မြန်မာ့နိုင်ငံရေးအခြေအနေဟာ စစ်အုပ်စုနဲ့ တရားဝင်ဆွေးနွေးနိုင်တဲ့အဆင့် မရောက်သေးဘူးလို့ KIO ပါဝင်တဲ့ SCEF ပြော

1

 

ဇူလိုင်၊ ၁၆

မြန်မာနိုင်ငံဟာ တရားဝင်နိုင်ငံရေးညှိနှိုင်းဆွေးနွေးမှုတွေ စတင်နိုင်တဲ့အခြေအနေကို မရောက်သေးတဲ့အကြောင်း KIO ပါဝင်တဲ့ SCEF က အာဆီယံ ဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့တွေ့ဆုံချိန် ဆွေးနွေးခဲ့တယ်လို့ ဒီနေ့ထုတ်ပြန်ပါတယ်။

အာဆီယံ ဥက္ကဋ္ဌ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးရဲ့ ဖိတ်ကြားချက်နဲ့အတူ ထိုင်းတော်ဝင်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးက အိမ်ရှင်အဖြစ် လက်ခံကျင်းပ ပြုလုပ်တဲ့ တွေ့ဆုံဆွေးနွေးမှုမှာ အဲဒီလိုဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဆွေးနွေးမှုမှာတော့ SCEF ရဲ့ အဖွဲ့ဝင် အဖွဲ့အစည်းတွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီပြည်၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

တရားဝင်နိုင်ငံရေးညှိနှိုင်းဆွေးနွေးမှုတွေ စတင်နိုင်တဲ့ အခြေအနေကိုမရောက်သေးပေမဲ့ ချက်ခြင်း လုပ်ဆောင်နိုင်တာကတော့ နိုင်ငံရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုတွေဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

တွေ့ဆုံမှုမှာတော့ အာဆီယံ ဘုံသဘောတူညီချက် (၅) ချက် (Five-Point Consensus) ကို ထုတ်ပြန်ကြေညာမှု သက်သက်မဟုတ်ဘဲ အကောင်အထည်ဖော်ရမယ့်အကြောင်း ဆွေးနွေးခဲ့သလို နိုင်ငံရေးအကျဉ်းသားတွေကို ချက်ခြင်းလွှတ်ပေးဖို့လည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အရပ်သားတွေနဲ့ အရပ်သားအခြေခံအဆောက်အအုံတွေအပေါ် လေကြောင်း တိုက်ခိုက်တာတွေ ရပ်ဖို့၊ ဆေးရုံ၊ ကျောင်း၊ ဘာသာရေးအဆောက်အအုံတွေအပေါ် တိုက်ခိုက်တာတွေ ရပ်တန့်ဖို့လည်း ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

လူသားချင်းစာနာထောက်ထားမှုပိုင်းမှာလည်း ထိခိုက်ခံစားရသူတွေဆီကို သေသေချာချာ ရောက်အောင် လုပ်ဖို့၊ နိုင်ငံရေးဖြေရှင်းမှုအတွက် စစ်မှန်တဲ့ ကတိကဝတ်နဲ့ ယုံကြည်မှု တည်ဆောက်ရေး အစီအစဉ်တွေကို ပြသဖို့လည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတွေ့ဆုံမှုဟာ SCEF အဖွဲ့ဝင်အဖွဲ့အစည်းတွေက စစ်အုပ်စု ကိုယ်စားလှယ်တွေနဲ့အတူ အာဆီယံကို တွေဆုံခဲ့တာမဟုတ်ဘဲ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့တာလို့လည်း SCEF က အသိပေးထားပါတယ်။

SCEF အနေနဲ့ နိုင်ငံရေးအသွင်ကူးပြောင်းရေးအတွက် လိုအပ်တဲ့ အခြေအနေတွေ ပြင်ဆင် တည်ဆောက်နိုင်ရေး မြန်မာနိုင်ငံရဲ့ နိုင်ငံရေး stakeholder တွေနဲ့အတူ နိုင်ငံတကာ မိတ်ဖက်တွေနဲ့ ဆက်ပူးပေါင်းသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here