မြန်မာနိုင်ငံမှာ အဓမ္မနေရပ်စွန့်ခွာရသူ ၅ ဒဿမ ၃ သန်းရှိနေတယ်လို့ UNHCR ပြော

2

 

မေ၊ ၁၄

မြန်မာနိုင်ငံမှာ အဓမ္မနေရပ်စွန့်ခွာရသူ အရေအတွက်ဟာ ၅ ဒဿမ ၃ သန်းရှိနေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

UNHCR က မနေ့ကစပြီး ထုတ်လွှင့်လိုက်တဲ့ နိုင်ငံအလိုက်စာရင်းပြပေးတဲ့ Online Dashboard အချက်အလက်တွေအရ ဒီစာရင်းဟာ ၂၀၂၆ မတ်လကုန်ထိ စာရင်းတွေဖြစ်တယ်လို့ သိရပါတယ်။

အဲဒီထဲက ၃ ဒဿမ ၇ သန်းဟာ ပြည်တွင်းနေရပ်စွန့်ခွာသူတွေဖြစ်ပြီး ကျန်တဲ့ ၁ ဒဿမ ၆ သန်းကတော့ တခြားနိုင်ငံတွေမှာ ထွက်ပြေးခိုလှုံနေသူတွေနဲ့ နိုင်ငံရေးခိုလှုံခွင့်တောင်းထားသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာ ၁ ဒဿမ ၈၅ သန်းဟာလည်း နိုင်ငံမဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုတွေဟာလည်း ရန်ပုံငွေ မလုံလောက်တာနဲ့ အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းနည်းတာကြောင့် ဖိအားတွေနဲ့ ရင်ဆိုင်နေရတယ်လို့ UNHCR က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပဋိပက္ခတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အမြစ်တွယ်နေတဲ့ ခွဲခြားဆက်ဆံမှုတွေကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေမှာ ဆိုးရွားနေတုန်းပဲလို့လည်း UNHCR က ဆိုပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေအပါအဝင် ပိုပြင်းထန်လာတဲ့ အကြမ်းဖက်မှုတွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေအများအပြားဖြစ်ပေါ်ခဲ့သလို အဓမ္မစစ်သားစုဆောင်း ခံရတာ၊ ငွေညှစ်ခံရတာနဲ့ မတရားဖမ်းဆီးချုပ်နှောင်ခံရတာတွေကလည်း မြင့်တက်နေတယ်လို့ UNHCR က ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ထားချက်အရတော့ မေလ ၁၃ ရက်နေ့အထိ စစ်အုပ်စုရဲ့ သတ်ဖြတ်မှုကြောင့် အတည်ပြုနိုင်တဲ့သေဆုံးပြည်သူ ၈,၀၄၁ ယောက်ရှိနေပြီး အတည်ပြုဖို့လိုတဲ့သူကတော့ ၄,၈၀၀ လောက်ရှိနေပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here