နောင်းချိန်းကျေးရွာက စစ်ရှောင်စခန်းတွေမှာ ချက်ပြုတ်ရေးအတွက် ထင်းရှားပါးလာတာကြောင့် ဖွဲကြမ်း၊လွှစာမှုန့်တွေနဲ့ အသုံးပြုလို့ရတဲ့ မီးဖိုတွေလိုအပ်

163

 

အောက်တိုဘာ ၃၁

ဝိုင်းမော်မြို့နယ်၊နောင်းချိန်းကျေးရွာမှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာ ချက်ပြုတ်စားသောက်တဲ့အချိန် ထင်းအကုန်များပြီး ရှားပါးလာတဲ့အတွက် ဖွဲကြမ်း၊လွှစာမှုန့်တွေနဲ့ အသုံးပြုလို့ရတဲ့ မီးဖိုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

စစ်ဘေးစတင်တိမ်းရှောင်လာကတည်းကနေ အခုချိန်ထိ ချက်ပြုတ်စားသောက် ဖို့အတွက် လိုအပ်တဲ့ထင်းတွေကို ရွာပတ်ဝန်းကျင်က ရှာဖွေအသုံးပြုနေကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ထင်းမီးကိုပဲ အဓိကထား အသုံးပြုတာ အချိန်ကြာမြင့်လာတာနဲ့အလျောက် ထင်းတွေ ရှားပါးလာပြီး ခြံစည်းရိုးတွေသာမက နှစ်ရှည်ပင်လို ရာဘာပင်တွေကိုပါ ထင်းအဖြစ် အသုံးပြုလာကြတဲ့အတွက် အကျပ်အတည်းကြုံနေရတယ်လို့ နောင်းချိန်းစစ်ရှောင်စခန်း တာဝန်ခံက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ရိုးရိုးမီးဖိုမှာပဲ ချက်စားတော့ ထင်းအရမ်းကုန်တယ်။ စစ်ရှောင်တွေရော ရွာသားတွေရော ထင်းပြဿနာ ရှိလာတယ်။ ခြံစည်းရိုးတွေ ယူသုံးလာတာနဲ့ ရာဘာတွေခုတ်သုံးတာမျိုး ဖြစ်လာတယ်။ ဖြစ်လည်းစဖြစ်နေပြီ။တောင်ယာဆိုတာတောင် မရှိတော့ဘူး ကျွန်တော်တို့ဆီမှာက။ အခုက လူများပြီး ထင်းက မရှိဘူးဖြစ်နေတာ။“လို့ ဆိုပါတယ်။

အဲဒါကြောင့် ထင်းအသုံးပြုတဲ့ မီးဖိုအစား သစ်စက်၊စပါးစက်တွေက ထွက်တဲ့ လွှစာနဲ့ စပါးခွံတွေ သုံးလို့ရတဲ့မီးဖိုတွေအပြင် ထင်းအနည်းငယ်နဲ့သုံးလို့ရတဲ့ ကွန်ကရစ်မီးဖိုတချို့လည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

ထင်းအသုံးပြုတာ လျှော့ချဖို့အတွက် အိမ်ထောင်စု ၁,၄၀၀ ကျော်အတွက် မီးဖို ၁,၄၀၀ အကူအညီ လိုအပ်နေတာလို့ ပြောပါတယ်။

စစ်ရှောင်စခန်းတွေမှာ မီးဖို လွှစာမှုန့်နဲ့ တချို့က စပါးခွံနဲ့ အဲဒီလိုမျိုး မီးဖိုတွေရရင်က ထင်းကုန်ဖို့ မလိုတော့ဘူး။အခုလောလောဆယ် ကြံဖန်နေတဲ့နည်းလမ်းက လွှစာမှုန့်နဲ့ စပါးခွံတွေကို ပြန်သုံးရင်ကောင်းမှာပေါ့နော်။ လို့ တာဝန်ခံက ဆိုပါတယ်။

လက်ရှိ နောင်းချိန်းကျေးရွာမှာ စစ်ရှောင်စခန်း ၁၈ ခုရှိပြီးတော့ လူဦးရေ ထောင်နဲ့ချီ တိမ်းရှောင် နေထိုင်နေတာဖြစ်ပါတယ်။ လူဦးရေများပြားတဲ့အတွက် အခုလို ချက်ပြုတ်စားသောက်ဖို့ ထင်းပြဿနာကြုံနေရတာသာမက အမှိုက်ပြဿနာတွေလည်း ရင်ဆိုင်ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

ဒီဒေသခံတွေဟာ ပြီးခဲ့တဲ့ မတ်လပိုင်းအတွင်း ဝိုင်းမော်မြို့နယ်မှာ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မ‌တော် KIA တို့ရဲ့ တိုက်ပွဲဖြစ်ပွားမှုကြောင့် တိမ်းရှောင်လာရတာဖြစ်ပြီး အခုချိန်ထိ တိမ်းရှောင်နေရဆဲဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here