ဖားကန့်က နွံကန်ပေါက်ကျမှုမှာ အလောင်း ၁၂ လောင်းတွေ့ရှိထား၊ ပျောက်ဆုံးနေသူ ၅၀ ကျော်ထက်မနည်းရှိနိုင်ကြောင်း ခန့်မှန်း

120

 

ဇန်နဝါရီ၊၁၃

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု စပေါ့ကျေးရွာက ဒီမနက် နွံကန်ပေါက်ကျမှုမှာ လတ်တလော အလောင်း ၁၂ လောင်းတွေ့ရှိထားပြီး ပျောက်ဆုံးနေသူ ၅၀ ကျော်ထက်မနည်း ရှိနိုင်တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေနဲ့ ဒေသခံတွေကဆီက ကြားသိရပါတယ်။

စပေါ့ကျေးရွာက အဓိပတိနွံကန်ပေါက်ကျချိန် တွေ့တဲ့သူတွေက ပြေးဖို့ အော်ပြောပေမဲ့ အများပိုင်းက မပြေးမိတဲ့အတွက် နွံကန်ပေါက်ကျတဲ့အထဲ ပါသွားကြတာလို့ လူမှုကူညီရေး အသင်းအဖွဲ့တစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

နွံကန်ပြိုတဲ့အခါ မြင်တဲ့သူက အော်ပြီးတော့ ပြေးတာပေါ့၊ စုဆောင်းရေးဆွဲတာထင်ပြီး ယောင်ယောင်မှားမှားဖြစ်ပြီးမှ အိမ်ထဲကနေ မပြေးဘဲနဲ့ မိသားစုလိုက်သေတာပေါ့။ ရှာဖွေကယ်ဆယ်ရေးတွေကတော့ မနားဘူး။”လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။

လူမှုကယ်ဆယ်ရေးအဖွဲ့တွေ ရှာဖွေမှုတွေပြုလုပ်နေပေမဲ့ နွံတွေဖြစ်တဲ့အတွက် ကယ်ဆယ်ရေးအပိုင်းမှာ အခက်အခဲတွေရှိပြီး လိုသလောက်ခရီးမရောက်ဘူးလို့လည်း ဆိုပါတယ်။

နွံကန်ပေါက်ကျမှုမှာ အိမ်ခြေ ၅၀ ခန့် ရွှံနွံဖုံးအုပ်သွားပြီး လက်ရှိတွေ့ရှိထားတဲ့ သေဆုံးသူ ၁၂ အလောင်းထဲမှာ ၁၀ နှစ်အောက် ကလေးငယ် ၄ ဦးပါတယ်လို့လည်း သိရပါတယ် ။

ဖြစ်တာကလည်း ညဘက်ကြီး၊ ပေါက်ကျတာလည်း ရုတ်တရက်ဆိုတော့ ပါသွားကြတာ။ အတိအကျတော့ ပြောလို့မရဘူး။ ခန့်မှန်းတာတော့ အနည်းဆုံး ၅၀ အထက်လို့ မှန်းကြတာ။ အိမ်ခြေကိုက ၅၀ အထက်ရှိနေတာ။ လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ကလည်း ဖားကန့်မြို့နယ် အေးမြသာယာအုပ်စု မနမှော်က ကျောက်စိမ်းတူးတဲ့ လုပ်ကွက်ဟောင်းမှာ မြေပြိုတဲ့အတွက် ရေမဆေးရှာဖွေသူ ၃၀ ကျော် ရေနစ်သေဆုံးခဲ့ရပါတယ်။

၂၀၂၀ ခုနှစ် ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့တဲ့ ဝှေခါကျေးရွာက ကျောက်စိမ်းလုပ်ကွက် ကမ်းပါးပြိုကျမှုမှာလည်း ရေမဆေးကျောက်ရှာဖွေသူ ၁၇၀ ကျော် နွံနစ်သေဆုံးခဲ့ပြီး အသေအပျောက်အများဆုံး ဖြစ်ခဲ့ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here