မြန်မာမှာ ကချင်ပြည်နယ်က စံချိန်တင် ဆန်ဈေးအများဆုံးမြင့်တက်တဲ့ ဒေသဖြစ်နေ

10

 

ဩဂုတ်၊၂၈

မြန်မာနိုင်ငံက တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေထဲမှာ ကချင်ပြည်နယ်ဟာ ဆန်ဈေးအများဆုံး မြင့်တက်တဲ့ ဒေသဖြစ်နေတယ်လို့ နိုင်ငံတကာ အာဟာရနဲ့ စိုက်ပျိုးရေးမူဝါဒ သုတေသနအဖွဲ့ (မြန်မာ) – IFPRI Myanmar ရဲ့ ဩဂုတ်လ အစီရင်ခံစာအရ သိရပါတယ်။

ကချင်ပြည်နယ်ရဲ့ ဇူလိုင်လထဲ ဆန်ဈေးနှုန်းဟာ ဇွန်လကထက် ၂၀ ရာခိုင်နှုန်းအဖြစ် အများဆုံး မြင့်တက်ခဲ့ပြီး ရှမ်းပြည်နယ်ကတော့ ၉ ဒသမ ၇ ရာခိုင်နှုန်းနဲ့ ဒုတိယအများဆုံးဖြစ်နေတာပါ။

မန္တလေး-မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက် ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် မန္တလေးနဲ့ ကချင်ပြည်နယ်ကြား ကုန်စည်စီးဆင်းမှုကို အဟန့်အတား ဖြစ်စေနိုင်ပြီး ဈေးကွက်နှစ်ခုလုံးရဲ့ ဆန်ဈေးနှုန်းတွေပေါ် သက်ရောက်မှုတွေ ရှိနေတာလို့ ဆိုပါတယ်။

အရင်နှစ်ကာလတူနဲ့ နှိုင်းယှဉ်မယ်ဆိုရင်လည်း ကချင်ပြည်နယ်ရဲ့ဈေးနှုန်းဟာ အများဆုံးဖြစ်နေပြီး ၃၇ ဒသမ ၁ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့ IFPRI ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြစ်ကြီးနားဒေသခံ အိမ်ရှင်မတစ်ယောက်ကတော့ ဇူလိုင်လပြီးတော့ အခုဩဂုတ်လမှာလည်း ဆန်ဈေးနှုန်းတွေ အရင်ကထက် ထပ်မြင့်တက်လာပြီလို့ ပြောပါတယ်။

ဇူလိုင်လမတိုင်ခင်တုန်းက ငွေတိုးဆန်တစ်အိတ်ကို ကျပ် ၁၀၀,၀၀၀ နဲ့ ၁၂၀,၀၀၀ ကြား ဈေးပေါက်ခဲ့တာကနေ ၁၄၀,၀၀၀ အထိမြင့်တက်ခဲ့ပြီး ဩဂုတ်လမှာတော့ ၁၆၀,၀၀၀ ဝန်းကျင်အထိရှိလာပြီလို့ သူက ရှင်းပြပါတယ်။

“ဝက်စာ၊ ဖွဲနု၊ ဖွဲဆန်ကွဲတွေလည်း အကုန်လုံးဈေးတက်နေတာ။ ဈေးတက်တာတော့ အကုန်လုံး တက်တာပါပဲ။ ဈေးမတက်တာမရှိဘူး” လို့ အဲဒီအိမ်ရှင်မက ပြောပါတယ်။

ဝေးလံ‌ခေါင်ဖျားဒေသ ကချင်ပြည်နယ်ရဲ့မြောက်ဖျားပိုင်း ပူတာအိုခရိုင်ထဲက ပန်နန်းဒင်မြို့လို ကျေးရွာတွေဘက်မှာဆိုရင် အခုပေါက်ဈေးတွေထက် ထက်ဝက်မက ပိုပြီးဈေးများပါတယ်။

IFPRI ရဲ့ အစီရင်ခံစာအရတော့ မြန်မာနိုင်ငံက ဒေသတစ်ခုနဲ့တစ်ခုကြား ဈေးနှုန်းကွာခြားချက်တွေဟာ ဆက်ရှိနေပြီး ကချင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတို့ဟာ အမျိုးသားအဆင့် ပျမ်းမျှဈေးနှုန်းတွေထက် ပိုမြင့်မားတဲ့ ဈေးနှုန်းတွေအဖြစ် စံချိန်တင်ခဲ့တယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်ဟာ အမျိုးသားအဆင့် ပျမ်းမျှဈေးနှုန်းထက် ၂၆ ရာခိုင်နှုန်းလောက် ပိုမြင့်မားပြီး အမြင့်ဆုံး ဈေးနှုန်းကို စံချိန်တင်ခဲ့သလို ဧရာဝတီတိုင်းဒေသကြီးကတော့ အမျိုးသားအဆင့် ပျမ်းမျှဈေးနှုန်းထက် ၁၅ ရာခိုင်နှုန်းလောက် လျော့နည်းခဲ့တယ်လို့ သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here