ဒီဇင်ဘာ ၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ ရောက်ရှိလာခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်နှစ်ဦးစလုံးက ငြိမ်းချမ်းရေးအတွက် နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းများ အချင်းချင်း စကားများများ ပြောဆိုဆွေးနွေးသွားကြရန် တိုက်တွန်းခဲ့သည်။

ဒီဇင်ဘာလ ၃ ရက်နေ့မှ စတင်ပြီး ၃ ရက်အကြာ ရောက်ရှိလာသည် ဗြိတိန်သံအမတ် Mr.Dan Chugg နှင့် အမေရိကန်သံအမတ် H.E Scot Marciel တို့က ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးရရှိရေးနှင့် စစ်ရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် မြန်မာ့တပ်မတော်နှင့် ကေအိုင်အေတို့ ထိပ်တိုက်ဆွေးနွေးမှုများ အဆက်မပြတ်ပြုလုပ်သင့်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

Mr.Dan Chugg British Ambassador
Mr.Dan Chugg British Ambassador

“ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပါဝင်နေတဲ့ ဘယ်အဖွဲ့အစည်းမဆို သွားရောက် စကားပြောပါတယ်။ သူတိုနဲ့ ကျွန်တော်သွားရောက်ဆွေးနွေးတဲ့အခါမှာ ဒီလိုမျိုး ပြောဆိုဆက်ဆံတာတွေကို ဘယ်တော့မှ မရပ်ပါနဲ့လို့ ကျွန်တော် ပြောပါတယ်။ တစ်ယောက်နဲ့တစ်ယောက်စကားဆက်ပြောပါ။ ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်နေပါစေ စကားကိုဖြစ်အောင် ဆက်ပြောကြပါဆိုပြီး ကျွန်တော်အမြဲ တိုက်တွန်းအားပေးပါတယ်” ဟု ဗြိတိန်သံအမတ် Mr.Dan Chugg က သုံးသပ်ပြောဆိုခဲ့သည်။

အမေရိကန်သံအမတ် H.E Scot Marciel ကလည်း မိမိတို့အနေဖြင့် အစိုးရနှင့်ဖြစ်စေ တပ်မတော်နှင့်ဖြစ်စေ ကေအိုင်အို/အေနှင့်ဖြစ်စေ တွေ့ဆုံသည့်အချိန်တိုင်း တိုက်တွန်းသည်မှာ ငြိမ်းချမ်းရေးလမ်းစဉ်တွင် စိတ်ပျက်စရာနှင့် ကြုံကောင်း ကြုံနိုင်သော်လည်း ဇွဲမလျှော့ဘဲ နှစ်ဘက်တွေ့ဆုံညှိနှိုင်းမှုများကို ဆက်လက်လုပ်ဆောင်သွားရန် တိုက်တွန်းခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများ ပါဝင်ခြင်းအားဖြင့် ၃၀ ရာခိုင်နှုန်း အထောက်အကူဖြစ်ကြောင်း  ရှာဖွေတွေ့ရှိထား၍ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကို ဖော်ဆောင်သည့် အခါတွင်လည်း အမျိုးသမီးများကို နေရာပေးပြီး အလေးထားဆောင်ရွက်သင့်ကြောင်း Mr. Dan Chugg က ပြောကြားခဲ့သည်။

အထက်ပါ  သံအမတ်နှစ်ဦး၏ သုံးရက်တာခရီးစဉ်အတွင်း  HIV/AIDs အရေး၊ မူးယစ်ဆေးဝါး အရေး၊ စစ်ရှောင်ပြည်သူများအရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအကြောင်းကို လေ့လာဆွေးနွေးခဲ့ပြီး စစ်ရှောင်များ ကူညီထောက်ပံ့မှုရရှိရေးနှင့် နေရပ်ပြန်နိုင်ရေးအတွက် ယင်းတို့အစိုးရမှ ကူညီထောက်ပံ့ ပေးသွားမည်ဟု ကတိပေးပြောကြားခဲ့ပြီး ကူညီထောက်ပံ့ရရှိနိုင်ရန် ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်းသွားမည်ဟုလည်း ဆိုသည်။

H.E Scot Marciel U.S Ambassador
H.E Scot Marciel U.S Ambassador

“မြန်မာနိုင်ငံ အနေအထားနဲ့ ပြောရမယ်ဆိုရင်တော့ အစိုးရရော၊ ပြီးတော့ တပ်မတော်ရောပေါ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာသွားရတဲ့ သူတွေကို အကူအညီပေးဖို့ နိုင်ငံတကာ ဥပဒေတွေနဲ့အညီ ခွင့်ပြုချက်တွေ သွားလာခွင့်တွေ ပေးဖို့ လိုအပ်တယ်ဆိုတာကို ကျွန်တော်တို့က ပြောသွားမှာ ဖြစ်ပါတယ်”ဟု အမေရိကန်သံအမတ်က ပြောသည်။

နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူများသည် ငြိမ်းချမ်းရေး မရရှိသေးခြင်းကြောင့် စိုးရိပ်ပူပန်နေရသည့်အပြင် ၎င်းတို့ စွန့်လွှတ် ချန်ထားခဲ့သည့် မြေယာများနှင့်ပတ်သက်သည့် ပူပန်မှုများ ကြုံတွေ့နေရပြီး အထူးသဖြင့် စစ်ရှောင်များပိုင်ဆိုင်သည့် မူရင်းရပ်ရွာမှ မြေများပေါ်တွင် တစ်သျှူးငှက်ပျောများ စိုက်ပျိုးလာခြင်းကြောင့် မြေယာဆုံးရှုံးရမည့် အခြေအနေတစ်ရပ်ကို စစ်ရှောင်များ ရင်ဆိုင်နေရသည်ကို သိခွင့်ရရှိခဲ့သည်ဟုလည်း အမေရိကန်သံအမတ် ထပ်ဆင့်ပြောဆိုသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ဗြိတိန်အစိုးရမှ Joint Peace Fund (JPF) မှ ထောက်ပံ့ပေးအပ်ခြင်းများ ပြုလုပ်ပေးလျက်ရှိကာ အမေရိကန်အစိုးရမှလည်း ယခုနှစ်တွင် ဒေါ်လာ သန်းပေါင်း ၁၂၀ ကျော် ထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

အမေရိကန်သံမတ်၏ ကချင်ပြည်နယ် ခရီးစဉ်သည် ငါးကြိမ်မြောက်ဖြစ်၍ ဗြိတိန်သံအမတ်မှာ ပထမဦးဆုံးအကြိမ်အဖြစ် ရောက်ရှိလာခြင်းဖြစ်သည်။

စည်သူ(မြစ်ကြီးနား)