ပြည်တွင်းစစ် ချုပ်ငြိမ်းနိုင်တဲ့ နိုင်ငံရေးဆွေးနွေးမှုမျိုးဆိုရင် KIO/KIA အနေနဲ့ အသင့်ရှိကြောင်း တရုတ်နဲ့တွေ့ဆုံစဉ် ပြောကြားခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြော

27

 

မတ်၊၁၀

မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်တွေကို ချုပ်ငြိမ်းသွားနိုင်ဖို့ အတိုင်းအတာရှိတဲ့ နိုင်ငံရေးဆွေးနွေးမယ်ဆိုရင်တော့ ဆွေးနွေးဖို့ အဆင်သင့်ရှိကြောင်း တရုတ်အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်က ပြောဆိုတာရှိတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်လောက်က ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ၊ ကချင်လွတ်လပ်ရေးကောင်စီ(KIC)ဒုဥက္ကဌ-၁ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်ပါဝင်တဲ့အဖွဲ့နဲ့ တရုတ်အစိုးရတာဝန်ရှိသူတွေ တွေ့ဆုံချိန်က တရုတ်အစိုးရဘက်က စစ်ကော်မရှင်နဲ့ နိုင်ငံရေးဆွေးနွေးဖို့ အကြံပေးကြောင်း ဆိုပါတယ်။

“KIO အနေနဲ့ စစ်ကော်မရှင်နဲ့ နိုင်ငံရေးဆွေးနွေးရင် ကောင်းတယ်ဆိုပြီး အကြံပေးတယ်(တရုတ်ဘက်က) ကျွန်တော်တို့အနေနဲ့ တကယ်ကို မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်တွေကို ချုပ်ငြိမ်းသွားနိုင်တဲ့ အတိုင်းအတာရှိတဲ့ နိုင်ငံရေးဆွေးနွေးမယ်ဆိုရင်တော့ ကျွန်တော်တို့ ဆွေးနွေးဖို့ အဆင်သင့်ပဲ။ လူတွေပါ လျာထားတာ ရှိတယ်ဆိုတာ ပြောတာရှိပါတယ်။လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

အထက်ပါ တွေ့ဆုံမှုအတွင်း အထက်ပါ နိုင်ငံရေးဆွေးနွေးဖို့ အကြံပေးပြောဆိုမှုအပြင် ဖေဖော်ဝါရီ ၂၀ ရက်က မြစ်ကြီးနားလေဆိပ်မှာ အများပြည်သူစီးနင်းတဲ့ လေယာဉ်ပစ်တာဟာ KIO/KIA ဖြစ်ကြောင်း စစ်ကော်မရှင်က စွပ်စွဲထားချက်ကို မဟုတ်မှန်ကြောင်း ပြောဆိုတာရှိတယ်လို့ ဆိုပါတယ်။

မြစ်ကြီးနားလေဆိပ်မှာ ပြည်သူစီးနင်းတဲ့ လေယာဉ်ပစ်တာကို KIO/KIAဟုတ်တယ်ဆိုပြီး စစ်ကော်မရှင်တွေက စွပ်စွဲထားတာတယ်။ ကျွန်တော်တို့ဘက်က မဟုတ်ကြောင်းပြောတယ်။ ပေါ်လစီလည်းမရှိဘူး။ ညွှန်ကြားတာလည်း မရှိဘူး။ ကျွန်တော်တို့ အဲဒီလိုမျိုး ဘယ်တော့မှ မလုပ်ဘူး။ ကျွန်တော်တို့ မဟုတ်ဘူးဆိုပြီး ပြောတယ်။လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

ဒါ့အပြင် မတ်လအတွင်း နယ်စပ်တစ်လျှောက် တိုက်ပွဲမဖော်ဆောင်ဖို့ တရုတ်အစိုးရဘက်က ပြောဆိုတာ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

အခုတွေ့ဆုံမှုဟာ နှစ်သစ်ဖြစ်တာကြောင့် တွေ့ဆုံတာဖြစ်ကြောင်း တရုတ်အစိုးကရ ပြောဆိုတာရှိပြီး တစ်ခြား ထူးခြားတဲ့ ဖိအားပေးတာမျိုးတော့ မရှိဘူးလို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

နေပြည်တော်အစိုးရကို NUGနဲ့ စကားပြောချင်တဲ့ ဆန္ဒရှိသလားလို့ မေးမြန်းထားတဲ့အပြင် တစ်ဖွဲ့ချင်းနဲ့ စကားပြောတဲ့ ပုံစံမျိုးကို KIOက လက်ခံမှာ မဟုတ်ဘူးဆိုတာကို နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံတွေ အားလုံးကို ပြောပြထားပြီးသား ဖြစ်တယ်လို့ ကချင်လွတ်လပ်မြောက်ရေးကောင်စီ (KIC)ဒုဥက္ကဌ-၁ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်က အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်မှာ ကျင်းပတဲ့ ၆၅နှစ်ပြည့် ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ်နေ့ အွန်လိုင်း မိန့်ခွန်းထဲမှာလည်း ထည့်သွင်းပြောကြားထားပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here