ရေးသားသူ – ခါကာဘို
ကချင်ပြည်နယ်ကို ပြောလိုက်တာနဲ့ လူအများစုက နှင်းဖုံးတောင်တန်းတွေ၊ မလိခနဲ့ မေခမြစ်တို့၊ ခါကာဘိုရာဇီတောင်ကြီးတို့ကို အရင်ဆုံး သတိရကြပါတယ်။ ဒါပေမဲ့ ပူတာအိုကို တကယ်ရောက်ဖူးတဲ့သူတွေ ဆိုရင်တော့ နောက်ထပ်မမေ့နိုင်တဲ့ အရာတစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ အရွယ်အစားကြီးမားပြီး ချိုချဉ်အရသာထူးခြားတဲ့ ဂရိတ်ဖရုသီးပါပဲ။
အပြင်ပန်းက သာမာန်ရှောက်သီးကြီးတစ်လုံးလို ထင်ရပေမဲ့ အခွံနွှာလိုက်တဲ့အခါ အနံ့၊ အရသာနဲ့ အာဟာရတန်ဖိုးက လုံးဝမတူတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ကချင်လူမျိုးတွေအတွက်တော့ ဒီအသီးဟာ ဒေသတွင်းစားစရာတစ်ခု ထက်ပိုတဲ့ ဧည့်သည်လာရင် ဂုဏ်ယူစွာဧည့်ခံတဲ့ ဒေသထွက် အဖိုးတန် လက်ဆောင်တစ်ခုလည်း ဖြစ်နေပါတယ်။
ဂရိတ်ဖရု (Great Fruit) လို့ လူအများခေါ်ကြပေမဲ့ ရုက္ခဗေဒအရတော့ Grapefruit (Citrus × paradisi) လို့ ခေါ်ပါတယ်။ “ဂရိတ်ဖရု (Great Fruit)” ဆိုတာဟာ အရွယ်ကြီးလို့ ဒေသခံတွေ ခေါ်ဆိုလာတဲ့ အမည်ဖြစ်ပြီး နိုင်ငံတကာမှာတော့ Grapefruit ဆိုတဲ့အမည်က ပိုမိုအသုံးများပါတယ်။
အသံထွက်မတိမ်းမယိမ်းပေမဲ့ စာလုံး ပေါင်းမတူပါဘူး။ စပျစ်သီးလို အစုလိုက်အပြုံလိုက် တွဲလောင်းသီးတဲ့အတွက် Grapefruit ဆိုတဲ့အမည် ဖြစ်လာခဲ့တာပါ။ ဒါပေမဲ့ အသီးအမျိုးအစား ကိုတော့ ရှောက်ခါးသီးလို့ သတ်မှတ်ကြပါတယ်။
ဒီအသီးရဲ့ သမိုင်းကလည်း စိတ်ဝင်စားစရာပါ။ ဂရိတ်ဖရုဟာ သဘာဝအတိုင်း ရှေးကတည်းက ရှိခဲ့တဲ့ အသီးတော့မဟုတ်ပါဘူး။ ၁၈ ရာစုလောက်က ကာရေဘီယံပင်လယ်ရှိ ဘာဘေးဒိုးစ်ကျွန်းမှာ လိမ္မော်ချို (Sweet Orange) နဲ့ ရှောက်သီးကြီး (Pomelo) တို့ သဘာဝအတိုင်း မျိုးစပ်ရာကနေ ပေါ်ပေါက်လာတဲ့ မျိုးစပ်သီး (Hybrid) အသီးတစ်မျိုး ဖြစ်ပါတယ်။
ဒီအသီးရဲ့ အကျိုးကျေးဇူးကိုမသိခင် အစောပိုင်းက “မစားရန် တားမြစ်ထားသော အသီး (Forbidden Fruit)” လို့လည်း သတ်မှတ်ခေါ်ဆိုခဲ့ကြဘူးပါတယ်။
၁၉ ရာစုအတွင်း အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ကို ရောက်ရှိလာပြီး စီးပွားဖြစ် စိုက်ပျိုးမှု စတင်ခဲ့ပါတယ်။ အဲဒီနောက် တဖြည်းဖြည်းနဲ့ မက္ကဆီကို၊ တရုတ်၊ တောင်အာဖရိက၊ အစ္စရေး၊ တူရကီ၊ ဗီယက်နမ်၊ ထိုင်းနဲ့ အရှေ့တောင်အာရှနိုင်ငံတွေထိ ပြန့်နှံ့လာခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ တရုတ်နိုင်ငံဟာ ကမ္ဘာမှာ လိမ္မော်မျိုးရင်းသစ်သီးများ (Citrus) မျိုးစုံထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်ပြီး ဂရိတ်ဖရုနဲ့ ဆင်တူတဲ့ အရွယ်အစားကြီးသော ရှောက်သီးမျိုးများကိုလည်း အများအပြား စိုက်ပျိုးပါတယ်။
ဂရိတ်ဖရုမှာလည်း မျိုးကွဲအမျိုးမျိုးရှိပါတယ်။ အဖြူရောင်အသား (White Grapefruit) က အချဉ်အရသာ ပိုများပြီး သကြားဓာတ်နည်းပါတယ်။ ပန်းရောင် (Pink Grapefruit) က ချိုချဉ်မျှတပြီး လူကြိုက်များပါတယ်။ အနီရောင် (Ruby Red Grapefruit) ကတော့ လိုက်ကိုပင်း (Lycopene)” နှင့် “ဘီတာ-ကာရိုတင်း (Beta-carotene)ဓာတ် ပိုများလို့ ကျန်းမာရေးအတွက် အထူးအကျိုးရှိတယ်လို့ သုတေသနတွေက ဖော်ပြထားပါတယ်။
စားသုံးပုံကလည်း အမျိုးမျိုးရှိပါတယ်။ အခွံနွှာပြီး လတ်လတ်ဆတ်ဆတ် စားနိုင်သလို ဖျော်ရည်လုပ် သောက်တာ၊ အသုပ်ထဲ ထည့်စားတာ၊ ပင်လယ်စာတွေနဲ့ တွဲဖက်စားတာ၊ ယိုထိုးတာ (Jam)၊ အခွံပါ ထည့်ယိုထိုးတာ (Marmalade)၊ ဂျယ်လီ (Jelly) လုပ်တာ၊ မုန့်လုပ်တာတွေမှာ ထည့်သုံးတာအထိ အသုံးဝင်ပါတယ်။ အချို့နိုင်ငံတွေမှာတော့ မနက်စာအဖြစ် ပျားရည်အနည်းငယ် ဆမ်းပြီး စားတဲ့ဓလေ့လည်း ရှိပါတယ်။
အာဟာရပိုင်းမှာတော့ ဂရိတ်ဖရုဟာ ဗိုက်တာမင် ‘C’ အလွန်ကြွယ်ဝပြီး ကိုယ်ခံအားကို ကောင်းမွန် စေပါတယ်။ ဗိုက်တာမင် ’A’၊ ပိုတက်စီယမ်၊ ဖောလိတ် (ဗိုက်တာမင် B9)နဲ့ အမျှင်ဓါတ် (Fiber) တွေလည်း ပါဝင်ပါတယ်။
အထူးသဖြင့် ဂရိတ်ဖရုမှာ အင်တီအောက်စီဒန့် (Antioxidant) တွေဖြစ်တဲ့ လိုက်ကိုပင်း (Lycopene)၊ နာရင်ဂီနင် (Naringenin)နဲ့ ဖလားဗိုနွိုက်ဒ်များ (Flavonoids)တွေပါဝင်နေတာ ဖြစ်ပါတယ်။ အင်တီအောက်စီဒန့်ဟာ ကျန်းမာရေးအတွက် အင်မတန်မှ အထောက်အကူပြုပါတယ်။ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ –
- အိုမင်းရင့်ရော်မှုကို နှေးကွေးစေတယ် (skin aging လျော့စေတယ်)
- နှလုံးရောဂါအန္တရာယ် လျော့စေတယ်
- ကင်ဆာဖြစ်နိုင်ခြေကို လျော့ချနိုင်တယ်လို့ သုတေသနတွေက ဆိုထားပါတယ်
- ကိုယ်ခံအားစနစ်ကို အားကောင်းစေတယ်
- အစာခြေစနစ်ကို အထောက်အကူပြုနိုင်တယ်
- ဆဲလ်ပျက်စီးမှုကို ကာကွယ်ပေးတယ်
အတိုချုပ်ပြောရရင် ခန္ဓာကိုယ်ကို “ပျက်စီးမှုကနေ ကာကွယ်ပေးတဲ့ အကာအကွယ်ဓာတ်” လို့ မှတ်လို့ရပါတယ်။
ဒါတင်မကသေးပါဘူး။ ဂရိတ်ဖရုဟာ ကယ်လိုရီနည်းပြီး ရေဓာတ်များတာကြောင့် ကိုယ်အလေးချိန် ထိန်းချင်သူတွေလည်း နှစ်သက်ကြပါတယ်။
ဒါပေမဲ့ ဂရိတ်ဖရုမှာ လူအများ သိတ်သတိမထားမိကြသေးတဲ့ အရေးကြီးဆုံးအချက်တစ်ခု ရှိပါတယ်။ အဲဒါကတော့ ဆေးဝါးအချို့နဲ့ အပြန်အလှန်သက်ရောက်မှုပါ။ ဂရိတ်ဖရုနဲ့ သူ့ရဲ့ဖျော်ရည်ဟာ အသည်းနဲ့ အူလမ်းကြောင်းမှာရှိတဲ့ CYP3A4 လို့ခေါ်တဲ့ အင်ဇိုင်းကို တားဆီးနိုင်တာကြောင့် ဆေးအချို့ရဲ့ အာနိသင်ကို ပုံမှန်ထက် များစေနိုင်ပါတယ်။
အထူးသဖြင့် ကိုလက်စထရောကျဆေး (Statins) အချို့၊ သွေးဖိအားကျဆေးအချို့၊ နှလုံးဆေးအချို့၊ ကိုယ်အင်္ဂါအစားထိုးလူနာတွေ သောက်ရတဲ့ ကိုယ်ခံအားစနစ်ကို လျော့ချပေးသောဆေး (Immunosuppressant) အချို့၊ စိတ်ကျရောဂါနဲ့ စိုးရိမ်ပူပန်မှုဆေးအချို့ သောက်နေသူတွေက ဂရိတ်ဖရု စားမယ်ဆိုရင် ဆရာဝန်၊ ဆေးဝါးပညာရှင်နဲ့ တိုင်ပင်သင့်ပါတယ်။ ဆေးတိုင်းနဲ့တော့ မသက်ရောက်ပေမယ့် သတိထားသင့်တဲ့ အချက်တစ်ခုပါ။
ပူတာအိုကို ဂရိတ်ဖရု ဘယ်လိုရောက်လာသလဲဆိုတာလည်း စိတ်ဝင်စားစရာပါ။ သမိုင်းမှတ်တမ်းတွေ အရ အမေရိကန် ခရစ်ယာန်သာသနာပြု ဆရာကြီး ရောဘတ်မော့စ် (Robert Morse)က ဂရိတ်ဖရုမျိုးကို ပူတာအိုသို့ ယူဆောင်လာပြီး ဒေသခံတွေကို စိုက်ပျိုးနည်းတွေလည်း သင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလို စိုက်ပျိုးရေးကို အားပေးခဲ့ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ဒေသခံတွေ အမဲလိုက်တာ၊ ထင်းခုတ်တာလို သစ်တောသယံဇာတတွေကို အလွန်အကျွံ မှီခိုအသုံးပြုရတာ လျော့နည်းလာစေဖို့နဲ့ သီးနှံစိုက်ပျိုးပြီး ဝင်ငွေရနိုင်တဲ့ နည်းလမ်းတစ်ခု ဖန်တီးပေးချင်တဲ့ ရည်ရွယ်ချက်ကြောင့်ပါ။
အဲဒီကစပြီး ဂရိတ်ဖရုဟာ ပူတာအိုရဲ့ အေးမြတဲ့ရာသီဥတုနဲ့ မြေဩဇာကောင်းမွန်မှုကြောင့် အရည်အသွေးကောင်းတဲ့ ဂရိတ်ဖရုတွေဖြစ်ထွန်းလာခဲ့ပြီး ဒီနေ့ဆိုရင် ဒေသရဲ့ ဂုဏ်ယူစရာ ထွက်ကုန်တစ်ခု ဖြစ်လာပါပြီ။
ပူတာအိုဂရိတ်ဖရုတွေဟာ အခြားဒေသက အသီးတွေထက် အခွံထူပြီး အတွင်းသားစိုစိုလင်လင်၊ ချိုချဉ်မျှတတဲ့ အရသာရှိတာကြောင့် နာမည်ရပါတယ်။ ဒေသခံတွေအနေနဲ့လည်း စီးပွားဖြစ် ဝင်ငွေအတွက်သာမက ခရီးသွားတွေကို ဆွဲဆောင်တဲ့ ဒေသထွက်အမှတ်တံဆိပ်တစ်ခုအဖြစ် တန်ဖိုးထားလာကြပါတယ်။ ပူတာအိုကို သွားတဲ့ ခရီးသွားအများစုက အမှတ်တရအဖြစ် ဂရိတ်ဖရု ဝယ်ပြန်ကြတာလည်း ဒေသရဲ့ ထူးခြားတဲ့ ယဉ်ကျေးမှုတစ်စိတ်တစ်ပိုင်း ဖြစ်နေပါပြီ။
ဒီနေ့ခေတ်မှာ ကမ္ဘာတစ်ဝန်းက လူတွေဟာ အစားအစာတစ်ခုကို စားတဲ့အခါ အရသာတစ်ခုတည်း မကြည့်တော့ဘဲ သမိုင်း၊ ယဉ်ကျေးမှု၊ ဒေသခံတွေရဲ့ ဘဝနဲ့ ကျန်းမာရေးတန်ဖိုးတွေကိုပါ စိတ်ဝင်စားလာကြပါတယ်။ အဲဒီအမြင်နဲ့ ကြည့်မယ်ဆိုရင် ပူတာအိုက ဂရိတ်ဖရုဟာ သာမာန်သစ်သီးတစ်လုံးထက် ပိုတန်ဘိုးရှိပါတယ်။ အဲဒါဟာ ကချင်ပြည်ရဲ့ သဘာဝအလှ၊ မြေသြဇာကောင်းမွန်မှု၊ ဒေသခံတွေရဲ့ လက်ရာနဲ့ ဂုဏ်ယူစရာအမွေအနှစ်ကို ကိုယ်စားပြုနေတဲ့ အသီးတစ်မျိုးဖြစ်လို့ပါ။
နောက်တစ်ခါ ဂရိတ်ဖရုတစ်လုံးကို အခွံနွှာပြီး စားတဲ့အခါ အရသာတင် မဟုတ်ဘဲ အဲဒီအသီးနောက်ကွယ်က သမိုင်း၊ ပါဝင်တဲ့ ဗိုက်တာမင်တွေရဲ့ အကျိုးကျေးဇူးတွေနဲ့ ပူတာအိုမြေက ပေးတဲ့ လက်ဆောင်တစ်ခုအဖြစ်ပါ မြင်နိုင်မယ်ဆိုရင် အဲဒီတစ်လုံးရဲ့တန်ဖိုးက ပိုပြီးအဓိပ္ပာယ်ရှိလာမှာ သေချာပါတယ်။
References:
United States Department of Agriculture (USDA) – FoodData Central (Grapefruit Nutrition).
National Institutes of Health (NIH) – Office of Dietary Supplements – Antioxidants & Vitamin C.
U.S. Food and Drug Administration (FDA).
Food and Agriculture Organization of the United Nations (FAO) – Global citrus production statistics.






