ကချင်ပြည်နယ်၌ ယခုနှစ်အတွင်း တနိုင်းမြို့နယ်တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုနှင့် မိုင်းဒဏ်သင့်မှု အများဆုံးဖြစ်

1125
မြေမြှုပ်မိုင်း

အောက်တိုဘာ ၃၀
ကချင်ပြည်နယ်တွင် ယခုနှစ်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုနှင့် မိုင်းဒဏ်သင့်မှု အများဆုံး ဖြစ်ပွားခဲ့သည့် မြို့နယ်မှာ    တနိုင်းမြို့နယ် ဖြစ်ကြောင်း ပြည်နယ်ကြက်ခြေနီအသင်းမှသိရသည်။

ပြည်နယ် ကြက်ခြေနီအသင်းမှ ၂၀၁၈ ခုနှစ် စက်တင်ဘာလကုန်အထိ ကောက်ခံထားသော စာရင်းများအရ တနိုင်း         မြို့နယ်၌ မြေမြှုပ်မိုင်းပေါက်ကွဲမှု ၂၈ ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး ပြည်သူ ၃၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ကျန်မြို့နယ်များတွင်လည်း ဖြစ်ပွားခဲ့ရာ ဖားကန့်မြို့နယ်တွင် ၁၅ ကြိမ်၊ မိုးကောင်းနှင့် မြစ်ကြီးနား မြို့နယ်တို့တွင် လေးကြိမ်၊ မိုးညှင်းမြို့နယ်တွင် သုံးကြိမ်၊ မိုးမောက်မြို့နယ်တွင် နှစ်ကြိမ်၊၀ိုင်းမော်မြို့နှင့် ချီဖွေမြို့နယ်များတွင်   တစ်ကြိမ်စီ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုပေါက်ကွဲမှု ဖြစ်စဉ်များ၌ ဖားကန့်မြို့နယ်တွင် ပြည်သူ ၁၇ ဦး၊ မိုးကောင်းမြို့နယ်တွင် ၅ ဦး၊ မြစ်ကြီးနား မြို့နယ်တွင် ၄ ဦးနှင့် မိုးညင်းမြို့နယ်တွင် ၄ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြပြီး ၀ိုင်းမော်၊ ချီဖွေနှင့် မိုးမောက်မြို့နယ်တို့တွင် ထိခိုက်ဒဏ်ရာရှိသူ မရှိခဲ့ကြောင်း ကြက်ခြေနီစာရင်းများအရ သိရသည်။

“ကျွန်မတို့ ပြည်နယ်ကြက်ခြေနီအသင်းကနေပြီးတော့ မိုင်းနဲ့ပတ်သက်တာတွေကို အသိပညာပေး တာတွေက တစ်လကိုနှစ်ကြိမ်လောက် ပုံမှန်လုပ်နေပါတယ်။ ဒါပေမယ့် ကျွန်မတို့မှာက ဘတ်ဂျက်မရှိတော့ မိုင်းဒဏ်သင့် လူနာတွေ ကိုတော့ ကူညီမှု မလုပ်နိုင်သော်လည်း ကူညီပေးနိုင်မယ့်အခြားအဖွဲ့တွေကိုတော့ ချိတ်ဆက်ရှာဖွေပေးပါတယ်”ဟု     ပြည်နယ်ကြက်ခြေနီရုံးမှ မိုင်းအန္တရာယ်အသိပညာပေး ဦးစီးအရာရှိ ဒေါ်သင်းသင်းမြတ်က မြစ်ကြီးနားသတင်းဂျာနယ်သို့ပြောသည်။

မြန်မာနိုင်ငံအတွင်း မိုင်းအန္တရာယ် ထိခိုက်ကြုံတွေ့နေသူများအပေါ် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများဆောင်ရွက်ပေးနေသည့် ဒိန်းမတ်လူမှုရေးအဖွဲ့အစည်း (DRC) ကလည်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော    စစ်တွင်းကြွင်းကျန်လက်နက်များ၏ ခြိမ်းခြောက်မှု အန္တရာယ်သည် နှစ်ပေါင်းများစွာ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကချင်ပြည်နယ်အတွင်းတွင်လည်း ခြိမ်းခြောက်မှုများ ကြုံတွေ့နေရဆဲဖြစ်ကြောင်း အောက်တိုဘာလ ၂၆ ရက်နေ့က    သတင်းထုတ်ပြန် ပြောဆိုသည်။

“ကျွန်တော့်အနေနဲ့ ပြောရမယ်ဆိုရင်တော့ အရင်နှစ်ကတော့ မိုးကောင်း၊ မိုးညှင်းချောင်းရိုး တစ်လျှောက်တွေမှာ      မိုင်းဖြစ်စဉ်က အများဆုံးဖြစ်ပါတယ်။ ဒါပေမယ့် ဒီဘက်နှစ်မှာတော့ လ၀ါးနဲ့ တနိုင်းကြားက ရှဒူးဇွပ်တို့မှာ ဖြစ်တဲ့      မိုင်းဖြစ်စဉ်က ပိုဖြစ်လာပါတယ်”ဟု ဒိန်းမတ်လူမှုရေး အဖွဲ့အစည်းမှ တာဝန်ခံ Mr. Pascal Simon က အောက်တိုဘာလ ၂၆ ရက်နေ့က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန်ပစ္စည်းများ၏ အန္တရာယ် ကြောင့်    ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ထိခိုက်သေဆုံးမှုပေါင်း ၃၃၇ ခု ရှိခဲ့ကြောင်း ယခုနှစ်အစောပိုင်း (ဧပြီ ၄         ရက်နေ့)က ကုလသမဂ္ဂ OCHA Myanmar မှ သတင်းထုတ်ပြန်ခဲ့သည်။

ထို့အပြင် ၂၀၁၇ ခုနှစ်အတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုင်းအန္တရာယ် အသိပညာ ပေးရေးလုပ်ငန်း၊      မိုင်းနှင့် စစ်လက်ကျန်ပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် ထိခိုက်သေဆုံးသူ များနှင့် မိသားစုအတွက် ငွေကြေးထောက်ပံ့ခြင်း၊ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ပံ့ပိုးပေးခြင်း၊ မိုင်းအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်ရန်အတွက်   မြန်မာနိုင်ငံလူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေမှ ပြည်တွင်းနှင့်နိုင်ငံတကာအဖွဲ့အစည်းများ အတွက်အမေရိကန်ဒေါ်လာ ၃၅၀၀၀၀ ပံ့ပိုးပေးခဲ့ကြောင်း ထို သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆိုင်း(ကချင်မြေ)

LEAVE A REPLY

Please enter your comment!
Please enter your name here