ဇွန်၊ ၃
အယ်လ်နီညိုဟာ လာမယ့်လတွေမှာ ၉၀ ရာခိုင်နှုန်းထိ ဖြစ်လာနိုင်ချေရှိနေတာကြောင့် အရေးပေါ် ရာသီဥတုဆိုင်ရာသတိပေးချက်အဖြစ် ကမ္ဘာကြီးက သတိထားရတော့မယ်လို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ဇွန်လ ၂ ရက်နေ့ရက်စွဲနဲ့ သတိပေးလိုက်ပါတယ်။
“အယ်လ်နီညိုဟာ ပူနွေးလာတဲ့ ကမ္ဘာကြီးရဲ့ မီးတောက်ကိုပိုပြီးလောင်ကျွမ်းစေပါလိမ့်မယ်။ ရိုက်ခတ်မှုတွေက ပိုပြင်းထန်လာမယ်၊ ပိုကျယ်ပြန့်လာမယ်၊ နိုင်ငံနယ်နိမိတ်တွေကို ဖျက်ဆီးပြီး မြန်မြန်ဆန်ဆန် ကူးစက်လာပါလိမ့်မယ်”လို့ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ပြောပါတယ်။
အဲဒီအတွက် တစ်ခုထဲသော ထိရောက်တဲ့ တုံ့ပြန်မှုကတော့ ကြိုတင်စီစဉ်မှုတွေနဲ့ အထိခိုက်ဆုံးဒေသက လူတွေကို ကြိုတင်သတိပေးဖို့ လိုအပ်နေပြီလို့လည်း သူကဆက်ပြောပါတယ်။
ကုလသမဂ္ဂရဲ့ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် (WMO) ကလည်း ဇွန်လ ၂ ရက်နေ့ရက်စွဲနဲ့ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ဟာ တဖြည်းဖြည်းပိုအားကောင်းလာပြီး ခန့်မှန်းချက်တွေအရ အသင့်အတင့် အားကောင်းတာကနေ အလွန်အားကောင်းတဲ့ အခြေအနေရှိနေတယ်လို့လည်း ဆိုပါတယ်။
“ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ဒါဟာ မိုးခေါင်ရေရှားမှုနဲ့ မိုးသည်းထန်စွာရွာသွန်းမှုတွေကို ပိုမိုဆိုးရွားစေပြီး ကုန်းမြေရော ပင်လယ်ပြင်မှာပါ အပူလှိုင်းဖြတ်နိုင်ခြေကို တိုးမြင့်စေပါလိမ့်မယ်။”လို့ လည်း WMO ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဆဲလက်စ်တေး ဆော်လိုက ပြောပါတယ်။
အယ်လ်နီညိုဆိုတာဟာ သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး ဘရာဇီး၊ ပီရူး စတဲ့နိုင်ငံတွေရှိတဲ့ တောင်အမေရိကတိုက်ဘက်ကို ကမ္ဘာ့အကြီးဆုံး ပစိဖိတ်သမုဒ္ဒရာထဲက ရေနွေးစီးကြောင်းတွေ အာရှာဘက်ကနေ စီးဆင်းသွားတဲ့ အခြေအနေဖြစ်ပါတယ်။
အဲဒီလို ရေနွေးကြောင်းပြောင်းပြန်စီးဆင်တာကြောင့် ဒေသအလိုက် မိုးခေါင်ရေရှားတာနဲ့ မိုးကြီးရေလျှံတဲ့ ဖြစ်စဉ်တွေ ဖြစ်ပေါ်လာနိုင်တာပါ။
အယ်လ်နီညိုဟာ မိုးလေဝသ အဖွဲ့ကြီးတွေရဲ့ ခန့်မှန်းချက်အရ ပျမ်းမျှ ၂ နှစ်ကနေ ၇ နှစ်အတွင်းဖြစ်လေ့ရှိပြီး တစ်ခါဖြစ်ရင်တော့ ၉ လကနေ အားပြင်းတဲ့နှစ်တွေမှာ တစ်နှစ်ခွဲအထိ ကြာမြင့်တယ်လို့ ဆိုကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ တုန်းကလည်း အယ်လ်နီညိုဖြစ်ခဲ့ဖူးပြီး ၂၀၂၄ ထိ ကြာမြင့်ခဲ့တာကြောင့် အဲဒီနှစ်တုန်းက မြန်မာနိုင်ငံက မြို့တွေတော်တော်များများမှာ အပူချိန်တွေ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။






