ရေးသူ – စိုင်းခေ
လူ့အသက်တွေကို ကယ်ဖို့ရည်ရွယ်ချက်နဲ့ တီထွင်အသုံးပြုလိုက်တဲ့ ပစ္စည်းဟာ လူတွေရဲ့အသက်ကို နုတ်မယ့်အရာ ဖြစ်လာလိမ့်မယ်လို့ စာဖတ်သူ တွေးမိဖူးပါသလား။
အဲဒီပစ္စည်းဟာ လူတွေကို ကယ်လည်းကယ်နေသလို တဖက်မှာလည်း လူ့အသတ်တွေကို နုတ်နေတဲ့ အရာဖြစ်နေပါပြီ။ အဲဒါကတော့ ရဟတ်ယာဉ်ပါ။
ဒုတိယကမ္ဘာစစ် မတိုင်ခင်ကတော့ ကမ္ဘာပေါ်မှာ ရဟတ်ယာဉ်တွေကို တွေ့ဖူးတဲ့သူ မရှိသလောက် ရှားခဲ့ပြီး စစ်ပြီးခါနီးကာလအထိတောင် ရဟတ်ယာဉ်ကို တွေ့ဖူးသူက တော်တော်နည်းခဲ့ပါတယ်။
ရဟတ်ယာဉ်ကို စအသုံးပြုဖို့ ကြိုးစားအားထုတ်ခဲ့တာကတော့ အမေရိကန်လေတပ်ရဲ့ ဒုတိယဗိုလ်မှူးကြီး ဖရန့်အယ်ရစ်ဆင် ဖြစ်ပါတယ်။
၁၉၄၁ ခုနှစ် ပုလဲဆိပ်ကမ်းကို ဂျပန်တွေဗုံးကြဲတော့ ရဟတ်ယာဉ်သာရှိရင် မီးလောင်မှုတွေ၊ ပေါက်ကွဲမှုတွေကြားထဲက သူ့ရဲဘော်တွေကို ကယ်နိုင်မှာဖြစ်တယ်လို့ အယ်ရစ်ဆင် စဉ်းစားမိခဲ့ပါတယ်။
ဒီလိုနဲ့ အထက်လူကြီးတွေကို ရဟတ်ယာဉ်နဲ့ ကယ်ဆယ်ရေးလုပ်နိုင်တဲ့အကြောင်း အစီရင်ခံစာတွေတင်၊ ဆွဲဆောင် စည်းရုံးမှုတွေလုပ်ခဲ့ပေမဲ့ ထင်သလောက် မအောင်မြင်ခဲ့ပါဘူး။
ဘာကြောင့်လဲဆိုတော့ ဒီကြက်ဥမွှေစက်လို့ နောက်ပြောင်ခေါ်ကြတဲ့ ရဟတ်ယာဉ်တွေရဲ့ ပျံသန်းနိုင်မှုအပေါ် လူတွေက အပြည့်အဝ မယုံကြည်ကြသလို အယ်ရစ်ဆင်ရဲ့ စီမံကိန်းကိုလည်း လှောင်ပြောင်ခဲ့ကြလို့ ဖြစ်ပါတယ်။
အဲဒီကာလတုန်းက Sikorsky Aircraft Corporation ဟာ ရဟတ်ယာဉ်တွေကို စမ်းသပ် တည်ဆောက်နေတဲ့အချိန်ပါ။
အဲဒီလိုနဲ့ အထက်လူကြီးတွေကို စည်းရုံးဆွဲဆောင်ရင်းကနေ ၁၉၄၃ ခုနှစ်မှာတော့ ရဟတ်ယာဉ်တွေနဲ့ လေ့ကျင့်ပျံသန်းမယ့် အစီအစဉ်ကို စတင်နိုင်ခဲ့ပါတယ်။
၁၉၄၄ ခုနှစ် ဇန်နဝါရီလမှာတော့ အယ်ရစ်ဆင်ဟာ သူ့ယုံကြည်မှုကို သက်သေပြဖို့ အခွင့်အရေးတစ်ခု ရရှိခဲ့ပါတယ်။ အဲဒါကတော့ ကျောက်ချရပ်နားထားတဲ့ အမေရိကန်ရဲ့ USS Turner မီးလောင်ပေါက်ကွဲမှုပါ။
အဲဒီပေါက်ကွဲမှုမှာ ဒဏ်ရာရခဲ့တဲ့သူတွေကို ဆေးရုံကိုပို့နိုင်ခဲ့ပေမဲ့ သူတို့အတွက် လိုအပ်တဲ့ သွေးရည်ကြည်ကိုတော့ တခြားနေရာကနေ အရေးပေါ်သယ်ယူရမှာ ဖြစ်ပါတယ်။
မုန်တိုင်းရှိနေတဲ့အတွက် အဲဒီသွေးရည်ကြည်ကိုသယ်ဖို့ လေယာဉ်တွေပျံသန်းဖို့အရေး မဖြစ်နိုင်သလို ကားနဲ့ပို့ဆောင်ဖို့ကလည်း အချိန်ကြာမြင့်မှာ ဖြစ်ပါတယ်။
ဒါကြောင့် အယ်ရစ်ဆင်ဟာ သွေးရည်ကြည်တွေကို မုန်တိုင်းကြားကနေ ရဟတ်ယာဉ်နဲ့ ပို့ဆောင်ပေးခဲ့ပြီး သူ့ယုံကြည်မှုကိုလည်း သက်သေပြသွားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ စစ်ပွဲအတွင်း ဒဏ်ရာရသူတွေကို ကယ်ထုတ်ဖို့ ရဟတ်ယာဉ်တွေကို အသုံးပြုနိုင်တယ်ဆိုတာကို အထက်လူကြီးတွေ ယုံကြည်သွားခဲ့ပါပြီ။
ဒီလိုနဲ့ အမေရိကန်စစ်တပ်ဟာ ၁၉၄၄ ခုနှစ်ထဲမှာပဲ စစ်ပွဲပြင်းထန်နေတဲ့ တရုတ်၊ မြန်မာ၊ အိန္ဒိယ စစ်မျက်နှာပြင်ကို ရဟတ်ယာဉ်တစ်ချို့ ပို့ဆောင်ခဲ့ပါတယ်။
၁၉၄၄ ခုနှစ် ဧပြီလ ၂၁ ရက်နေ့မှာတော့ မြန်မာပြည်မြောက်ပိုင်းမှာ ဂျပန်တွေကို တိုက်ခိုက်နေတဲ့ ချင်းဒစ်တပ်က ဒဏ်ရာရစစ်သည် ၃ ယောက်ကို လေယာဉ်နဲ့သယ်ဆောင်လာချိန် ဂျပန်တပ်တွေရဲ့ အနောက်ဖက်မှာ လေယာဉ်ပျက်ကျပြီး ပိတ်မိသွားခဲ့ပါတယ်။
သူတို့ ပျက်ကျသွားတဲ့နေရာဟာ လေယာဉ်ဆင်းနိုင်တဲ့ သောင်ပြင်နဲ့ အလှမ်းဝေးသလို ဒဏ်ရာရစစ်သည်တွေကလည်း အဲဒီသောင်ပြင်ကို မသွားနိုင်ကြပါဘူး။ ဒါကြောင့် လေယာဉ်မှုးနဲ့ ဒဏ်ရာရစစ်သည် ၃ ယောက်ကို ရဟတ်ယာဉ်နဲ့ ကယ်ထုတ်ဖို့ စီစဉ်ရပါတော့တယ်။
တာဝန်ပေးခံရတဲ့ ယာဉ်မောင်းကတော့ ဒုဗိုလ်ကာတာဟာမွန်ပါ။ သူဟာ အိန္ဒိယနိုင်ငံကနေ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ထဲက တရုန်ဒေသကိုရောက်ဖို့ ၂၄ နာရီလောက်ပျံသန်းခဲ့ရပြီး ရဟတ်ယာဉ်ပေါ်မှာလည်း ဆီပုံး ၄ ပုံကို တင်ဆောင်ခဲ့ရပါတယ်။
တရုန်ကိုရောက်တဲ့အချိန်မှာတော့ လေယာဉ်ပျက်တဲ့နေရာဆီကို နောက်ထပ် ၁၂၅ မိုင်လောက် ပျံသန်းခဲ့ရပြီး ဒဏ်ရာအပြင်းထန်ဆုံး စစ်သည်ကို ပထမဆုံး ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ ရဟတ်ယာဉ်သုံးပြီး လူကယ်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံး ဖြစ်ရပ်လည်း ဖြစ်လာခဲ့ပါတယ်။
အဲဒီနောက် ဒုတိယတစ်ယောက်ကို နောက်တစ်ကြိမ် သောင်ပြင်ဆီ ကယ်ထုတ်ပြီးတဲ့အချိန်မှာတော့ ရဟတ်ယာဉ်ဟာ စက်နှိုးလို့ မရတော့ပါဘူး။
အဲဒီတုန်းက ရဟတ်ယာဉ်ဟာ လူ ၂ ယောက်ကိုပဲ တင်ဆောင်နိုင်တာဖြစ်သလို မြန်မာနိုင်ငံလို ပူပြင်းတဲ့ ရာသီဥတုအောက်မှာလည်း ရဟတ်ယာဉ်ဟာ သူ့စွမ်းအားကို အပြည့်မထုတ်နိုင်ခဲ့ပါဘူး။
ဟာမွန်ဟာ အဲဒီညမှာတော့ သောင်ပြင်မှာပဲ အိပ်ခဲ့ရပြီး ဂျပန်တွေရောက်လာနိုင်တဲ့ အန္တရာယ်ကိုလည်း သတိထားခဲ့ရပါတယ်။ ဧပြီလ ၂၅ ရက်နေ့ မနက်မှာတော့ အင်ဂျင်အေးသွားတဲ့ ရဟတ်ယာဉ်ကို စက်ပြန်နှိုးနိုင်ခဲ့ပြီး ဒဏ်ရာရသူ နောက်တစ်ယောက်ကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။
နောက်ဆုံးမှာတော့ လေယာဉ်မှုးကို ကယ်ထုတ်နေတဲ့အချိန် လက်နက်ကိုင်ထားတဲ့ လူတစ်စုကို အောက်ဘက်မှာ မြင်လိုက်ရပါတယ်။ ဒါကြောင့် ဟာမွန်လည်း ရဟတ်ယာဉ်ကို ပျံသန်းနိုင်တဲ့ အမြင့်ဆုံးထိ ဆွဲတင်လိုက်ရပါတော့တယ်။
ဒါပေမဲ့လည်း စက်ရပ်မလို ဖြစ်သွားတာကြောင့် ပြန်ထိန်းကျောင်းခဲ့ရပြီး နောက်ဆုံးမှာတော့ ကောင်းကောင်းမွန်မွန်ပျံသန်းပြီး သောင်ပြင်ကို ဆင်းနိုင်ခဲ့ပါတယ်။
တကယ်တော့ သူတို့တွေ့ခဲ့တဲ့ လက်နက်ကိုင်တွေဟာ ချင်းဒစ်တပ်ဖွဲ့ဝင်တွေဖြစ်ပြီး သူတို့လူတွေကို ကုန်းကြောင်းကနေ ကယ်ထုတ်ဖို့ အဲဒီနေရာကို ရောက်ရှိလာကြတဲ့ အဖွဲ့ဖြစ်ပါတယ်။
အဲဒီလို ကမ္ဘာ့ပထမဆုံးလူကယ်ထုတ်နိုင်ခဲ့တဲ့ ရဟတ်ယာဉ်ကတော့ Sikorsky ကုမ္ပဏီထုတ် R-4 ရဟတ်ယာဉ်ဖြစ်ပါတယ်။ အဲဒီယာဉ်နဲ့နောက်ပိုင်းမှာ ဒဏ်ရာစစ်သည်အများအပြားကို ကယ်ထုတ်နိုင်ခဲ့ပြီး ၁၉၄၄ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာတော့ အသုံးပြုဖို့ မသင့်တော့တဲ့ယာဉ်အဖြစ် အနားပေးခဲ့ပါတယ်။
ဟာမွန်ဟာလည်း ကယ်ဆယ်ရေးမစ်ရှင်တွေကြောင့် Distinguished Flying Cross ဆုကို ရရှိခဲ့ပြီး စစ်ပွဲအပြီးမှာတော့ သူရဲ့ မူလဝါသနာဖြစ်တဲ့ ဂီတဝေဖန်ရေးဆရာ အလုပ်ကိုလုပ်ကိုင်ခဲ့ပါတယ်။
အရင်တုန်းကတော့ မြန်မာနိုင်ငံကလူအများစုအတွက် ရဟတ်ယာဉ်လို့ပြောလိုက်ရင် ပြေးမြင်မိကြ မှာက ဗီယက်နမ်လယ်ကွင်းတွေပေါ်မှာ ပျံသန်းနေတဲ့ ရဟတ်ယာဉ်တွေ ဒါမှမဟုတ် အီရတ်တို့ အာဖဂန်နစ္စတန်တို့မှာ ပျံနေတဲ့ သိမ်းငှက်နက် (Black Hawk) တွေ ဖြစ်လောက်မှာပါ။
ဒါပေမဲ့ အခုအချိန်မှာတော့ ရဟတ်ယာဉ်လို့ ပြောလိုက်ရင် ကလေးပေါက်စတွေကအစ ပြေးမြင်မိကြမှာက စစ်အုပ်စုရဲ့ Mi-35 ဒါမှမဟုတ် Mi-17 တို့ပဲ ဖြစ်ပါလိမ့်မယ်။ သူတို့မျက်လုံးထဲမှာတော့ ဒါဟာ အစိမ်းရောင် လူသတ်ပုဇင်းတွေပါပဲ။
ကိုးကား – In 1940s Burma, a New Kind of Flying Machine Joined the War: The Helicopter/ 21–25 April 1944/ The Hoverfly in CBI/ Erickson—Coast Guard pioneer of helicopter flight 80 years ago






