စက်တင်ဘာ၊၈
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့တွေကနေ စစ်အုပ်စု သင်္ဘောပေါ်က ဖမ်းဆီးထားတဲ့ သုံ့ပန်းတွေကို ဥပဒေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ KIO/KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ နောက်ဆုံးအပတ်က ဗန်းမော်မြို့ဘက်တက်လာတဲ့ စစ်အုပ်စုရဲ့ သံခွန်အပါ စစ်သင်္ဘောတွေကို ရွှေကူနဲ့ ဗန်းမော်ကြားမှာ KIA က တိုက်ခိုက်တဲ့အချိန် စက်တင်ဘာလ ၂ ရက်နေ့နဲ့ ၃ ရက်နေ့မှာ အယောက် ၁၀၀ ကျော်(၁၉၀ ဟုလည်း ဖော်ပြမှုရှိ) လက်နက်ချခဲ့တာ ဖြစ်ပါတယ်၊
ဖမ်းဆီးထားတဲ့ သုံ့ပန်းတွေကိုတော့ လက်ရှိအချိန်ထိ စစ်သားလား၊ ပြည်သူလားဆိုတာကို ခွဲခြားသိနိုင်ဖို့ စစ်ဆေးနေဆဲဖြစ်ကြောင်းဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“အမျိုးအစားလိုက်၊ တစ်ဆင့်ပြီးတစ်ဆင့် အားလုံးခွဲခြားသိရှိနိုင်အောင် စစ်ဆေးနေပါတယ်။ နောက်ပြီးတော့ ကမ္ဘာ့စစ်သုံပန်း တရားဥပဒေအတိုင်း လုံခြုံတဲ့နေရာမှာ ထိန်းသိမ်းထားပါတယ်။ အားလုံးကစစ်သားဟုတ်မဟုတ် ခွဲခြားသိရှိစေဖို့ စစ်ဆေးနေကြဆဲဖြစ်တယ်။” လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။
ဖမ်းဆီးထားတဲ့ထဲမှာ ကလေးငယ်တွေ၊ အမျိုးသမီးတွေလည်းပါဝင်ပြီး အထက်အမိန့်အရ စစ်မိန့်ကိုမလွန်ဆန်နိုင်တဲ့ စစ်သားတွေဟာ သူတို့မိသားစုတွေကိုပါ ခေါ်ဆောင်လာတာမျိုးလည်း ဖြစ်နိုင်တာကြောင့် တပ်မိသားစုဝင်တွေလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။
ဖမ်းဆီးခံထားရတဲ့အထဲ အသက် ၁၈ နှစ်ကနေ ၂၂ နှစ်အတွင်းရှိ လူငယ် ၂၆ ဦး လည်းပါရှိပြီး စစ်မှုမထမ်းမနေရအမိန့်ကြောင့် စုဆောင်းခံထားရတဲ့ သူတွေဖြစ်ကြောင်း ထွက်ဆိုထားတယ်လို့ KIO/KIA သတင်းနဲ့ပြန်ကြားရေးဌာနက သိရပါတယ်။
ဖမ်းဆီးထိန်းသိမ်းထားတဲ့ ၁၀၀ ကျော်အထဲမှာ အိမ်ထောင်သည်အမျိုးသမီး ၁၇ ဦးနဲ့ ကလေးငယ် ၈ ဦး ပါဝင်ပါတယ်။
ဒါကိုကြည့်ခြင်းအားဖြင့် ပြည်သူတွေအားလုံးနီးပါး တိမ်းရှောင်သွားကြပြီဖြစ်တဲ့ ဗန်းမော်မြို့ကို ပြန်လည်နေထိုင်နိုင်အောင် စစ်တပ်ဘက်က အကောင်ထည်ဖော် ဆောင်ရွက်လာတာ ဖြစ်နိုင်ကြောင်းလည်း ဖော်ပြပါရှိပါတယ်။
လက်ရှိအချိန်မှာတော့ ရွှေကူမြို့နယ်၊ KIA တပ်မဟာ ၁၁၊ တပ်ရင်း ၁၂ ဘက်မှာ KIA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်အုပ်စုကြား တိုက်ပွဲပြင်းထန်နေဆဲပါ။
ငါးအိုးရွာမှာတပ်စွဲထားတဲ့ စစ်အုပ်စုရဲ့ တပ်မ ၃၃ တပ်ဖွဲ့တွေဟာ KIA ပူးပေါင်းတပ်တွေရှိတဲ့ဘက် မြေပြင်ထိုးစစ်အပါ လေကြောင်းတိုက်ခိုက်မှုတွေကို နေ့စဉ်ပြုလုပ်တယ်လို့လည်း သိရပါတယ်။
စစ်အုပ်စုရဲ့ စက်လက်နက်၊ ရိက္ခာနဲ့ စစ်သားတွေ တင်ဆောင်လာတဲ့ သင်္ဘောတွေ ရွှေကူဘက်ကို ဆန်တက်လာတဲ့ ဩဂုတ်လ ၂၈ ရက်နေ့လောက်ကတည်းက တိုက်ပွဲတွေပြင်းထန်ခဲ့တာ အခုထိဖြစ်ပါတယ်။
အဲဒီသင်္ဘော ၁၅ စီးထဲက ၈ စီးကိုတော့ KIA ကနေ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပြီး ၇ စီးကတော့ ဗန်းမော်မြို့ဘက် ရောက်ရှိသွားတယ်လို့လည်း သိရပါတယ်။
ဆက်လက်ပြီးလည်း စစ်အုပ်စုရဲ့ သင်္ဘော ၃၁ စီးဟာ ဂေါ်ဝန်ဆိပ်ကမ်းကနေ ကချင်ပြည်နယ်ဘက်ကို စက်တင်ဘာလ ၅ ရက်နေ့မှာ ထပ်မံဆန်တက်လာနေပြီး ဧရာဝတီမြစ်ကမ်းဘေးနေ ပြည်သူတွေ၊ ကျွန်းပေါ်နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ် သတိရှိကြဖို့ ဝက်လက်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သတိပေးထားပါတယ်။
စစ်သင်္ဘောတွေဟာ ဒီကနေ့ စက်တင်ဘာလ ၈ ရက်နေ့မှာတော့ ထီးချိုင့်မြို့နယ်ကို ရောက်ရှိနေပြီဖြစ်ပြီး အဲဒီထဲက တိုက်သင်္ဘော ၃ စီးနဲ့ သံခွန် ၁ စီးဟာ ဗန်းမော်ဘက်ကို ဆက်လက်ဆန်တက်နေတယ်လို့လည်း သိရပါတယ်။
ဗန်းမော်မြို့မှာရှိတဲ့ စစ်တပ်ရဲ့ အခြေစိုက်စခန်း ၂၀ လောက်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ကတည်းက KIA ပူးပေါင်းတပ်ဖွဲ့ကနေ တိုက်ခိုက်လာတာ နေရာအတော်များများကို ရရှိထားပြီဖြစ်ပေမဲ့ တချို့နေရာတွေကို ပြန်လည်လက်လွှတ်လိုက်ရတာတွေ ရှိခဲ့ပြီး လက်ရှိအချိန်အထိ တိုက်ပွဲတွေ ဆက်ရှိနေဆဲဖြစ်ပါတယ်။






