စက်တင်ဘာ၊၁၀
ဗန်းမော်ကိုဆန်တက်လာတဲ့ စစ်အုပ်စုရဲ့ စစ်သင်္ဘောပေါ်ကနေ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်း ၁၅၁ ဦးကို ခွဲခြားစိစစ်ထားပြီလို့ KIO/KIA သတင်းဌာနရဲ့ ဒီနေ့ စက်တင်ဘာ ၁၀ ရက်နေ့မနက် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဖမ်းမိထားတဲ့သူတွေဟာ ဗိုလ်ကြီး(အရာရှိ) ၂ ဦး၊ အရာခံဗိုလ် ၅ ဦး၊ တပ်ကြပ်ကြီး ၁၄ ဦး၊ တပ်ကြပ် ၁၂ ဦး၊ ဒုတပ်ကြပ် ၁၆ ဦးနဲ့ တပ်သား ၃၅ ဦး၊ စုစုပေါင်း စစ်သား ၈၄ ဦးအပြင် စစ်မှုမထမ်းမနေရအမိန့်နဲ့ စုဆောင်းခံထားရတဲ့ အသက် ၁၆ နှစ်ကနေ အသက် ၃၀ နှစ်ကြား လူငယ် ၃၄ ဦးလည်းပါဝင်ပြီး စုစုပေါင်းလက်နက်ကိုင်အင်အား ၁၁၈ ဦး ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အမျိုးသမီးရဲမေ တာဝန်ထမ်းဆောင်နေတဲ့ အိမ်ထောင်သည် တပ်မိသားစုဝင် အမျိုးသမီး ၁၇ ဦးနဲ့အတူ အသက် ၄ လကနေ အသက် ၄ နှစ်အရွယ်ကလေးငယ် ၈ ဦးကိုလည်း အတူတကွ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
ခွဲခြားစစ်ဆေးချိန် သင်္ဘောကြုံနဲ့ လိုက်ပါလာသူ အရပ်သား ၈ ဦးကိုလည်း တွေ့ရှိရတဲ့အတွက် သူတို့ကိုလည်း လတ်တလောမှာ ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
KIA အနေနဲ့ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကို သီးသန့်နေရာကို ရွှေ့ပြောင်းပြီး နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက် ထားတယ်လို့လည်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက စက်တင်ဘာလ ၈ ရက်နေ့မှာ မြစ်ကြီးနားသတင်းဂျာနယ်ကို ဖြေကြားထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်နေ့က ဗန်းမော်ကို ဆန်တက်လာတဲ့ စစ်အုပ်စုသင်္ဘောတွေကို KIA ပူးပေါင်းတပ်ဖွဲ့တွေ စင်းခန်းတံတားမရောက်မီ မြစ်အောက်ဘက်ပိုင်းမှာ တိုက်ခိုက်ပြီးတဲ့နောက် စစ်သုံ့ပန်းတွေကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။
အဲဒီတိုက်ပွဲမှာ သင်္ဘောပျက်စီးသွားတာကြောင့် ရေနစ်သေဆုံးသွားသူတွေနဲ့ ရေကူးလွတ်မြောက်သွားသူတွေလည်း ရှိတယ်လို့ KIA သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၁ ရက်နေ့က ဗန်းမော်မြို့ဘက်ကို ဆန်တက်လာတဲ့ စစ်အုပ်စုရဲ့ သံခွန်အပါစစ်သင်္ဘော ၁၅ စီးထဲက ၈ စီးဟာ လမ်းတလျှောက်မှာ တိုက်ခိုက်ဖျက်ဆီးခံခဲ့ရပြီး ကျန်တဲ့ ၇ စီးကတော့ ဗန်းမော်ကို ရောက်ရှိခဲ့တယ်လို့လည်း သိရပါတယ်။
အဲဒီနောက် စက်တင်ဘာလ ၅ ရက်နေ့မှာ စစ်အုပ်စုဟာ စစ်သင်္ဘောတွေအပါအဝင် ရေယာဉ် ၃၁ စီးကို ကချင်ပြည်နယ်ဘက်ဆီ ဧရာဝတီမြစ်ကြောင်းအတိုင်း ဒုတိယအသုတ်အနေနဲ့ ပြန်ပို့နေတယ်လို့ သိရပါတယ်။






