ပြီးခဲ့တဲ့လက စစ်အုပ်စုရဲ့ တိုက်ခိုက်မှုကြောင့် ကချင်မှာ သေဆုံးသူ ၂ ဦးနဲ့ ဒဏ်ရာရရှိသူ ၁၃ ဦးရှိကြောင်း KHRW ပြော

3

 

နိုဝင်ဘာ၊ ၂

ကချင်ပြည်နယ်တစ်ဝန်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း စစ်အုပ်စုတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၃ ဦးရှိကြောင်း ဒီကနေ့ နိုဝင်ဘာလ ၂ ရက်နေ့မှာ Kachin Human Rights Watch (KHRW) က အစီရင်ခံစာထုတ် ပြန်ပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့က ရွှေကူမြို့နယ်၊ မန်နားနဲ့ စီသာကျေးရွာအစပ်ကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး နောက်တစ်ရက် ၁၆ ရက်နေ့မှာလည်း စီသာဈေးတန်းကို စစ်တပ်က ဒရုန်းနဲ့ ပစ်ခတ်တာကြောင့် ဈေးသည်အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးခဲတယ်လို့ ဆိုပါတယ်။

သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေထဲမှာတော့ ဖားကန့်မြို့နယ်က အများဆုံးဖြစ်ပြီး ရွှေကူမြို့နယ်နဲ့ ဗန်းမော်မြို့နယ်က ပြည်သူတွေလည်းပါတယ်လို့ သိရပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်၊ လက်နက်ကြီး/ဒရုန်းနဲ့ တိုက်ခိုက်မှု ၃ ကြိမ်၊ ဘုရားကျောင်းမီးရှို့မှုတစ်ကြိမ် ရှိခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၁၃ ရက်နေ့မှာလည်း မြစ်ကြီးနားမြို့၊ နောင်နန်းရပ်ကွက်(၄) မြစ်ကမ်းနားမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေတွေဟာ အမျိုးသမီးနဲ့ ကလေးငယ်အပါ ဒေသခံပြည်သူ အယောက် ၂၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း ဖော်ပြပါတယ်။

အစီရင်ခံစာထဲ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အရပ်သားပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်မှုတွေနဲ့ အများပြည်သူဆိုင်ရာ အခြေခံအဆောက်အအုံတွေ ဖျက်ဆီးခံရမှု အခြေအနေတွေနဲ့ပတ်သက်ပြီး ရှင်းလင်းရေးသားဖော်ပြထားပါတယ်။

အဲဒီဖြစ်ရပ်တွေအရ စစ်တပ်ဟာ အရပ်သားပြည်သူတွေနဲ့ စစ်ရေးပစ်မှတ်တွေကို ခွဲခြားမှုမရှိဘဲ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ (International Humanitarian Law) နဲ့ ဂျီနီဗာသဘောတူညီချက် (Geneva Conventions) တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာ ထင်ရှားကြောင်း ဆိုပါတယ်။

အပြစ်မဲ့ပြည်သူတွေ သေဆုံး၊ ဒဏ်ရာရရှိမှုတွေနဲ့ ဘာသာရေးအဆောက်အအုံတွေ၊ အများပြည်သူအသုံးပြုနေတဲ့ တံတားတွေနဲ့ လူနေအိမ်တွေ မီးရှို့ဖျက်ဆီးခံရမှုတွေဟာ စစ်ရာဇဝတ်မှု (War Crimes) ကို ကျူးလွန်နေတာ ဖြစ်ကြောင်းလည်း ဖော်ပြပါရှိပါတယ်။

အဲဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေအနေနဲ့ ကချင်ပြည်နယ်အတွင်းက ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ပေးနိုင်ရေးအတွက် စစ်ကောင်စီအပေါ် ထိရောက်တဲ့ အရေးယူပိတ်ဆို့မှုတွေကို အမြန်ဆုံးလုပ်ဆောင်ပေးဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အခြား စစ်ရေးတိုက်ခိုက်မှုတွေကနေ အရပ်သားပြည်သူတွေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ဖို့ နိုင်ငံတကာအနေနဲ့ အရေးပေါ်ဆောင်ရွက်ပေးဖို့နဲ့ လိုအပ်နေတဲ့ လူသားချင်းစာနာမှုအကူအညီတွေ (Humanitarian Aid) အချိန်မီရရှိရေးအတွက် ဝိုင်းဝန်းကူညီပေးကြဖို့အတွက်ပါ KHRW က တိုက်တွန်းထားပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here