စက်တင်ဘာ၊ ၂၃
ပူတာအိုဒေသအတွင်း စစ်အုပ်စုနဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေက စစ်သားစုဆောင်မှုတွေကို ခပ်စိပ်စိပ် လုပ်ဆောင်နေတဲ့အတွက် ဒေသခံပြည်သူတွေ စိုးရိမ်နေတယ်လို့ သိရပါတယ်။
ရဝမ်နဲ့ လီဆူတိုင်းရင်းသား လူမျိုးစုတွေကို အဓိကထားစုဆောင်မှုတွေ ပြုလုပ်နေတာဖြစ်တယ်လို့ ပူတာအိုဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“အားလုံးဖမ်းတယ်။ အသက်ဘယ်လောက်ဆိုပြီး ပြောတာမျိုးမဟုတ်ဘူး။ အသက် ၅၀ ကျော်တွေတောင် ပြန်ထုတ်ယူလို့မရဘူး။ မိသားစုတွေနဲ့တောင် ခဏလေးမှ အတွေ့မခံဘူး။ မိသားစုတွေအားလုံး စိတ်ညစ်နေကြတယ်။” လို့ ဆိုပါတယ်။
ပူတာအိုမြို့အတွင်း လိုက်လံစုဆောင်းနေကြတာဖြစ်ပြီး ညနေဘက်ရောက်ရင် အိမ်ထဲကနေတောင် မထွက်ရဲတဲ့ အခြေအနေမှာရှိနေပြီးတော့ ရွှေမှော်ရှိတဲ့ ရွာတွေဘက်လည်း အဖမ်းအဆီးများနေတယ်လို့ သိရပါတယ်။
ညဘက် ကျူရှင်သွားအချိန် ဖမ်းခံရတဲ့ ကျောင်းသားတွေလည်းရှိနေပြီး မိဘတွေက ပြန်လွှတ်ပေးဖို့ တောင်းဆိုတာကြောင့် တချို့ကလေးတွေကို လွှတ်ပေးခဲ့ပေမဲ့ အများပိုင်းကိုတော့ ပြန်လွှတ်မပေးကြသေးဘူးလို့ နောက်ထပ်ပူတာအိုဒေသခံတစ်ဦးက ပြောပါတယ်။
လွတ်လာကြသူတွေရဲ့ မိဘတွေဟာ ရွှေလုပ်ငန်းရှင်နဲ့ ရွှေကျင်းသားတွေဖြစ်တာကြောင့် ပိုက်ဆံနဲ့လိုက်ပြီး ကလေးတွေကို ရွေးကြတာလို့လည်း ကြားသိရပါတယ်။
တချို့လူငယ်တွေကို မိသားစုဝင်တွေက ငွေကျပ်သိန်း ၂၀၀ အထိပေးပြီး ပြန်လည်ရွေးယူရတယ်လို့လည်း ကြားသိရပြီး သီးခြားအတည်ပြုနိုင်တာတော့ မရှိပါဘူး။
စုဆောင်းထားတဲ့ သူတွေကို ပြည်သူ့စစ်စခန်းထဲမှာ ထားရှိပြီး မိသားစုတွေနဲ့လည်း တွေ့ဆုံခွင့်မပေးဘူးလို့ သိရပါတယ်။
တချို့ရပ်ကွက်၊ ကျေးရွာတွေမှာ တစ်ရွာကို အထမ်းသမား ၁၅ ဦးနှုန်းခေါ်တာမျိုးရှိသလို တချို့ရပ်ကွက်၊ ကျေးရွာတွေက လူငယ်မရှိတဲ့ အိမ်ထောင်စုတွေကိုတော့ တစ်အိမ်ထောင်ကို ၅၀,၀၀၀ ကျပ်စီ ထည့်ဖို့ ငွေကြေးကောက်ခံတာမျိုး ရှိတယ်လို့လည်း သိရပါတယ်။
စစ်အုပ်စုလက်အောက်ခံ ရဝမ်ပြည်သူ့စစ်ကနေ လွန်ခဲ့တဲ့ ၄/၅ လလောက်ကတည်းက ဘုရားကျောင်းတစ်ချို့မှာ အဲဒီလိုကြေညာချက်တွေ ထုတ်ပြန်ခဲ့တာလို့ Kagabu People’s Force – KPF တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးဆီကလည်း ကြားသိရပါတယ်။
ခေါင်လန်းဖူးဒေသဘက်မှာ လွန်ခဲ့တဲ့ ၅ လလောက်က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အချိန်ကစပြီး ဒေသအတွင်း စစ်သားစုဆောင်တာတွေနဲ့ အထမ်းသမားခေါ်ယူတာမျိုးတွေကို စစ်အုပ်စုနဲ့ ပြည်သူ့စစ်ဘက်က လုပ်ဆောင်လာတာလို့လည်း ဆိုပါတယ်။ အဲဒီဒေသဘက်မှာ လက်ရှိအချိန်ထိလည်း စစ်ရေးတင်းမာနေဆဲပါ။
ခေါင်လန်ဖူးကနေ ပူတာအိုကို စစ်ရှောင်လာကြတဲ့ ပြည်သူတွေကိုလည်း ရှေ့တန်းကို အထမ်းသွားခိုင်းတာတွေ ရှိတယ်လို့လည်း ပူတာအိုဒေသခံတစ်ဦးက ပြောပါတယ်။
“စစ်ရှောင်တွေကို ကူညီတဲ့ ထောက်ပံ့ပစ္စည်းအချို့လည်း ပြည်သူ့စစ်က ရှေ့တန်းရိက္ခာအဖြစ် သိမ်းပေးတယ်လို့ကြားရတယ်။” လို့လည်း အထက်ပါဒေသခံက ဆိုပါတယ်။
စုဆောင်းထားတဲ့သူတွေထဲက တချို့ကို မိတ္ထီလာ၊ တချို့ကို မြစ်ကြီးနားနဲ့ တချို့ကို ခေါင်လန်ဖူး(တိုက်ပွဲဖြစ်ပွားနေသည့်နေရာ) စတဲ့မြို့တွေဆီ ခွဲပို့တယ်လို့ ကြားသိရကြောင်းလည်း ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။






