စက်တင်ဘာ၊၂၅
မြစ်ကြီးနားမြို့ကို ပြေးဆွဲနေတဲ့ လေကြောင်းခရီးစဉ်တွေအတွက် လေယာဉ်လက်မှတ် မှောင်ခိုရောင်းချတာတွေကို အရေးယူဆောင်ရွက်ဖို့နဲ့ ဒေသခံပြည်သူတွေအနေနဲ့လည်း ပူးပေါင်းကူညီပေးဖို့ အာဏာသိမ်းအစိုးရ လက်အောက်ခံ ပို့ဆောင်ရေးဝန်ကြီးဌာနက ဒီနေ့လွှတ်တော်ကတဆင့် အကူညီတောင်းခံလာပါတယ်။
ဒီနေ့လုပ်တဲ့ ပြည်သူလွှတ်တော်အစည်းဝေးမှာ မြစ်ကြီးနားအမတ် ဦးညွန့်ဝင်းက မန္တလေး- မြစ်ကြီးနား လေကြောင်းလိုင်းပြေးဆွဲတာ တိုးချဲ့ဖို့ နဲ့ မှောင်ခိုလက်မှတ်ရောင်းချတာတွေကို ထိန်းချုပ်ဖို့ မေးမြန်းချိန် ထည့်သွင်းပြောခဲ့တာပါ။
လေယာဉ်လက်မှတ်ခတွေ သတ်မှတ်ဈေးနှုန်းထက် ဈေးတင်ရောင်းချသူတွေကို အရေးယူဆောင်ရွက်ဖို့အတွက် ဒေသခံပြည်သူတွေနဲ့ ပြည်နယ်အစိုးရအဖွဲ့တို့က ပူးပေါင်းကူညီ ဆောင်ရွက်ပေးစေလိုတယ်လို့ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က အဲဒီမေးခွန်းကို ပြန်လည်ဖြေတဲ့အချိန်မှာ အကူအညီတောင်းခဲ့တာလည်း ဖြစ်ပါတယ်။
အခုချိန်မှာ မန္တလေး-မြစ်ကြီးနာ လေယာဉ်လက်မှတ်ခဟာ တရားဝင်ပေါက်ဈေး ကျပ် ၆ သိန်းခွဲ ကျော်သာ ရှိပေမဲ့ မှောင်ခိုဈေးကွက်မှာတော့ ကျပ် ၁၅ သိန်းကနေ ၁၈ သိန်းထိ ပေးဝယ်နေရတာ ဖြစ်ပါတယ်။
စစ်အုပ်စုခန့် ပို့ဆောင်ရေးဒုဝန်ကြီးကတော့ လက်မှတ်တွေကို အွန်လိုင်းကရောင်းချဖို့ လုပ်ဆောင်နေသလို အေဂျင့်တွေကတဆင့် မရောင်းချဘဲ တိုက်ရိုက်ရောင်းချဖို့လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ကချင်ပြည်နယ်မှာ ဖုန်းလိုင်းဆက်သွယ်ရေးအခက်ခဲတွေ ရှိနေတဲ့အပြင် အင်တာနက်လိုင်း ဆိုးရွာတဲ့ အခြေအနေကိုရင်ဆိုင်နေရတာဖြစ်တယ်လို့ မြစ်ကြီးနားအမတ်က ပြောပါတယ်။
မန္တလေး-မြစ်ကြီးနား လက်မှတ် မှောင်ခိုဖြစ်နေပြီး ဈေးကြီးနေရတဲ့ တရားခံနဲ့ ပတ်သက်ပြီးတော့လည်း အေဂျင့် နဲ့ ဌာနကြား အပြန်အလှန် ပြောဆိုမှုတွေ ရှိနေတယ်လို့လည်း ဒုဝန်ကြီးက ဆိုပါတယ်။
အခုချိန်မှာတော့ မန္တလေး-မြစ်ကြီးနားကားလမ်းပိုင်းကလည်း လုံခြုံစိတ်ချရတဲ့ အခြေအနေမရှိသလို ရက်ရှည်သွားနေရတာကြောင့် ကချင်ပြည်နယ်က ဒေသခံတွေဟာ လေကြောင်းလိုင်းကိုပဲ မဖြစ်မနေ အားကိုနေရတဲ့ အခြေအနေပါ။
လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနဘက်ကလည်း မြစ်ကြီးနားခရီးစဉ်တွေအတွက် လေယာဉ်လက်မှတ်ခတွေကို ဈေးနှစ်ဆအထိ တင်ရောင်းချမှုတွေ ရှိနေတာကြောင့် သတ်မှတ်ဈေးနှုန်းထက် ဈေးတင်ရောင်းသူတွေကို အရေးယူသွားမယ်လို့ ပြီးခဲ့တဲ့ ဇွန်လအတွင်း ထုတ်ပြန်ပြောဆိုထားပါတယ်။
သက်ဆိုင်ရာက ဈေးတင်ရောင်းချမှုတွေကို အရေးယူမယ်လို့ ပြောဆိုထားပေမဲ့ လက်ရှိမှာတော့ ပြင်ပအရောင်းဈေးကွက်ထဲမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ မြင့်တက်နေဆဲဖြစ်သလို လက်မှတ်ရရှိဖို့လည်း ခက်ခဲနေတုန်းပဲလို့ မြစ်ကြီးနားမြို့ခံတွေက ပြောပါတယ်။
လေယာဉ်လက်မှတ်ဈေးနှုန်း မြင့်တက်နေမှုကြောင့် မိသားစုဝင်တွေ၊ နာမကျန်းဖြစ်သူတွေ၊ ပညာသင်ကြားဖို့ သွားလာရတဲ့ လူငယ်တွေအနေနဲ့ ငွေကြေးပိုင်းဆိုင်ရာ အခက်အခဲတွေ ကြုံတွေ့နေရတဲ့အတွက် အရေးယူပေးဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။
လေကြောင်းလိုင်းပြေးဆွဲမှုကိုတော့ လေကြောင်းလိုင် ၅ ခု ဖြစ်တဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်း၊ အပြည်ပြည်ဆိုင်ရာမြန်မာအမျိုးသားလေကြောင်း၊ မင်္ဂလာလေကြောင်းလိုင်း၊ AIR သံလွင် လေကြောင်း၊ မန်းရတနာပုံလေကြောင်းလိုင်းတို့ကနေ တစ်ပတ်ကို ၁၆ ကြိမ်ပျံသန်းပေးနေတယ်လို့လည်း လွှတ်တော်မှာ ဖြေကြားသွားပါတယ်။






