ဇန်နဝါရီ၊၁၀
ကုန်ပစ္စည်းအဝင်ခက်တာကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဖတ်ကာဒေသအတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ မြင့်တက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
ကုန်ကားတွေ လွတ်လွတ်လပ်လပ် သွားလာလို့ မရတာအပြင် တရုတ်နယ်စပ်ဘက်ကလည်း ကုန်ပစ္စည်းဝင်ဖို့ခက်တာတွေကြောင့် ဒေသတွင်း ကုန်ဈေးတွေ မြင့်တက်နေဆဲဖြစ်တယ်လို့ နမ့်ဖတ်ကာ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“လျော့တယ်လို့တော့မရှိဘူး အသားဈေးတွေဆို ပိုပြီးတက်လာတယ်။ တရုတ်ဘက်က ဝင်တာတွေလည်း နည်းနည်းခက်သွားတယ်။ မြေပြန့်ဘက်ကလည်း ကားတွေ လွတ်လွတ် လပ်လပ် အရင်ကလို သွားလာလို့မရတော့ လမ်းပန်းဆက်သွယ်ရေးကြောင့်လို့လည်း မြင်မိတာပေါ့နော်။“ လို့ဆိုပါတယ်။
အရင်ကလို ကုန်တင်ကားကြီးတွေနဲ့ ကုန်ပစ္စည်းတွေ သယ်ယူဖို့ခက်ခဲတဲ့အတွက် ကုန်ကား အသေးတွေနဲ့သာ တင်ဆောင်ယူနေရပြီး သယ်ယူခစရိတ်တွေလည်း နဂိုကထက် ပိုပြီး ကြီးမြင့်တယ်လို့ ဆိုပါတယ်။
မန္တလေးနဲ့ လားရှိုးဘက်ကဝင်တဲ့ ကုန်တွေဆိုရင် စစ်ကောင်စီဂိတ်တွေမှာ သယ်ယူခွင့် တင်းကျပ်ခံရတာတွေရှိပြီး ကုန်စည်စီးဆင်းရေးမှာ နှောင့်နှေးမှုတွေလည်း ကြုံရလေ့ရှိတယ်လို့ သိရပါတယ်။
လက်ရှိအချိန် နမ့်ဖတ်ကာမှာတော့ အရင်က ကျပ်နှစ်သောင်းကျော်ရှိတဲ့ ဝက်သားတစ်ပိဿာကို ကျပ်လေးသောင်းကျော်အထိ မြင့်တက်နေပြီး ဆန်တစ်အိတ်လည်း အနည်းဆုံး ကျပ်တစ်သိန်းခွဲကနေ ကျပ်တစ်သိန်းရှစ်သောင်းကြား ဈေးရှိနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် စက်သုံးဆီ ဓာတ်ဆီ တစ်လီတာကိုလည်း ကျပ် ခုနှစ်ထောင်ကျော် ရှစ်ထောင်နီးပါး ဈေးရှိနေသေးပြီး ကျဆင်းလာတာမရှိသေးဘူးလို့ ဆိုပါတယ်။
နမ့်ဖတ်ကာဒေသဟာ ကုန်ပစ္စည်းနဲ့ စက်သုံးဆီတွေကို မူဆယ်၊နမ့်ခမ်း ဘက်ကနေတဆင့် တရုတ်ဘက်က တင်သွင်းယူကြသလို မန္တလေးဘက်ကလည်း တင်သွင်းယူကြတယ်လို့ သိရပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က နမ့်ဖတ်ကာဒေသကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့က သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့တာပါ။
တိုက်ပွဲဖြစ်ပွားတဲ့ကာလအတွင်း စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးနဲ့ လေယာဉ်ဗုံးတွေကြောင့် နမ့်ဖတ်ကာဒေသက နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့သလို ကျောင်းဆောင်တွေလည်း ထိခိုက်ပျက်စီးမှုရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ကုန်စည်စီးဆင်းမှု နှေးကွေးခဲ့သလို ဈေးနှုန်းကြီးမြင့်မှုတွေနဲ့ ကြုံနေရတာ ဖြစ်ပါတယ်။







