ဇူလိုင်၊၁၆
ကချင်ပြည်နယ်အတွင်း ငှက်ဖျားအဖြစ်များနေပြီး တချို့ဒေသတွေမှာ ဆေးအလွယ်တကူ ရရှိဖို့ ခက်ခဲသလို ဈေးနှုန်းတွေလည်း မြင့်တက်နေတယ်လို့ သိရပါတယ်။
မြစ်ကြီးနားမြို့မှာ ငှက်ဖျားနဲ့ပတ်သက်တဲ့ဆေးတွေ ဝယ်ယူရရှိဖို့ခက်ခဲပြီး ဈေးမြင့်တက်နေတဲ့အပြင် ကြိုတင်မှာယူထားရသလို ငှက်ဖျားစစ်တံတွေကအစ ဆိုင်တိုင်းမှာ ချက်ချင်းရနိုင်ဖို့ ခဲယဉ်းတယ်လို့ မြစ်ကြီးနား ဒေသခံတစ်ဦးက ပြောပါတယ်။
“ဆေးတွေကရှိတော့ရှိတယ်။ ဒါပေမဲ့ဝယ်ရခက်တယ်။ တစ်လလောက်ကြိုမှာထားရင်တော့ ရောက်တယ်။ မြို့တွင်းမှာ အရေးတကြီး နှစ်ယောက်သုံးယောက်စစ်ဖို့ လိုက်ရှာရင်ခက်တယ်။ ဆေးက ပိုဈေးကြီးတယ်။ ပြီးတော့ဆေးက ရှာရလည်းနည်းနည်းခက်တယ်” လို့ဆိုပါတယ်။
လက်ရှိမှာ ငှက်ဖျား စစ်တံ အခု ၃၀ ပါ တစ်ခုကို ကျပ်လေးသောင်းကျော်နဲ့ ဆေးကတော့ အယောက် ၅၀ စာလောက်ဆိုရင် ၁၈ သိန်းဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။
အင်ဂျန်းယန်နဲ့ ဆွမ်ပရာဘွမ်မြို့နယ်တွေဘက်မှာလည်း ငှက်ဖျားအဖြစ်များပြီး မိုးစကျလာချိန် အဲဒီ ဒေသဘက်မှာရှိတဲ့ ရွှေမှော်ဒေသတွေမှာ ၁၀ ဦးစစ်ရင် ၈ ဦးလောက်မှာတော့ ငှက်ဖျားပိုးရှိတာ တွေ့ရ တယ်လို့ သိရပါတယ်။
ဒါ့အပြင် မိုးကောင်းနဲ့ ဆားမှော်ဘက်က ကျေးရွာတွေဘက်မှာလည်း ငှက်ဖျားအဖြစ်များပြီး ကျေးလက်ရွာတွေဘက်မှာ ပိုအဖြစ်များတယ်လို့လည်း ဆိုပါတယ်။
ကချင်ပြည်နယ်မှာ အများပိုင်းတွေ့ရတဲ့ ငှက်ဖျားဟာ အသည်းငှက်ဖျားပိုးလို့ခေါ်တဲ့ PV ပိုးတွေ ဖြစ်ပြီး တချို့မှာတော့ လက္ခဏာမပြဘဲ ပိုးတွေ့ရတာမျိုးလည်းရှိတယ်လို့ သိရပါတယ်။
၂၀၂၅ နှစ်လယ်ပိုင်း ကနေ အခု ၂၀၂၆ လတွေဘက်မှာ ငှက်ဖျားအဖြစ်များလာတာကို တွေ့ရပြီး ဆေးတွေလည်း ရဖို့ ပိုခက်လာတယ်လို့သိရပါတယ်။
ငှက်ဖျားအဖြစ်များရတဲ့ အကြောင်းရင်းတွေက မိုးရာသီဖြစ်ပြီး ခြင်ပွားများတာအပြင် ရွှေမှော် ဒေသတွေဘက် ခြင်ထောင်မသုံးဘဲအိပ်တာနဲ့ တောတောင်တွေဘက် စစ်ရှောင်နေရသူတွေ များလာတာနဲ့ လူစုနေတာများလာတာတွေကြောင့်လည်း ကူးစက်နှုန်း များလာတာ ဖြစ်တယ်လို့ သိရပါတယ်။
ဝိုင်းမော်မြို့နယ်၊နောင်းချိန်းကျေးရွာက စစ်ရှောင်စခန်းတွေဘက်မှာလည်း ပြီးခဲ့တဲ့ မေလဝက်ခန့် မိုးကျ လာချိန်ကတည်းက ငှက်ဖျားအဖြစ်များနေတာဖြစ်ပြီး လူများတာကြောင့် ဆေးလုံလောက်မှု မရှိဘူးလို့ နောင်းချိန်း စစ်ရှောင်စခန်းတာဝန်ခံတစ်ဦးက အခုလိုပြောပါတယ်။
“ငှက်ဖျားတအားဖြစ်ကြတယ်။ အိမ်တစ်အိမ်မှာ နှစ်ယောက်သုံးယောက်ဖြစ်တယ်။ ပြီးတော့ ဆေးတွေ က NGO တွေက ပေးပေမဲ့ မလောက်ဘူး။လူများတာဆိုတော့လေ။” လို့ တာဝန်ခံက ဆိုပါတယ်။
အခုလို ငှက်ဖျားအဖြစ်များတာက ခြင်ထောင်မရှိတာကြောင့် ဖြစ်နိုင်သလို တချို့ကလည်း ရှိပေမဲ့ သေချာမထောင်အိပ်တာတွေကြောင့် ဖြစ်နိုင်တယ်လို့လည်း တာဝန်ခံကဆိုပါတယ်။
လီဒိုလမ်းပေါ်မှာရှိတဲ့ ဒွမ်ဘန်ကျေးရွာမှာလည်း ငှက်ဖျားဖြစ်ပွားမှုတွေရှိပြီး ဆေးရရှိဖို့ ခက်ခဲတာ တွေကြောင့် မြို့ဘက်သွားကုရတာရှိတယ်လို့ ဒွမ်ဘန်ဒေသခံတစ်ဦးကလည်း ပြောပါတယ်။
ကချင်ပြည်နယ်မှာ ငှက်ဖျားဖြစ်ပွားနှုန်းမြင့်မားနေပြီး ဒီလိုကူးစက်နှုန်းမြင့်မားတာက ဆေးစိမ် ခြင်ထောင်တွေနဲ့ ကြိုတင်ကာကွယ်ရေးအစီမံတွေမရှိတာကြောင့် ဖြစ်တယ်လို့ ဇွန်လ ၃၀ ရက်နေ့ထုတ် Health Cluster Myanmar ရဲ့ အစီရင်ခံစာကလည်း ဆိုထားပါတယ်။
ငှက်ဖျားဖြစ်ပွားမှုများလာပြီး ဆေးဝယ်လိုအားများလာတာကြောင့် ဈေးမြင့်တက်တာနဲ့ အလွယ် တကူရရှိဖို့ ခဲယဉ်းတာဖြစ်ပြီး ငွေကြေးကုန်ကျသက်သာစေဖို့နဲ့ ပြန့်ပွားမှုတွေလျော့နည်းစေဖို့ ကာကွယ်ရေးနည်းလမ်းတွေကို အားစိုက်လုပ်ဆောင်ဖို့ အရေးကြီးတယ်လို့လည်း မြစ်ကြီးနား ဒေသခံက ပြောပါတယ်။
ဒီနောက်ပိုင်း ကချင်ပြည်နယ်ဘက် ဆေးဝါးသယ်ယူရတာ ခက်ခဲတာတွေကြောင့် ဆေးဝါးဈေးတွေ အရင်ကထက် မြင့်တက်ကုန်တယ်လို့လည်း သိရပါတယ်။
ကားလမ်းမှာ ဆေးဝါးတွေကို ဖမ်းဆီးပေးလိုက်တဲ့အပြင် အချိန်ကြာမြင့်ပြီး ပျက်စီးမှုတွေကြုံရတာကြောင့် ဆေးဝါးတွေကို လေယာဉ်နဲ့ သယ်ယူလာကြပြီး ကုန်ကျစရိတ်ပိုတာကြောင့် နဂိုကထက် ဆေးဝါးဈေးတွေ မြင့်တက်သွားတယ်လို့ သိရပါတယ်။
Photo Credit- WHO






