နေ့တိုင်းဖမ်းသည့် ယာဉ်ထိန်းနှင့် ဖမ်းတိုင်းမိသည့် ပြည်သူတို့၏ကြားက လွဲချော်မှု

1197

အစိုးရသစ်လက်ထက်တွင် ကချင်ပြည်နယ်အတွင်းရှိ လမ်းများ ကောင်းမွန်လာကြောင်း ချီးကျူးထောပနာပြုသံများ နေရာအတော်များများတွင် ကြားလာရပါသည်။ အထူးသဖြင့် မြို့တွင်းလမ်းများကို နှစ်နှစ်တာအတွင်း ငွေကျပ် ဘီလီယံပေါင်းထောင်နှင့်ချီသုံးစွဲကာ တစ်ပြေးညီပြင်ဆင်ခဲ့သည်ကိုလည်း တွေ့ရပါသည်။

မြစ်ကြီးနားမြို့တွင်းလမ်းများ ကောင်းမွန်လာသည်နှင့်အမျှ ယာဉ်ကိုမဆင်မခြင် မောင်းနှင်သူများလည်း တစ်နေ့တခြားများပြားလာနေသည်ကို တွေ့လာရသည်။ အစိုးရအနေဖြင့် လမ်းပေါ်တက် ရန်ပုံငွေရှာခိုင်း သည့်အလုပ်အပြင် မြို့သူမြို့သားများ၏ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် အသိပညာပေးမှုများဆောင်ရွက်ရန်လည်း လိုအပ်လာသည်ဟု မြစ်ကြီးနား သတင်းဂျာနယ်က မြင်မိပါသည်။

ယာဉ်စည်းကမ်းလမ်းစည်းကမ်းသိမှု နည်းပါးခြင်းကြောင့် လမ်းများပေါ်တွင် အသက်စတေးလိုက်ရသည့် လူငယ်များရှိလာ၍ အပေါ်ယံပညာပေးမှုမျိုးထက် ထိရောက်သော ပညာပေးမှုများဆောင်ရွက်ရန်လိုအပ်မည်ဟု ယုံကြည်ပါသည်။

အစိုးရကျောင်းများတွင် ပညာပေးမှုများ လိုက်လံဆောင်ရွက်သည်ကို ကြားသိသော်လည်း ပြည်သူများ ယာဉ်စည်းကမ်းလိုက်နာမှု အားနည်းနေသေးသည်ကို ကြည့်ခြင်းအားဖြင့် ထိုပညာပေးမှုများသည် ထိရောက်သော အသိပညာပေးမှုများ မဟုတ်ကြောင်း ပေါ်လွင်နေသည်။

ပြီးခဲ့သည့်အပတ်က ဆယ်တန်းတွင် လေးဘာသာဂုဏ်ထူးဖြင့်အောင်မြင်ထားပြီး အမှတ်ပေါင်း ၄၈၀ ကျော်ရသည့် ဆေးတက္ကသိုလ်ကျောင်းသားလောင်းတစ်ဦး စည်ပင်ဝန်ကြီးအိမ်ရှေ့လမ်းဆုံတွင် ယာဉ်မတော်တဆထိခိုက်သေဆုံးခဲ့ရသည်က နှမြောစရာကောင်းလွန်းလှသည်။

လမ်းဝဲ/ယာခွဲသည့် သတ်မှတ်မျဉ်းမရှိခြင်းကြောင့် သူ့လမ်း၊ ကိုယ့်လမ်းမခွဲခြားဘဲကွေ့ရာမှ ရင်ဆိုင်လိုက်ရသည့် နစ်နာ၊ ဆုံးရှုံးမှုကြီးဖြစ်သည်။ အဓိကပြဿနာမှာ ယာဉ်စည်းကမ်းမသိခြင်းနှင့် ဆိုင်ကယ်စီးဦးထုပ် မဆောင်းကြခြင်းဖြစ်သည်။

ယာဉ်ထိန်းရဲများလည်း နေ့စဉ် Surprise Check လုပ်တာကို တွေ့ရပြီး လုပ်သလောက်လည်း ဆိုင်ကယ်ဦးထုပ်မဆောင်းသူများကို ရာနဲ့ချီ၍ နေ့တိုင်းဖမ်းမိနေသည်။အစိုးရအနေဖြင့် ထိုနှစ်ခုကြားမှ လွဲချော်မှုကို မြင်အောင်ကြည့်ရှုရန်လိုလာပြီဟုမြင်မိသည်။ တစ်သောင်း၊ နှစ်သောင်းဒဏ်ငွေ ရိုက် နေသည့်တိုင် မည့်သည့်အတွက် မလိုက်နာကြခြင်းအကြောင်းအရင်းကို စောကြောပြုပြင်သင့်သည်။ နေ့တိုင်းဖမ်းသည့်ကြားက နေ့တိုင်းမိနေသည့် ဆိုင်ကယ်စီးဦးထုပ်မဆောင်းသူများအား ဆိုင်ကယ်စီးဦး ထုပ်မဆောင်းခြင်း၏ အန္တရာယ်နှင့် ကောင်းမွန်သော ဆိုင်ကယ်စီးဦးထုပ်ဆောင်းခြင်း၏ ဘေးကင်းမှုကို ပြသရန်မှာ အစိုးရမင်းများ၏တာဝန်ဖြစ်သည်။

ဒဏ်ငွေရိုက်ခြင်းဖြင့် မမှတ်သည့် ပြည်သူများကို မည်သည့်အခြားနည်းဖြင့် ဆောင်ရွက်သင့်သည်ကို အဖြေရှာရန်လိုလာပါပြီ။

ထို့အပြင် နောက်ထပ်ဖြစ်ပေါ်လာနိုင်သည့် ပြဿနာမှာ လမ်းလယ်ကျွန်းများကို သတ်မှတ်နေရာမှမကွေ့ဘဲ လမ်းပြောင်းပြန်ကွေ့နေကြခြင်းဖြစ်သည်။ ကညနရုံးလမ်းမှ တက်လာသူများသည် ဆေးရုံကြီးဘက်သို့ သွားလိုလျှင် ပြည်နယ်အရန်ရှေ့ရှိ လမ်းလယ်ကျွန်းကွေ့ပေါက် အထိ မသွားတော့ဘဲ ဘယ်ကွေ့၍ မူးယစ်ဆေးရုံရှေ့မှ လမ်းပြောင်းပြန်မောင်းနှင်လိုက်ကြသည်။ အန္တရာယ်ကင်းအောင် ဆောင်ရွက်ထားသည့်လမ်းက အန္တရာယ်ကို ဖိတ်ခေါ်နေသော လမ်းဖြစ်နေသည်ကို သတိချပ်စေလိုရင်းဖြစ်ပါသည်။

မြစ်ကြီးနားသတင်းဂျာနယ်

LEAVE A REPLY

Please enter your comment!
Please enter your name here