မြစ်ဆုံစီမံကိန်း ပြန်လည်လုပ်ဆောင်ဖို့ ကြိုးပမ်းမှု မြစ်ကြီးနားမြို့ရှိ တက္ကသိုလ်ကျောင်းသူ/သားနဲ့ လူငယ်တွေ ကန့်ကွက်

2

 

မေ၊ ၂၆

အာဏာသိမ်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုရဲ့ မြစ်ဆုံရေကာတာစီမံကိန်း ပြန်လည်လုပ်ဆောင်ဖို့ ကြိုးပမ်းမှုကို ရပ်တန့်နိုင်ရေးအတွက် မြစ်ကြီးနားမြို့ရှိ တက္ကသိုလ် ကျောင်းသူ/သားနဲ့လူငယ်အချို့က လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

မြစ်ဆုံစီမံကိန်း အပြီးတိုင်းဖျက်သိမ်းဖို့ အထက်ပါလှုပ်ရှားမှုကို ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(KHRW) က ဦးစီးပြီး မြစ်ကြီးနားမြို့ရှိ တက္ကသိုလ်ကျောင်းသူ/သား လူငယ်တချို့နဲ့ မနေ့က မေလ ၂၅ ရက်နေ့မှာ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားတာပါ။

အဓိက ကန့်ကွက်ရတဲ့ အကြောင်းရင်းကတော့ မြစ်ဆုံဒေသဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရဲ့ အမှတ်သင်္ကေတ တစ်ခုဖြစ်သလို မြန်မာနိုင်ငံတစ်နိုင်ငံလုံးရဲ့ အသက်သွေးကြောတစ်ခုလည်း ဖြစ်တဲ့အတွက်ကြောင့်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ အာဏာသိမ်းအစိုးရဟာ မြစ်ဆုံစီမံကိန်း ပြန်လည်စတင်နိုင်ဖို့ ကော်မတီတွေ ဖွဲ့စည်းပြီး ကချင်ပြည်နယ်အတွင်းက မြို့နယ်အသီသီးမှာရှိတဲ့ ဒေသခံပြည်သူတွေကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အစည်းအဝေးဖိတ်ခေါပြီး ဝါဒဖြန့် လူထုတွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေကြောင်းလည်း ဖော်ပြပါရှိပါတယ်။

အဲဒီလို ဟန်ပြ၊ အတင်းအဓမ္မ ဆွေးနွေးပွဲတွေနဲ့ မြစ်ဆုံစီမံကိန်းပြန်လည်စတင်ဖို့ ကြိုးပမ်းလာမှုကို ဒေသခံလူငယ်တွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ပါဝင်ခဲ့လူငယ်တစ်ဦးက ပြောဆိုခဲ့တာကို ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြပါတယ်။

မြစ်ဆုံရေကာတာ စီမံကိန်း ပြန်လည်လုပ်ဆောက်နိုင်ရေး ကော်မတီတွေဖွဲ့စည်းပြီး လှုပ်ရှားနေတာတွေ မြင်နေရပါတယ်။ ကောင်းကျိုးထက် ဆိုးကျိုးကပိုများတဲ့ စီမံကိန်းဖြစ်လာနိုင်တာ ကြောင့် မြစ်ကြီးနားကိုရောက်ရှိနေတဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့အတူ လူငယ်တွေပူပေါင်းပြီး ဒီရေကာတာကို ဆက်မလုပ်ဖို့ ကန့်ကွက်ရခြင်း ဖြစ်ပါတယ်။ လို့ ဆိုထာတာပါ။

မြစ်ဆုံရေကာတာ တည်ဆောက်လိုက်တာကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေများစွာ ဖြစ်ပေါ်လာနိုင်ပြီး လူမှုရေးအရဆိုးကျိုးတွေအပြင် နိုင်ငံရေးနဲ့ စီးပွားရေးအရ ဆိုးကျိုးတွေလည်း အများကြီးရှိလာမှာ ဖြစ်တယ်လို့ သုံးသပ်ဖော်ပြထားပါတယ်။

အဲဒီလိုဆိုးကျိုးတွေကို မြန်မာနိုင်ငံသူ နိုင်ငံသားတွေ၊ အထူးသဖြင့် ကချင်ပြည်နယ်ရှိ ဒေသခံပြည်သူတွေက အများဆုံး ခံစားရမှာဖြစ်တာကြောင့် ကန့်ကွက်ရတာဖြစ်ကြောင်းလည်း မြစ်ကြီးနားမြို့သူတစ်ဦးက “မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်ခြင်းအကြောင့် နောက်ဆက်တွဲအဖြစ် ရေကြီးရေလျှံမှုအန္တရာယ်တွေ ဖြစ်လာနိုင်သလို ကျမတို့ ကချင်ဒေသခံ ပြည်သူ တွေသာမက မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတွက်ပါ ကောင်းကျိုးရှိမှာမဟုတ်ဘူး။လို့ ပြောဆိုချက်ကိုလည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် အခုလို မြစ်ဆုံစီမံကိန်း ပြန်လည်လုပ်ဆောင်နိုင်ဖို့ ပြည်သူတွေကို ဖိတ်ခေါ်ချိန် အစည်းအဝေးခေါင်းဆောင်က အခြားခေါင်းစဉ်တပ်ပြီး ခေါ်ယူတာ၊ အတင်းအဓ္ဓမ ခေါ်ယူတာကို ရပ်တန့်ဖို့နဲ့ မတည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေမှာ စီမံကိန်းကြောင့် လက်နက်ကိုင်ပဋိပက္ခကို အရှိန်အဟုန် ပိုပြီးမြင့်စေကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ ဒါရိုက်တာ မဆိုင်းမိုင်ကလည်း အခုလို သုံးသပ်ပြောဆိုပါတယ်။

လတ်တလောကချင်မှာ စစ်ရေးအရှိန်မြှင့်ဖို့ လက်နက်တွေ၊ စစ်ယာဉ်တန်းတွေ ပိုပို့မြှင့်တင်ပို့ဆောင်နေတာတွေ့ရတယ်။ အဲဒါတွေက မြစ်ဆုံစီမံကိန်းပြန်စနိုင်ဖို့နဲ့၊ ပိုးလမ်းမကြီးရှိတဲ့နေရာ၊ သဘာဝ သယံဇာတတူးဖော်တဲ့ နေရာတွေကို ဦးတည်နေကြတယ်။လို့ မဆိုင်းမိုင်က ပြောပါတယ်။

အခုလို ပြည်သူသိန်းနဲ့ချီပြီး နယ်ရပ်ကိုစွန့်ခွာ၊ စစ်ပြေးရှောင်ဘဝရောက်ရှိနေချိန်၊ ပြည်သူတွေ စစ်ပွဲတွေကြောင့် ကျီးလန့်စာစား လုပ်ကိုင်စားသောက်နေရချိန် စစ်အစိုးရအနေနဲ့ အတင်းအကျပ် စုဆောင်းပြီး ထောက်ခံမှုရယူတာတွေနဲ့ ခြိမ်းခြောက်နေမှုတွေဟာ လူ့အခွင့်အရေး ချိုးဖောက်နေတာလို့ KHRW က ထောက်ပြပါတယ်။

နောက်ထပ်လည်း ဧရာဝတီမြစ်ဆုံစီမံကိန်းကြောင့် ဖြစ်ပေါ်လာတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆိုးကျိုးတွေ၊ နောက်ဆက်တွဲပြဿနာတွေကို KHRW အဖွဲ့ကနေ ဆက်လက်စောင့်ကြည့် ပြောဆို ဖော်ထုတ်သွားမှာ ဖြစ်တယ်လို့လည်း ဖော်ပြပါရှိပါတယ်။

မြစ်ဆုံစီမံကိန်း လုံးဝဖျက်သိမ်းဖို့ မြစ်ကြီးနားမြို့ရှိ တက္ကသိုလ် ကျောင်းသူ/သားတွေ၊ ဒေသခံတွေ၊ လူငယ်တွေ၊ ဧရာဝတီမြစ်ကြောင်းတလျှောက်က ပြည်သူတွေနဲ့အတူ KHRW အဖွဲ့လည်း ဆက်လက်ကန့်ကွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုဆိုရင် လူထုတွေ့ဆုံမှု အကြိမ် ၂၀ မနည်းပြုလုပ်ပြီးပြီဖြစ်ပြီး ပြန်လည်တည်ဆောက်ရေး ဟောပြောမှုတွေဟာ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့တင်မကဘဲ ပူတာအို၊ တနိုင်း၊ မိုးညှင်းမြို့တွေအထိ ရှိနေပါတယ်။

စစ်အုပ်စုက ဖွဲ့စည်းပေးထားတဲ့ ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဦးထွန်းထွန်းလှိုင်၊ ဦးနော်ထွဲ၊ ဦးမုန်ရိန်နော်၊ ဦးဂျန်ခုန့် (ခ) ဦးနော်ခုန့်တို့ကနေ ရေအားလျှပ်စစ်နဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တာတွေကို ရှင်းလင်းတယ်ဆိုပြီး ကချင်တစ်ပြည်နယ်လုံးကို လှည့်ပတ်မဲဆွယ်နေတာပါ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here