ကုန်ဈေးနှုန်းဒဏ်ကြောင့် ရပ်တည်ရခက်ခဲလာတဲ့ မြစ်ကြီးနားမြို့က ပြန်လည်ထူထောင်ရေး ကျောင်းများ

2
မူးယစ်ဆေးဖြတ် ပြန်လည်ထူထောင်ရေးကျောင်း

 

ဇူလိုင်၊၁၄

တနေ့တခြားမြင့်တက်လျက်ရှိတဲ့ ကုန်ဈေးနှုန်းနဲ့ ငွေကြေးရှာဖွေရခက်ခဲတဲ့ ဒီလိုကာလထဲ နေ့စဉ် လိုအပ်ချက်ဖြစ်တဲ့ ဝမ်းရေးဖြေရှင်းဖို့ မိသားစုတိုင်း ကျပ်တည်းခဲယဉ်းနေကြမှာ အမှန်ပါပဲ။

အဲဒီအထဲ ကိုယ်ထူကိုယ်ထဖွင့်လှစ်ထားတဲ့ ပြန်လည်ထူထောင်ရေး သင်တန်းကျောင်းတွေဆိုရင် အခြေအနေ အမျိုးမျိုးကြောင့် ပိုပြီးခက်ခဲကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်ရပါတယ်။

ပြန်လည်ထူထောင်ရေးကျောင်းဆိုတာာ မူးယစ်ဆေးဝါးအတွင်း နွံနစ်နေသူတွေကို ပြန်လည်ကုသပြီးတော့ ထူထောင်ရေးလုပ်ပေးတဲ့ သင်တန်းကျောင်းတွေကို ပြောတာပါ။

အခုဆိုရင် ကုန်ဈေးကြီးမြင့်မှုကြား သင်တန်းကျောင်းတွင်းက စားဝတ်နေရေးဖြေရှင်းဖို့ တစ်နေ့တစ်ခြား အခက်တွေ့နေရပါပြီ။

ကျောင်းတောင်မှ နားလိုက်တော့မလားလို့ တွေးလာတယ်။ တခြားကျောင်းတွေလည်း အားလုံး ခက်ခဲနေကြတယ်။ မြစ်ကြီးနားမြို့က ကိုယ်ထူကိုယ်ထ ပြန်လည်ထူထောင်ရေး သင်တန်းကျောင်း တစ်ခုဖြစ်တဲ့ ရှိလောင်သာသနာကျောင်းတာဝန်ခံက ပြောပါတယ်။

တစ်နှစ်ထက်တစ်နှစ် ကြီးလာရုံပဲရှိတဲ့ လူ့အသက်လိုမျိုး “တစ်ခါတက်ပြီးရင် ပြန်ကျလာတဲ့ ထုံးစံမရှိ တော့ဘူးလို့” ဒေသခံတွေက ညည်းတွားပြောဆိုကြတဲ့ လက်ရှိကာလရဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုက ကျောင်းတွင်းခက်ခဲလာမှုရဲ့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။

သင်တန်းကျောင်းလူဦးရေအရ တစ်နေ့မှာ ဆန်တစ်အိတ်ကုန်တဲ့အတွက် ဈေးနည်းပြီး စားလို့ အဆင်ပြေ ရုံသာရှိတဲ့ တစ်အိတ် ၉ သောင်းခွဲတန် ဆန်ကိုသာ ဝယ်စားကြပါတယ်။

ဆန်ဈေး တက်တာနဲ့လည်းဆိုင်တယ်၊ စက်သုံးဆီဈေးတက်တာကစ အားလုံးက ဈေးတက်နေတာဆိုတော့။လို့ သင်တန်းကျောင်းအခြေအနေကို ဆက်လက်ပြောပြပါတယ်။

ကိုယ်ထူကိုယ်ထဖွင့်လှစ်ထားတဲ့ သင်တန်းကျောင်းတွေဖြစ်တာနဲ့အညီ အကူညီရရှိမှုကလည်း နည်းပါးပါတယ်။

အဓိကလိုအပ်ချက်က ဆန်ဖြစ်ပြီး လူဦးရေများရင်များသလို ဆန်လိုအပ်ချက်ကလည်း များပါတယ်။ လက်ရှိ မြစ်ကြီးနားမြို့မှာ ငွေတိုးဆန်တစ်အိတ် (၂၄ ပြည်ပါ) ကျပ်တစ်သိန်းနှစ်သောင်းခွဲကနေ တစ်သိန်းသုံးသောင်းထိ ဈေးရှိနေပါတယ်။

ကျန်တဲ့ အခြေခံစားသောက်ကုန်တွေကလည်း ရာဂဏန်းစီ ပုံမှန်ဈေးတက်နေတာလို့ မြစ်ကြီးနားဒေသခံတစ်ဦးကလည်း ပြောပါတယ်။

ပြန်လည်ထူထောင်ရေးကျောင်းတွေမှာ သင်တန်းကျောင်းအလိုက် ကျောင်းသားဦးရေ ၂၀ ကနေ ၆၀ နဲ့ ၁၀၀ ကြားထိ ရှိပါတယ်။

တဖက်မှာလည်း နည်းများမဆို ပါဝင်ကူညီပေးကြတဲ့ အလှူရှင်တွေ နည်းပါးလာတာနဲ့ မိဘဖြစ်သူတွေ ခက်ခဲမှုကြောင့် လစဉ်ကြေးသေချာမထည့်ဝင်နိုင်တာတွေကလည်း သင်တန်းကျောင်းတွေ ကျပ်တည်းမှုရဲ့ အခြားသော အကြောင်းရင်းတွေပါ။

အရင်က သတိတရ ပါဝင်ကြတဲ့ အလှူရှင်တွေလည်း ရှာဖွေရခက်တော့ မရှိလာဘူး။ ကျောင်းသား မိဘတွေလည်း ခက်တော့ သေချာမထောက်ပံ့နိုင်တာတွေ ကြောင့်ပေါ့။လို့ မြစ်ကြီးနားမြို့က နောက်ထပ် ကိုယ်ထူကိုယ်ထ ပြန်လည်ထူထောင်ရေးကျောင်းတစ်ခုရဲ့ တာဝန်ခံကလည်း ပြောပါတယ်။

သင်တန်းကျောင်းက အစားသောက်ဖိုးအတွက် သတ်မှတ်ထားတဲ့ လစဉ်ကြေးကို တချို့မိဘတွေက ကြိုးစား ထည့်ဝင်ကြပေမဲ့ ကျောင်းသား သုံးပုံတစ်ပုံလောက်တော့ ခက်ခဲမှုကြောင့် မထည့်ဝင်နိုင်ကြဘူးလို့ သာသနာကျောင်းရဲ့ အချက်အလက်အရ သိရပါတယ်။

သင်တန်းကျောင်းတွင်းက စားဝတ်နေရေးကို တစ်ဖက်တလမ်းက ဖြေရှင်းနိုင်ဖို့ တနိုင်တပိုင် အသက် မွေးဝမ်းကျောင်း လုပ်ငန်းတွေလုပ်ကိုင်တဲ့ ကိုယ်ထူကိုယ်ထကျောင်းတချို့လည်း ရှိပါတယ်။

တနိုင်တပိုင်မွေးမြူရေးအပြင် စိုက်ခင်းတွေပါလုပ်ကိုင်ပေမဲ့ အရာမထင်ပါဘူး။

“ပုံမှန်တော့လုပ်နေတယ်။ ကြိုးစားသလောက် သိပ်အရာမရောက်ဘူးဖြစ်နေတာ။”လို့ ရှိလောင်တာဝန်ခံက ပြောပါတယ်။

ငွေနှင်းမှို စိုက်ပျိုးရေးလည်း တနိုင်တပိုင်လုပ်ပေမဲ့ ဒါကလည်း ဝင်ငွေတစ်ခုအနေနဲ့ ရှိနေတာတော့ မဟုတ်ပါဘူး။

မူးယစ်နွံက လွတ်မြောက်လာတဲ့နောက် မူးယစ်နွံမှာ နစ်မွန်းနေသူတွေကို ဆွဲခေါ်နိုင်ဖို့ ကိုယ်ထူ ကိုယ်ထ ဆောင်ရွက်ခဲ့ရာကနေ တတ်နိုင်သလို ကြံဆပြီးဆက်သွားနေပေမဲ့ ကြာလာတော့ ခံနိုင်ရည် နည်းပါးလာတယ်လို့ ဆိုပါတယ်။

မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့မှာ ကိုယ်ထကိုယ်ထဖွင့်လှစ်ထားတဲ့ ပြန်လည်ထူထောင်ရေး ကျောင်းပေါင်း ၂၀ ဝန်းကျင်ခန့်ရှိတယ်လို့သိရပြီး လက်ရှိမှာတော့ အဲဒီကျောင်းတွေမှာလည်း အလားတူ ခက်ခဲ ကျပ်တည်းမှု တွေနဲ့ ရင်ဆိုင်နေရပါတယ်။

သင်တန်းကျောင်းရပ်နားဖို့ ပြောဆိုသူတွေတောင် ရှိလာနေတာကြောင့် လက်ရှိ ကိုယ်ထူကိုယ်ထူ ပြန်လည်ထူထောင်ရေးကျောင်းတွေရဲ့ အခြေအနေဟာ အားလုံးဝိုင်းဝန်းရမယ့် အခြေအနေတစ်ခုကို ရောက်ရှိနေပါပြီ။

“ရှေ့ဆက်တိုးတက်ရေးတော့ မဟုတ်ဘူး။ ဒါကိုမရပ်နားအောင်ပဲ ဘယ်လို ဝိုင်းကြိုးစားမလဲဆိုတာဘက် ရောက်သွားပြီ။”လို့ ကိုယ်ထူကိုယ်ထကျောင်းတစ်ခုရဲ့ တာဝန်ခံက ပြောပါ တယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here