မေ၊၂၇
စစ်အုပ်စုရဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြန်လည်အကောင်အထည်ဖော်ရေး လုပ်ဆောင်နေမှုကို ကန့်ကွက်နေကြတဲ့အပေါ် အသိအမှတ်ပြုတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
လက်ရှိအချိန်မှာ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး KIO/KIA အနေနဲ့ သီးသန့်ပြောဆိုတာမျိုး မရှိပေမဲ့ အရင်ကတည်းက သဘောမတူခဲ့ကြောင်း၊ ပြည်သူတွေရဲ့ ပြောဆိုကန့်ကွက်မှုတွေကို KIO ဘက်က အသိအမှတ်ပြုကြောင်း ဗိုလ်မှူကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“ကျနော်တို့လည်း သဘောမတူပြီးသားပဲ။ အဲဒါကြောင့်မို့လို့ ပြည်သူတွေပြောဆိုတာ၊ ကန့်ကွက်တာတွေ၊ ပြည်သူတွေရဲ့ အသံတွေကိုနားထောင်ပြီး KIO ဘက်ကလည်း အသိအမှတ်ပြုပါတယ်။ လွန်ခဲ့အချိန်တွေက လည်းအတူတူပဲ။ အခုလည်း ဆက်ပြီးတော့ ပြည်သူတွေအားလုံး မိမိလက်လှမ်းမီသလောက် ကန့်ကွက်ရတော့မှာ ဖြစ်ပါတယ်။“ လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
တရုတ်နိုင်ငံနဲ့ စစ်အုပ်စုဘက်ကလည်း မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး KIO/KIA ကို ပြောဆိုညှိနှိုင်းမှုတွေ လည်းမရှိသလို ဘယ်အချိန် စီမံကိန်းစတင်မကြမလဲဆိုတာတွေကအစ မသိရှိရဘူးလို့လည်း ဆိုပါတယ်။
မြစ်ဆုံဖြစ်တည်မှုရဲ့ အဓိက မြစ်ကြောင်းနှစ်ခုထဲက မေခမြစ်ကြောင်းတစ်လျှောက်ဟာ ချီဖွေ၊ ဆော့လော်မြို့နယ်အတွင်းမှာ တည်ရှိတာဖြစ်ပြီး အဲဒီနေရာတွေကို KIO/KIA က ထိန်းချုပ်ထားတာပါ။
ဒါ့အပြင် နောက်ထပ်မြစ်ကြာင်းဖြစ်တဲ့ မလိခမြစ်ကြောင်းဟာလည်း KIO/KIA ထိန်းချုပ်ထားတဲ့ အင်ဂျန်ယန်မြို့နယ်ကို ဖြတ်သွားရပါတယ်။
အဲဒါကြောင့် လက်ရှိအချိန်မှာ အဲဒီနေရာတွေ(ချီဖွေ၊ဆော့လော်၊အင်ဂျန်းယန်)ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်အုပ်စုဘက်ကနေ စီစဉ်နေတယ်လို့ ယူဆမိကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။
KIO/KIA ထိန်းချုပ်ထားတဲ့ အဲဒီမြို့နယ် ၃ ခုကဟာ မြစ်ဆုံဖြစ်လာဖို့ အဓိကမြစ်နှစ်စင်းရှိရာ ဒေသတွေ ဖြစ်တဲ့အတွက် စစ်အုပ်စုသာ ပြန်လည်ရယူထိန်းချုပ်နိုင်ခဲ့ရင် KIO/KIA နဲ့ ညှိနှိုင်းစရာလိုတော့မှာ မဟုတ်တာတောကြောင့် သူတို့ရည်မှန်းချက်ပြည့်အောင် ကြိုးစားနေတာဖြစ်နိုင်ကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ဆက်လက်ပြောပါတယ်။
” အဲဒီနေရာတွေကို သူထိန်းချုပ်နိုင်ပြီဆိုရင် တရုတ်တွေဝင်လာဖို့အတွက်လည်း ကျနော်တို့ကို ညှိနှိုင်းစရာမလိုတော့ဘူးလေ။ ဆိုလိုတာက စစ်ရေးအရ အရင်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာလို့ ခန့်မှန်းမိတယ်။ ” လို့ ဗိုလ်မှူးကြီးနော်ဘူက ရှင်းပြပါတယ်။
စစ်အုပ်စုဟာ အခုဆိုရင် မြစ်ဆုံစီမံကိန်း ပြန်လည်အကောင်ထည်ဖော်ရေး လူထုတွေ့ဆုံမှု အကြိမ် ၂၀ ထက်မနည်း ပြုလုပ်ပြီးပြီဖြစ်ပြီး ပြန်လည်တည်ဆောက်ရေး ဟောပြောမှုတွေဟာ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့တင်မကဘဲ ပူတာအို၊ တနိုင်း၊ မိုးညှင်းမြို့တွေအထိ ရှိနေပါတယ်။
စစ်အုပ်စုက ဖွဲ့စည်းပေးထားတဲ့ ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဦးထွန်းထွန်းလှိုင်၊ ဦးနော်ထွဲ၊ ဦးမုန်ရိန်နော်၊ ဦးဂျန်ခုန့် (ခ) ဦးနော်ခုန့်တို့ကနေ ရေအားလျှပ်စစ်နဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တာတွေကို ရှင်းလင်းတယ်ဆိုပြီး ကချင်တစ်ပြည်နယ်လုံးကို လှည့်ပတ်မဲဆွယ်နေတာပါ။
မြစ်ဆုံစီမံကိန်း ပြန်လည်တည်ဆောက်ရေး အကောင်ထည်ဖော် ဆောက်ရွက်နေမှု အခြေအနေနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူကတော့ သူတို့(စစ်အုပ်စု)အလိုကျချည်းပဲ ဖြစ်နိုင်မှာမဟုတ်ဘူးလို့ ပြောဆိုပါတယ်။
လက်ရှိအချိန်မှာတော့ ကချင်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပြည်သူတချို့ကလည်း မြစ်ဆုံစီမံကိန်းထာဝရရပ်တန့်ရေးကို လက်လှမ်းမီသလောက် လုပ်ဆောင်နေတာတွေ ရှိနေပါတယ်။






