ဖားကန့်မှာ မြေစာပုံပြိုကျပြီး မြေစာတင်ကားနဲ့ ရေမဆေးရှာဖွေသူအချို့ ပါသွားဟုဆို

206

 

နိုဝင်ဘာ၊၁၁

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာမှာ မနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၁၂ နာရီလောက်က မြေစာပြိုကျပြီး မြေစာတင်ကားနဲ့ ရေမဆေးကျောက် ရှာဖွေသူတွေလည်း ပါသွားတယ်လို့ သိရပါတယ်။

မှော်စီစာကျေးရွာက တင်အောင်ကြိုင်လုပ်ကွက်ဟောင်းမှာ မြေစာပြိုကျတဲ့အထဲ မြေစာတင်ကားနဲ့ ရေမဆေးသမားအချို့ ပါသွားတယ်လို့ ကြားသိရပေမဲ့ ပါသွားတဲ့ လူဦးရေအတိအကျ မသိရသေးဘူးလို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

လူက အနည်းငယ်တော့ပါမယ်ထင်တယ်။ ညသန်းခေါင်ဆိုတော့ အတိအကျမသိရသေးဘူး။လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

တင်အောင်ကြိုင် ကျောက်စိမ်းလုပ်ကွက်ဟောင်းမှာ မြေစာပြိုတဲ့အချိန် မြေစာတင်ကား နှစ်စီးပါသွားတယ်လို့ သိရပြီး လူဘယ်နှစ်ဦးပါသွားလဲဆိုတာကိုတော့ မသိရသေးဘူးလို့လည်း ဖားကန့်ဒေသခံ နောက်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲတဲ့ ဇွန်လ ၁၃ ရက်နေ့ကလည်း မှော်စီစာကျေးရွာ၊ သာယာကုန်းရပ်ကွက်က ကျောက်စိမ်းလုပ်ကွက်တစ်ခုမှာ မြေစာပြိုကျတဲ့အတွက် ရေမဆေးသမား တစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဖားကန့်ဒေသက ကျောက်စိမ်းမှော်တွေမှာ မကြာခဏ မြေစာပြိုမှုတွေ ဖြစ်တဲ့အတွက် ကျောက်ရှာကြတဲ့ ရေမဆေးသမားတွေ လတိုင်းနီးပါး လူသေဆုံးမှုတွေ ဖြစ်ပေါ်နေတာပါ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here