီး လူမျိုးရေး တိုက်ပွဲ ပုံသဏ္ဍန် ပုံဖေါ်လာတော့မယ့် အရေးကို ရင်ဆိုင်နေတဲ့နေရာမှာ တပ်မတော်ရဲ့ မဟာမိတ် ပြည်သူ့စစ်အဖွဲ့တွေ၊ KIA ကို ဆန့်ကျင်တဲ့သဘောထား အမြင်ရှိတဲ့ ရှမ်းနီ ၊ လီဆူး လို မဟာမိတ်တိုင်းရင်းသားမျိုးနွယ်စု နိုင်ငံရေး အင်အားစုတွေကလည်း KIO/ KIA ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပြလုပ်ပြီး တပ်မတော်ဘက်ကနေ နိုင်ငံရေး ခုခံမှုတွေ ပြင်ဆင်လာပါတယ် ။ အခုလက်ရှိ ရခိုင်အရေးပြဿနာတွေကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက တပ်မတော်ကို လူမျိုးစု သုတ်သင်တဲ့ စွပ်စွဲချက်တွေ ၊ စစ်ရာဇဝတ်မှုကျုးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ နဲ့ ဖိအားပေးနေချိန်မှာ ကချင်ပြည်နယ်တွင်း စစ်ရေးအခြေအနေတွေကလည်း ပုံစံတူ အခြေအနေတစ်ရပ်လို ဖြစ်လာနေပါတယ် ။ တပ်မတော်ကလည်း ဒီပုံစံမျိုးဖြစ်အောင် KIO/KIA ဘက်က တမင်ဖန်တီးနေတယ်လို့ စွပ်စွဲထားပါတယ် ။ အကြောင်းကတော့ KIA သြဇာလွှမ်းမိုးမှုရှိတယ်လို့ ယူဆရတဲ့ ဘာသာရေး အဖွဲ့အစည်း အချို့ က စစ်ရှောင်ဒုက္ခသည်တွေ နေ့ရပ်ပြန်လည်နေထိုင်ရေးကို တားဆီးခဲ့တယ်လို့ မြောက်ပိုင်းတိုင်း တိုင်းမှုး ဗိုလ်ချုပ် တေဇကျော်က မေလ ဒုတိယပတ် အတွင်းက မြစ်ကြီးနားမြို့ကို ရောက်ရှိနေတဲ့ သတင်းထောက်တွေကိုပြောခဲ့ပါတယ်။ ခုလို အများ အထင်မှားမှုတွေဖြစ်ပေါ်စေအောင်တားဆီးတဲ့ ဘာသာရေးအဖွဲ့တွေကို နောင်မှာ မတရားအသင်းပုဒ်မ ၁၇-၁ နဲ့ အရေးယူတာတွေလုပ်မယ်လို့လည်း သူက ပြောခဲ့ပါတယ်။ အခုဆိုရင် စစ်ရှောင်ဒုက္ခသည်တိုးပွား ပေါ်ပေါက်နေတဲ့ ပြဿနာတွေ ၊ စစ်ပွဲ ရပ်တန့်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ ၊ အစိုးရ အုပ်ချုပ်ရေးဘက်က တားဆီးဖြိုခွင်းမှုတွေ ဖြစ်ပေါ်နေတာကြောင့် ကချင် စစ်ပွဲရဲ့ ဂယက်ရိုက်မှုက ဒေသခံတိုင်းရင်းသားပြည်သူတွေ ဆီကို နက်နက်ရှိုင်းရှိုင်းရိုက်ခက်မှုတွေရှိလာနေပါတယ် ။ ဒီအခြေနေတွေကို အကောင်းဆုံးအဆုံးသတ်ပြီး မြောက်ပိုင်းဒေသတွင်းက KIO/ KIA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ငြိမ်းချမ်းရေးစကားဝိုင်းဆီ ပြန်ရောက်လဖို့ဟာ လမ်းမမြင် ကမ်းမမြင် အခြေအနေမှာရောက်ရှိနေတာပဲဖြစ်ပါတယ်။ ဒါဆို တကယ်ပဲ မြောက်ပိုင်းဒေသမှာ ငြိမ်းချမ်းရေးဟာ လမ်းဆုံးနေပြီလား ဆိုတာကို တွေးတောရင်း ဒီအခြေအနေက ရုန်းထွက်နိုင်မယ့် အဖြေအချို့ ကို ကြိုးစား ထုတ်ကြည့်ချင်ပါတယ်။

ဒီနေရာမှာ အခုလို KIO/KIA နဲ့ တိုက်ပွဲတွေပြန်လည် ဖြစ်ပေါ်နေတာဟာ KIO က ဝမ်ပေါင် ကချင်နိုင်ငံထူထောင်ရေး တနည်းပြော ရရင် ခွဲထွက်ရေးကို ရည်ရွယ်ချက် ထားရှိနေတဲ့ အကြောင်းရင်းခံကြောင့် ဖြစ်တယ်လို့ တပ်မတော် က ယူဆထားတဲ့ အတွက် ဒီအခြေအနေကကျော်လွှားဖို့ NCA ကတော့ တစ်ခုတည်းသောဆုံချက်လိုဖြစ်နေပါတယ်။ မြောက်ပိုင်းတိုင်း တိုင်းမှုး ဗိုလ်ချုပ်တေဇကျော် ရဲ့ အဆိုအရ KIO က ခွဲထွက်ရေး ရည်ရွယ်တယ်၊ အစိုးရ အာဏာစက် သက်ရောက်မှုမရှိအောင် ဒေသတွင်း အရပ်ဘက် အုပ်ချုပ်ရေး လုပ်ငန်းတွေကို နှောက်ယှက်တားဆီးနေတယ်၊ အခွန်ကောက်ခြင်း နဲ့ လူသစ်စုဆောင်းခြင်းတွေ က ပြည်သူလူထုအပေါ် ဝန်ထုတ်ဝန်ပိုးဖြစ်စေတယ်ဆိုတဲ့ အချက်တွေဟာ တပ်မတော်ဘက်က တိုက်ပွဲတွေဖေါ်ဆောင်ဖို့ အဓိကအကြောင်းပြချက်တွေ ဖြစ်တယ်လို့ ယျေဘူရအားဖြင့် ယူဆရမှာဖြစ်ပါတယ်။ ဒါကြောင့် စစ်ရှိန်လျှော့ချဖို့ဆိုတာ ပထမဆုံး KIO အနေနဲ့ NCA ကို ဦးတည်ချက်ပြန်ထားဖို့လိုပါတယ်။ ဒါဟာ KIO အတွက် ခက်ခဲမယ်ဆိုတာတော့သေချာပါတယ်။ ဒါပေမယ့်တကယ်တန်း NCA ထိုးရင် ဘယ်သူအကျိုးရှိလည်းဆိုတာ အသေအချာပြန်စဉ်းစားရင် တပ်မတော်အကျိုးစီးပွားက နည်းပါးတာကို တွေ့ရပါလိမ့်မယ်။ တကယ်တန်း တိုင်းရင်းသား အားလုံး NCA အောက်မှာ တညီတညွတ်တည်းရှိမှာကို တပ်မတော် က နိုင်ငံရေး အရပိုကြောက်လိမ့်မယ်လို့ယူဆပါတယ် ။ မြေပေါ်နိုင်ငံရေးမှာဖြစ်တည်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အသေအချာကြည့်မယ်ဆိုရင် အခုလိုတိုက်ပွဲတွေဖြစ်နေတာဟာ နိုင်ငံရေးမှာရပ်တည်နေတဲ့ တပ်မတော်ရဲ့အခန်းကဏ္ဍကို ကိုပြီး အားကောင်းစေ သလို ကျန်တိုင်းရင်းသားတွေ လျှောက်လှမ်းမှုတွေ အတွက်လည်း တုန့်ဆိုင်းမှုတွေဖြစ်စေပါတယ် ။ တကယ်တန်း တိုင်းရင်းသားအားလုံး ပါဝင်ရေး all inclusiveness ကို အားတစ်ခုလို့ယုံကြည်ရင် အဲဒီ အားကို ဘယ်အရာကတားဆီးနေတာလည်း၊ အဲဒီနေရာ ကို မသွားနိင်အောင် ဘယ်အရာက တားဆီးနေတာလဲ ဆိုတာကြည့်နိုင်ရင်မြင်နိုင်ပါလိမ့်မယ် ။ ဒီနေရာမှ သီးခံနိုင်ခြင်းဟာ အောင်ပွဲဆီသွားတဲ့ လမ်းမှန် ဖြစ်ပြီး မခံချင်စိတ်ကတော့ လမ်းမှားကို ပို့နေတယ်ဆိုတာကိုတော့ ထောက်ပြချင်ပါတယ်။ မခံချင်စိတ်တွေ ကိုဖြစ်ပေါ်စေတဲ့ စစ်ရေး နိုင်ငံရေး အားပြိုင်မှုတွေကို မလျှော့ချနိုင်ပဲနဲ့တော့ ပြည်နယ် ငြိမ်းချမ်းရေး၊ တိုင်းပြည်ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဖို့ လမ်းမမြင်ဘူးလို့ပြောချင်ပါတယ်။ နောက်တစ်ချက်က ပြည်နယ်အတွင်း နေထိုင်တဲ့ ဒေသခံတိုင်းရင်းသားတွေအကြား ပြည်ထောင်စုစိတ်ဓါတ်တည်ဆောက်ရေးဖြစ်ပါတယ်။ အခုအချိန်မှာ စစ်ကစားမှုတွေကြောင့် လူမျိုးရေးအမြင်တွေကို ဘက်အသီးသီး က မီးပေါင်မြှင့်နေကြပါတယ်။ ဒါဟာ ငြိမ်းချမ်းရေး၊ ဖယ်ဒရယ် ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေး ရဲ့ အခြေခံ ဖေါင်ဒေးရှင်း ကို ဖျက်ဆီးပစ်နေတဲ့သဘောပဲဖြစ်ပါတယ်။ ဒါကြောင့် စစ်ရပ်တန့်ရေးဟာ အတတ်နိုင်ဆုံး နဲ့ အမြန်ဆုံးဆောင်ရွက်ရမယ့် အရေးကိစ္စဖြစ်ပါတယ် ။ ဘေးထွက်ဆိုးကျိုးက အလွန်ကြီးမားပါတယ် ။ ဒါကြောင့် KIO လို ပြည်နယ်အနာဂတ်တွက် ရည်မှန်းချက်ကြီးကြီးမားမားရှိတဲ့အဖွဲ့ အစည်းအနေနဲ့ ကချင်ပြည်နယ်တစ်ခုလုံးကို ပြည်ထောင်စုသားတွေအားလုံးစုပေါင်းနေထိုင်ရာ ပြည်နယ်တစ်ခုအဖြစ်သဘောထားပြီး ဒေသတွင်းက တိုင်းရင်းသား အားလုံးနဲ့ သဟဇာတဖြစ်တဲ့နိုင်ငံရေး ရည်မှန်းချက်ထားဖို့လိုပါတယ်။ အဲဒီရည်မှန်းချက်ကိုလည်းထင်ရှားအောင် ပြသဖို့လိုပါတယ်။ ဒါကြောင့် လူမျိုးရေး ဘာသာရေး အခြေခံ တဲ့ လှုံ့ဆော် စည်းရုံးှမှုတွေ ရှောင်ရှားဖို့လိုပါတယ်။ နောက်တစ်ချက်က KIO ရဲ့ လုပ်ငန်း လမ်းစဉ်မှာ နိုင်ငံရေး အရတည်ဆောက်ရေး ကို ပိုပြီးရည်သန်ဖို့လိုပါတယ်။ ဒါကြောင့် နိုင်ငံရေးနယ်ပယ်မှာ ဒီထက်ပိုပြီး မိမိ ရည်မှန်းချက်ကို ရောက်ရှိနိုင်တဲ့လမ်းကြောင်းတွေ ရှာဖွေလုပ်ဆောင်သင့်ပါတယ်။ ဒီနည်းလမ်းဟာလည်း ရွေးကောက်ခံ အစိုးရ နဲ့ ပိုပြီးနီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နိုင်မယ် လမ်းလည်းဖြစ်ပါတယ် ။ KIO ဟာ NCA စာချုပ် စတင်ရေးဆွဲ စဉ် ကတည်းက ပါဝင်ခဲ့တာဖြစ်လို့ ခွဲထွက်ရေးဟာ KIO ရဲ့ Hidden Agenda မဟုတ်လောက်ဖူးလို့ယုံကြည်ပါတယ်။ ဒါကြောင့် တပ်မတော်နဲ့ အစိုးရကို မယုံကြည်စေဦးတော့ အခြားသော လက်မှတ်ထိုးပြီး နိုင်ငံရေးဆွေးနွေးနေတဲ့ တိုင်းရင်းသားတွေ ဘက်က အားဖြည့်ပါဝင်ဖို့စဉ်းစားပြီး တော်လှန်းရေးပုံစံကနေ တည်ဆောက်ရေး အမြင်နဲ့ ချဉ်းကပ်မှုအသစ်တစ်ခုကို ပြောင်းလဲ စတင်သင့်ပြီလို့မြင်ပါတယ်။ တကယ်တန်း KIO အနေနဲ့ ရယူရမယ့် အားကတော့ အစိုးရနဲ့နိုင်ငံရေးဆွေးနွေးနေကြတဲ့ အခြား တိုင်းရင်းသားတွေ ပဲဖြစ်ပါတယ်။ သို့သော်လည်း အဲဒီနေရာကို ကိုယ်က စပြီး ဘယ်လိုချဉ်းကပ်မလဲဆိုတာက အရေးကြီးပါတယ်။ လက်ရှိအစိုးရအနေနဲ့ ငြိမ်းချမ်းရေးမှာ ဦးဆောင်နိုင်စွမ်းမရှိပဲ အခြေအနေပေးသလောက်သာ လှုပ်နိုင်တာ အားလုံးအမြင်ပဲဖြစ်ပါတယ်။ ဒါကြောင့် အခုလို တိုက်ပွဲတွေရှိနေလို့ အခြေခံ ဥပဒေ အရ ဒေသတွင်း လုံခြုံရေးအခြေအနေတွေကို တပ်မတော်ကသာ စီမံခန့်ခွဲခွင့်ရထားပြီး အစိုးရအနေနဲ့ လက်လှမ်းမမှီဖြစ်နေတဲ့ အနေအထားမှာ အစိုးရ အကူအညီ မရနိုင်တာကိုလည်း သဘောပေါက်သင့်ပါတယ်။ အစိုးရသစ် အပေါ်မျှော်လင့်ချက်ကြီးကြီးထားပြီးထင်သလိုဖြစ်မလာတာတွေဟာ ငြိမ်းချမ်းရေးနယ်ပယ်တစ်ခုတည်းမှာ ဖြစ်နေတာ မဟုတ်ဖူးဆိုတာလည်း သတိချပ်စေချင်ပါတယ်။ ဒါကြောင့် အားလုံးပေါင်းစည်းလုပ်ဆောင်နိုင်ရေးအတွက် နည်းလမ်းရှာသင့်ပါတယ်။

နောက်ဆုံး နိဂုံးချုပ်အနေနဲ့ပြောချင်တာကတော့ KIO အပါအဝင် ကချင်အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူတွေဟာ မိမိဒေသတွင်းအပြောင်းအလဲ တစ်ခုထဲကိုပဲ အာရုံမစိုက်ပဲ တစ်ဘက်မှာလည်း တိုင်းပြည်တစ်ခုလုံးရဲ့ အပြောင်းအလဲကိုပါ မျှတွေးပြီး လုပ်ဆောင်ကြဖို့တိုက်တွန်းချင်ပါတယ်။ ဒါမှပြည်နယ်တွင်း အပြောင်းအလဲ အတွက်ဖေါ်ဆောင်လှုပ်ရှားမှုဟာ တိုင်းပြည်တစ်ခုလုံး အတွက်ဖေါ်ဆောင်နေတဲ့ အပြောင်းအလဲ ဖေါ်ဆောင် လှုပ်ရှားမှုတွေ နဲ့ အပြန်အလှန် အကျိုးပြုနိုင်မှာဖြစ်ပါတယ်။ ဒီနေနေရာ မှာ အကြံပေးချင်တာတစ်ခုက ကချင်တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ ပြည်မ က နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေရဲ့ အား ကို ရယူပြီး နိုင်ငံရေးနည်း နဲ့ လှုပ်ရှားဆောင်ရွက်ကြဖို့ဖြစ်ပါတယ်။ ပြည်မ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေ ကို ကြည့်မယ်ဆိုရင် လက်နက်နဲ့ အာဏာကို စိုးမိုးထားနိုင်မှုဟာ အဆုံးသတ်မှာ ကျဆုံးသွားရပြီး အများပြည်သူရဲ့ ဆန္ဒသည်သာ နောက်ဆုံးမှာ အောင်ပွဲခံရတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် ပြည်သူ့ ဘဝ နဲ့ အတွေးအခေါ်တွေကို မြှင့်တင်ပေးပြီး ပြည်သူနဲ့ အတူ ပြည်သူ့ဆန္ဒ နဲရပ်တည်အောင်မြင်ခြင်းသည်သာ ဂုဏ်ကျက်သရည်အရှိဆုံး၊ သမိုင်းအလှဆုံး နိဂုံးအဖြေပဲဖြစ်ပါတယ်။ လက်နက်အင်အင်အားနဲ့ အနိုင်ရစိုးမိုးထားနိုင်ခြင်းဟာ အခြေအနေတစ်ရပ်သာဖြစ်ပြီး အောင်မြင်မှုလို့ခေါ်ဆိုလို့ မရနိုင်ဘူးဆိုတာ ဒီကနေ့ မြေပေါ်နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေမှာ ကြည့်မြင်သင်ခန်းစာယူနိုင်ကြမှာဖြစ်ပါတယ်။ ဒါကြောင့် ကချင်ပြည်နယ်တွင်းမှာ မှီတင်းနေထိုင်ကြတဲ့ KIO အပါအဝင် အခြားအဖွဲ့အစည်းတွေဖြစ်ကြတဲ့ ပြည်သူ့စစ်၊ အထူးအုပ်ချုပ်ရေးဒေသ က အဖွဲ့အစည်းတွေအားလုံး ကိုယ့်ဒေသ ပြောင်းလဲရေး ကိုယ့် လုပ်ပိုင်ခွင့် အချုပ်အခြာ တည်မြဲရေးတစ်ခုတည်းကို မကြည့်ပဲ ဒေသတွင်းက အရောင်အသွေးစုံလှတဲ့ တိုင်းရင်းသားမျိုးနွယ်စုအားလုံး သဟဇာတရှိရှိ အတူတကွ ငြိမ်းချမ်းစွာ နေထိုင်နိုင်ကြမယ့်၊ ဖယ်ဒရယ်ပြည်ထောင်စုစနစ်ကို အာမခံနိုင်မယ့် နိုင်ငံရေး ပန်းတိုင်တစ်ခု ကို ရှေ့ရှုရည်မှန်းကြည့်ကြမယ်ဆိုရင် ကချင် ပြည်နယ်တွင်းတင် မက တိုင်းပြည်ရဲ့ နေရာအနှံ့အပြားမှာဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေ ရန်ဆောင်မှုတွေဟာလည်း အမှန်တကယ် ချုပ်ငြိမ်းပြီး စစ်မီးလောင်စာလည်း အမှန်တကယ် ခြောက်ခမ်းသွားမှာဖြစ်ကြောင်း မီးမောင်းထိုးပြလိုက်ရပါတယ်။ ကချင်ပြည်နယ်တွင်း စစ်မီးအမြန်ဆုံးရပ်တန်နိုင်ပြီး ငြိမ်းချမ်းရေးကိုပြန်လည်ရှေ့ရှုနိုင်ကြပါစေ…။

LEAVE A REPLY

Please enter your comment!
Please enter your name here