ရေးသူ-မေမီ
ကြက်ဥပြုတ်ကို ထမင်းချိုင့်ထဲ ကမန်းကတမ်းထည့် ပုခတ်ထဲက ကလေးကို ကောက်ချီလို့ ထမီကြားထဲ ငါးထောင်တန်နှစ်ရွက်လိပ်ထည့်ကာ နေအိမ်ကနေ မစန်းအေးတစ်ယောက် ခပ်သုတ်သုတ် ထွက်လာခဲ့ပါတယ်။
တစ်ရပ်ကွက်ထဲက ဟောင်စည်ဒိုင်ချုပ် မအေးမြင့် အိမ်ရှေ့ရောက်တော့ အဝင်ဝချိတ်ထားတဲ့ အကြွေးစာရင်းစာရွက်ကိုဖတ် မနေ့ကအကြွေးနှစ်ထောင်ကိုဆပ်ပြီး ဝိုင်းထဲ ထိုင်ချလိုက်ပါတယ်။
“ဒီနေ့တော့ ဝီရိယစိုက်လိုက်တာ၊ ကိုယ်ကြိုက်တဲ့ကဒ်ရွေးရတော့ လပ်ကီးကောင်းပြီ။” လို့ မစန်းအေးက ကဒ်တွေကိုနမ်းရှုံ့ရင်း ရယ်ရယ်မောမော ပြောလိုက်ပါတယ်။
မစန်းအေးက စစ်တပ်နဲ့ဒေသတော်လှန်ရေးအဖွဲ့များ နယ်မြေစိုးမိုးဖို့အားပြိုင်ရာ စစ်ကိုင်းတိုင်း မုံရွာမြို့က လက်လုပ်လက်စား လူတန်းစား အများစုရှိရာ ရပ်ကွက်မှာ နေတာပါ။
မစန်းအေးတို့လို အိမ်ရှင်မများ နေ့စဉ်စုဝေးရာ ဟောင်စည်ဝိုင်းဆိုတာက ကိန်းဂဏန်းတွေပါတဲ့ စာရွက်ကဒ်တစ်ခုကို ငွေနှစ်ရာနဲ့ဝယ်ရပြီး ဂေါ်လီလုံးမဲနှိုက်ကာ ဂေါ်လီပေါ်ကဂဏာန်းနဲ့ စာရွက်ပေါ်က ဂဏာန်းတို့ ငါးလုံး တတန်းထဲ အရင်တန်းသူက ငွေကျပ်ခြောက်ထောင်အလျော်ရတဲ့ ကစားနည်းပါ။
ကဒ်ပေါင်းလေးဆယ်မှာ ဒိုင်ကတပွဲနှစ်ထောင်စားနဲ့ဆော့ရတဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အိမ်ရှင်မများအကြား ရေပန်းစားလာတဲ့ အသေးစားလောင်းကစားနည်းတွေထဲက တစ်ခုပါ။ တကဒ် နှစ်ရာဆိုပေမဲ့ တယောက်ကို ဆယ်ကဒ်လောက်ထိ ကိုင်တာရှိတော့ တနေကုန်ရင် သောင်းချီရှုံးတာတွေလည်းရှိတယ်လို့ နေ့စဉ်ကစားနေတဲ့ အိမ်ရှင်မတစ်ဦးကပြောပါတယ်။
“ကဒ်ဖိုးငွေရဖို့ ထမင်းတနှပ်လျော့စားရတဲ့ ရက်တွေလည်းရှိတယ်။ မဆော့ရမနေနိုင်ဘူးလေ။” လို့ ရယ်ကျဲကျဲနဲ့ သူကဆက်ပြောပါတယ်။
အိမ်ရှင်မတစ်ယောက်ဖြစ်တဲ့ မမိုးထွေးအဖြစ် တခုကတော့ သူတို့လိုနေ့တိုင်း ကစားတဲ့လောင်းကစားမဟုတ်ပေမဲ့ နေ့စဉ်စျေးသွားတိုင်း သံယောဇဉ်မပြတ်ဝင်ဆော့တဲ့ လောင်းကစားနည်းကတော့ လေးကောင်ဂျင်ဝိုင်းပုံစံ ရုပ်ရှင်မင်းသား၊ မင်းသမီးပုံတွေနဲ့ မဲနှိုက်ငွေထည့် ကံစမ်းရတဲ့ လောင်းကစားပါ။
“နေတိုးကို ပုံအောလိုက်တာ စျေးဖိုးငွေအကုန်ပလုံသွားလို့ စျေးခြင်းဟောင်းလောင်း ပြန်လာခဲ့ရဖူးတယ်။ အဲဒီနေ့က ယောကျာ်းနဲ့ နှောင်ဂျိမ်ပလေးရတာပဲ။”လို့ မမိုးထွေးက မာန်နဲ့မောင်းနဲ့ ရင်ဖွင့်ပါတယ်။
စစ်တပ်အာဏာသိမ်းကာလ ငါးနှစ်ကျော်လို့ အသွင်ပြောင်း ဒီမိုကရေစီကာလအထိ အခြေခံလူတန်းစားအလွှာကြား မပြောင်းလဲတာကတော့ ကုန်စျေးနှုန်းပိုကြီးလာတာဖြစ်ပြီး ဆင်းရဲမွဲတေမှု သောကရဲ့ ထွက်ပေါက်အနေနဲ့ လောင်းကစားနွံထဲ တဖြည်းဖြည်း နစ်လာကြတာပဲ ဖြစ်ပါတယ်။
မြန်မာလူထု လောင်းကစားနွံထဲ ဘယ်လောက်နစ်နေသလဲဆိုတာကို မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ့ (ISP-Myanmar) က ကောက်ယူခဲ့တဲ့ စစ်တမ်းမှာ မြို့နယ်ပေါင်း ၁၁၀ အနက် ၉၆ ရာခိုင်နှုန်းဟာ ကုန်စျေးနှုန်းကြီးမြင့်တဲ့ဒုက္ခကို ရင်ဆိုင်နေရပြီး ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းက စလို့ လောင်းကစားလုပ်ငန်းတွေ တွင်ကျယ်လာတယ်လို့ ဆိုပါတယ်။
တွင်ကျယ်လာတဲ့ လောင်းကစားနည်းတွေထဲမှာ နှစ်လုံး၊သုံးလုံး ထိုးတဲ့ လောင်းကစားက အများဆုံးဖြစ်ပြီး လေးကောင်ဂျင်ဝိုင်း၊ ဖဲဝိုင်းနဲ့ ဂျင်ဝိုင်းတွေက ဒုတိယအများဆုံး ဖြစ်တယ်လို့ စစ်တမ်းက ဖော်ပြထားပါတယ်။
“ပုံမှန်လုပ်ငန်းတွေက ဝင်ငွေပုံသေ မရနိုင်ကြတော့ စီးပွားရေးကကျပ်လာ၊ ဆင်းရဲလို့ ထွက်ပေါက်တွေ့မလား အထင်နဲ့ လောင်းကစားအားကိုးတာ ပိုမွဲတာပဲရှိလာတယ်။” လို့ လူထုစစ်တမ်းတွေ အချိန်ပိုင်းကောက်ယူခဲ့ဖူးတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခုက ဝန်ထမ်းဟောင်းက သူ့တွေ့ရှိနဲ့ မှတ်ချက်ပြုပါတယ်။
အခုနှစ်မှာ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် အောက်စဖို့ဒ် နွမ်းပါးမှု ၊ လူသားဖွံ့ဖြိုးတိုး တက်မှု အစအဦး တီထွင်လုပ်ဆောင်မှု (OPHI) တို့ပူးပေါင်းထုတ်ပြန်ခဲ့ ဘက်စုံနွမ်းပါးမှုညွှန်းကိန်း (Multidimensional Poverty Index) အရ မြန်မာနိုင်ငံရှိလူဦးရေရဲ့ သုံးပုံတပုံ (၃၈ ဒသမ ၃ ရာခိုင်နှုန်း)က ဆင်းရဲမွဲတေနေကြပါတယ်။
ဆင်းရဲမွဲတေတယ်ဆိုတာ ဝင်ငွေနည်းပါးခြင်းသက်သက်မဟုတ်တော့ဘဲ ကျန်းမာရေး၊ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်း၊သန့် ရှင်းသောရေ၊အိမ်သာ၊အဆောက်အဦနဲ့ လျှပ်စစ်မီးကဲ့သို့သော အခြေခံအခွင့်အရေးတွေ ဆုံးရှုံးနေရတာ ဖြစ်ပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်အဖွဲ့(FAO)က မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ စားနပ်ရိက္ခာဖူလုံမှု အဆိုးရွားဆုံး ရှိနေပြီး လူဦးရေ ၁၆ ဒသမ ၇ သန်းခန့်မှာ စားနပ်ရိက္ခာ ပြတ်လပ်မှုဒဏ်ကို ပြင်းထန်စွာ ခံစားနေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အာရှတိုက်မှာလည်း ဆင်းရဲမွဲတေမှု အဆိုးဆုံးနိုင်ငံ ဖြစ်နေပါတယ်။ ကမ္ဘာ့ဘဏ် အစီရင်ခံစာအရ ၂၀၁၇ ခုနှစ်မှာ ၂၄ ဒသမ ၈ ရာခိုင်နှုန်း ရှိခဲ့သော ဆင်းရဲမွဲတေမှုနှုန်းဟာ ၂၀၂၀-၂၀၂၁ ကာလမှာ နှစ်ဆနီးပါး ခုန်တက်သွားခဲ့တာပါ။
ကိုဗစ်ကပ်ရောဂါကြောင့် အလယ်အလတ်တန်းစား မိသားစုတွေကိုပါ ဆင်းရဲမွဲတေမှုရဲ့ အောက်ခြေအထိ ဆွဲချသွားခဲ့ပါတယ်။ ဒါကို စစ်တပ်က အာဏာထပ်သိမ်းလိုက်တော့ နိုင်ငံစီးပွားရေးလူမှုရေး ကဏ္ဍပေါင်းစုံကို ပျက်သုဉ်းသွားတာပါ။
အသက်လေးဆယ်အရွယ် ကလေးအမေဖြစ်တဲ့ မသီလွင်က နှစ်လုံးထီ လက်ခွဲဒိုင်လုပ်လို့ မီဖိုချောင်စားရိတ် မကြောင့်ကြရပေမဲ့ စိတ်သောက ဖိစီးမှုကတော့ နေ့စဉ်ကြောင့်ကြနေရတယ်လို့ ရင်ဖွင့်ပါတယ်။
“လိုင်းကြေးလာကောက်တဲ့ ရဲအင်ဖော်မာကောင် နှာဘူးထတာ အောင့်သက်သက်နဲ့ ခံရတာအဆိုးဆုံးပဲ။” လို့ သူမက ညည်းပြပါတယ်။
ကလေးသုံးယောက်အမေ မသီလွင်တို့ အရင်ကမိသားစုဝင်ငွေဟာ သားကြီး နဲ့သမီးလတ်တို့ ရှာငွေနဲ့ ယပ်ခတ်စားနိုင်ခဲ့ပေမဲ့ စစ်အဏာသိမ်းအပြီး အိမ်ရဲ့ငွေလုပ်စက် သားကြီးကပေါ်တာဆွဲခံရလို့ စစ်မှုထမ်းထဲပါပြီး သမီးလတ်အလုပ်လုပ်နေတဲ့ ကုမ္ပဏီကလည်း မြန်မာပြည်ကထွက်သွားပြီးနောက်ပိုင်း မိသားစုမငတ်ဖို့ နှစ်လုံးထီဒိုင် လုပ်ခဲ့ရတာလို့ ဖွင့်ဟပါတယ်။
“ကိုယ်ရတဲ့ ကော်မရှင် ကိုယ်ထိုးတာနဲ့မကုန်ဖို့ မနည်းထိန်းရတာ။” လို့သူကပြောပါတယ်။ နောက်ပြီး “အလုပ်ပြုတ်သွားတဲ့ သမီးလတ် လည်း တာချီလိတ်ဘက်မှာ တလ ၁၇ သိန်းနဲ့ အလုပ်ရမယ်ဆိုလို့ သူ့သူငယ်ချင်းတွေနဲ့ထွက်သွားတာ၊ ဟိုက ခေါ်တဲ့လူက ပြန်မလွှတ်တော့ဘူး၊ ငွေလိမ်ဂိုဏ်းထဲထင်တယ်၊ လူကဘေးကင်းတယ်လို့ ဖုန်းပြောရပေမယ့် တနေ့မှစိတ်မချမ်းသာရဘူး။”လို့ မသီလွင်က ရင်ဖွင့်ပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေရဲ့ လေးပုံတစ်ပုံက အလုပ်လက်မဲ့ဖြစ်နေပြီး အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အလုပ်အကိုင်ဈေးကွက်မှာ ဖယ်ကြဉ်ခံထားရကာ အမျိုးသမီး သုံးပုံတစ်ပုံက အလုပ်လက်မဲ့ဖြစ်နေတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာက ဖော်ပြပါတယ်။
အမျိုးသမီးတွေရဲ့ အလုပ်လက်မဲ့နှုန်းက အမျိုးသားတွေထက် ၂ ဆကျော် ပိုများနေကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ရဲ့ “အနာဂတ်ရပ်တန့်ခံမျိုးဆက်သစ် – အစီရင်ခံစာ ၂)” မြန်မာ့လူငယ်များ၏ အလုပ်အကိုင်နှင့် ပညာရေးအခြေအနေ ထုတ်ပြန်ချက်ကဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဘက်ပေါင်းစုံဆင်းရဲသွားမှုထဲမှာ စျေးဖိုးကိုင်စီမံရတဲ့ မိဖိုချောင်သခင် အိမ်ရှင်မတွေက ထိုးနှက်ခံရမှုဒဏ်ချက်အများဆုံးလို့ ISP ရဲ့ စစ်တမ်းစကားဝိုင်းဆွေးနွေးပွဲမှာ ဖွင့်ချထားပါတယ်။
နိုင်ငံအနှံ့အမျိုးသမီး ၅၀၀ ကျော်ကို ကောက်ယူခဲ့တဲ့စစ်တမ်းမှာ သုံးဆမက တက်လာတဲ့ ကုန်စျေးနှုန်းဒဏ် အလူးအလဲခံရသူ ၈၃ ရာခိုင်နှုန်းထိ ရှိနေတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းပြီးနောက် ငွေကြေးဖောင်းပွမှု စံချိန်တင်ပြီး ပြည်သူတွေရဲ့ ငွေစက္ကူတွေ ဘာအပြစ်မှမကျူးလွန်ပါပဲ တန်ဖိုးထိုးကျကုန်တယ်လို့ လေ့လာသူတွေက ပြောပြထားပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၂၀၂၆ ခုနှစ် ဧပြီလမှာ ၂၄ ဒသမ ၆ ရာခိုင်နှုန်းအထိ ရောက်ခဲ့ပြီး လောင်စာဆီ၊ သယ်ယူပို့ဆောင်ရေးနဲ့ အခြေခံလူသုံးကုန်ဈေးနှုန်းတွေ မြင့်တက်လာတာဟာ အိမ်ထောင်စုတွေရဲ့ နေ့စဉ်အသုံးစရိတ်ကို ပိုမိုဖိအားပေးနေကြောင်း ဖော်ပြထားပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ငွေကြေးဖောင်းပွမှုပိုဆိုးလာပြီး မြန်မာနိုင်ငံသား ၅ သန်းကျော် ဆင်းရဲသွားတယ်လို့ ကမ္ဘာဘဏ်ရဲ့ မြန်မာ့စီးပွားရေးစောင့်ကြည့် အစီရင်ခံစာက ပြောထားပါတယ်။
ကျဆင်းလာတဲ့နိုင်ငံ့စီးပွားရေးကိုဖာထေးဖို့ရာ ဒေါ်လာနဲ့ ပြင်ပကဝယ်ရတဲ့ သွင်းကုန်တွေကို ကန့်သတ်ပိတ်ပင်ဖို့ “နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ (FESC)” ဖွဲ့ တင်းတင်းကျပ်ကျပ်လုပ်တာကြောင့်လည်း ပြင်ပကုန်တွေစျေးကြီးလာပြီး အခြေခံလူထုအပေါ် သက်ရောက် ရှိလာတာပါ။
“ဒီလိုထိန်းချုပ်တာက ရေတိုပဲ ကောင်းတယ် ။ရေရှည်ကျ ဈေးကွက်ယန္တရား ပျက် ၊ စီးပွားပိုကျပြီး ပြည်သူတွေပဲ ဝန်ထပ်ပိမှာ။” လို့ စီးပွားရေးဆိုင်ရာ သုံးသပ်ချက်တွေပေးနေတဲ့ ပညာရှင်တစ်ဦးက ထောက်ပြပါတယ်။
ပါလာသမျှ ငွေလေးကုန်တော့မှာမို့ လပ်ကီးသေနေတဲ့ ဟောင်စည်ကတ်တွေကို မစန်းအေး လက်နဲ့တဖုန်းဖုန်းရိုက်ပြီး လာဘ်ခေါ်ပေမဲ့ ကံမစွမ်းတော့ နတ်လည်းမကယ်ပါဘူး။ ရုတ်တရက်ထငိုတဲ့ ရင်ခွင်ပိုက်ကလေးကို ဖင်တချက်ရိုက်လိုက်ပြီး နို့လှန်တိုက်ကာ ဒိုင်ချုပ မအေးမြင့်ဆီ ငါးထောင်လောက်ချေးဖို့ လှမ်းပြောလိုက်ပါတယ်။
“နှစ်ထောင်ပဲရမယ်၊ ဒါကုန်ရင်ပြန်” လို့ မအေးမြင့်က ပြောတော့” မယူဘူးဟေ့ သောက်ကမြင်းမ လမိုင်းမကပ်တဲ့ကဒ်တွေ”လို့ပစ်ချပြီး ကလေးချီကာ မစန်းအေးထွက်သွားပါတော့တယ်။
မစန်းအေးရဲ့ကျောပြင်ကိုလှမ်းငေးကြည့်ရင်း မစန်းအေးအကြောင်း နောကြေအောင်သိတဲ့ အိမ်နီးချင်း မသိန်းပိုက “ကြည့်နေ’ဒီကောင်မ နောက်ရက် ရှိတာပေါင်ပြီး ဝိုင်းထဲရောက်လာမှာရယ်။” လို့ မှတ်ချက်ပြုလိုက်ပါတယ်။






