နိုဝင်ဘာ၊ ၃
အမေရိကန်ဟာ မြန်မာနိုင်ငံကနေ မြေရှားသတ္တုရရှိနိုင်ဖို့ ဆောင်ရွက်မယ်ဆိုပြီး မြန်မာနဲ့ပတ်သက်တဲ့ သူတို့ရဲ့ မူဝါဒအသစ်မှာ ထည့်သွင်းဖော်ပြလာပါတယ်။
ဩဂုတ်လ ၃၁ ရက်နေ့မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပြီး အောက်တိုဘာလထဲ ထုတ်ပြန်ခဲ့တဲ့ မြန်မာနဲ့ပတ်သက်တဲ့ မူဝါဒစာတမ်းမှာ အဲဒီလိုဖော်ပြထားတာပါ။
အမေရိကန်မစ်ရှင်(သံရုံး) ဟာ မြန်မာနိုင်ငံရဲ့ ပေါကြွယ်ဝတဲ့ မြေရှားသတ္တု အရင်းအမြစ်တွေဆီ ဝင်ရောက်နိုင်မယ့် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့နဲ့ ငွေလိမ်ဂိုဏ်းတွေကို တိုက်ဖျက်နိုင်ဖို့ ဆောင်ရွက်ရမယ်လို့ မူဝါဒမှာ ရေးထားပါတယ်။
အဲဒီအတွက် ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်စနစ်၊ နယ်မြေဒေသ သတ်မှတ်ပိုင်းခြားရေး စတာတွေအတွက် ခိုင်မာတဲ့ သဘောတူညီချက်တွေပေါ်ထွက်လာအောင် ဘက်ပေါင်းစုံပါဝင်တဲ့ ဆွေးနွေးပွဲတွေကို အနည်းဆုံးသုံးခု ဆောင်ရွက်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
အမေရိကန်က ထုတ်ပြန်လိုက်တဲ့ အဲဒီမူဝါဒအသစ်ဟာ ၂၀၃၀ အထိ ရည်ရွယ်ထားတဲ့ မူဝါဒတွေဖြစ်ပြီး ဥပဒေတော့ မဟုတ်ပါဘူး။
အဲဒီမူဝါဒတွေထဲမှာတော့ မြေရှားအပြင် အမေရိကန်မှာ ဗီဇာသက်တမ်းကျော်နေတဲ့ မြန်မာနိုင်ငံသားတွေ လုံဝမရှိအောင် လုပ်မယ်ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။
ဒါ့အပြင် ဒေါ်လာ ၅ သန်းကျော်တန် စီးပွားရေး ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် အနည်းဆုံး သုံးခု ရအောင်လုပ်ဖို့နဲ့ ၂၀၃၀ အကုန်မှာ မြန်မာကဝယ်တဲ့ အမေရိကန်ရဲ့ ကုန်ပစ္စည်းနဲ့ စိုက်ပျိုးရေး ထွက်ကုန် သုံးဆဖြစ်အောင် လုပ်ရမယ်ဆိုတာတွေလည်း ပါဝင်ပါတယ်။
တိုက်ပွဲတွေ ရပ်စဲဖို့နဲ့ ရေရှည် အပစ်အခတ်ရပ်ဖို့အတွက်လည်း ကူညီမယ်ဆိုတဲ့ အချက်ပါဝင်သလို ပြည်နယ်နဲ့ ဒေသအဆင့်က အတိုက်အခံ အဖွဲ့တွေကြား ကွဲပြားမှုတွေကို လျှော့ချပြီး တစ်နိုင်ငံလုံးအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ပြင်ဆင်မယ်ဆိုတာတွေလည်း ပါဝင်ပါတယ်။
အမေရိကန်ရောက် မြန်မာဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူဖြစ်တဲ့ ဦးဂျိမ်းစ်ရွှေကတော့ “အမေရိကန် လိုချင်တဲ့ အရာအများစုဟာ နေပြည်တော် လက်ထဲမှာ မရှိပါဘူး။ အဓိက ရှားပါးမြေ ထွက်တဲ့ ချီဖွေ၊ ပန်ဝါ ဒေသကို KIO က ထိန်းချုပ်ထားပါတယ်။ တော်လှန်ရေး အင်အားစုတွေ မပါဘဲ ငြိမ်းချမ်းရေး အလုပ်မဖြစ်ပါဘူး” လို့လည်း သူက အမေရိကန်ရဲ့ မူဝါဒနဲ့ပတ်သက်ပြီး သူ့အမြင်ကို ရေးထားပါတယ်။
မြန်မာနိုင်ငံမှာတော့ မြေရှားသတ္ထုတွေဟာ KIO/KIA ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်က ထွက်ရှိသလို ရှမ်းပြည်နယ် မြောက်ပိုင်းက မြေရှားလုပ်ကွက်တွေကိုလည်း ကိုးကန့်တပ် MNDAA ၊ TNLA တို့ကထိန်းချုပ်ထားပြီး ရှမ်းအရှေ့က မြေရှားတွေကိုလည်း UWSA လို အင်အားကြီးလက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားပါတယ်။






