ခေါင်လန်ဖူး ကားလမ်းပိုင်းဖွင့်ပွဲသို့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ဖွင့်လှစ်

1820
Aung San Su Kyi

မြစ်ကြီးနား၊ ဇန်နဝါရီ ၁၀

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သက်ဆိုင်ရာ ဝန်ကြီးများနှင့် ဇန်နဝါရီလ ၈ ရက် နံနက်ပိုင်းက ပူတာအိုခရိုင်သို့ သွားရောက်ကာ နောင်မွန်းမြို့မှ ဆယ်မိုင်ခန့်အကွာရှိ မဂွေဇမှ ဆန်းလွတ်ချက် တောင်ထိပ် ၃၃ မိုင် ၆ဖာလုံ လမ်းပိုင်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကာ နောင်မွန်း၊ မချမ်းဘောနှင့်ပူတာအို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

လမ်းပိုင်းဖွင့်ပွဲ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က အမှာစကားပြောကြားခဲ့ရာ ဒေသခံပြည်သူများနှင့် တွေ့ဆုံရခြင်းကြောင့် ဝမ်းသာကြောင်းနှင့် လမ်းဖောက်လုပ်ခြင်းဖြင့် ဒေသဖွံ့ဖြိုးရေးအတွက်သာမက တိုင်းရင်းသားများ အားလုံးကြား အချင်းချင်း နီးစပ်လာစေရန် ပြုလုပ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

“လမ်းမဖောက်ဘဲ တစ်ယောက်နဲ့တစ်ယောက် ထိတွေ့မှုရှိဖို့ဆိုတာ မလွယ်ပါဘူး။ လမ်းဖောက်လိုက်တယ်ဆိုတာနဲ့ပဲ ထိတွေ့မှုတံတားကြီးတစ်ခု ဆောက်လိုက်သလိုပါပဲ။ ဖွံ့ဖြိုးမှုဆိုတာ နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးပေမယ့် ပိုပြီးအရေးကြီးတာက ညီညွတ်မှုအင်အားပဲဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လမ်းများ ကောင်းမွန်လျှင် ဒေသဖွံ့ဖြိုးရေးအစီအစဉ်များကို ထိထိရောက်ရောက် လုပ်ကိုင်နိုင်မည့် အခွင့်အရေးများ ရရှိလာမည်ဖြစ်ကြောင်းနှင့် နိုင်ငံတစ်နိုင်ငံ၏ ဆင်းရဲချမ်းသာကွာဟမှုသည် လမ်းပန်းဆက်သွယ်ရေး အခက်အခဲနှင့်လည်း  ပတ်သက်နေသည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

“ဒီ အစီအစဉ်ဟာ ကျွန်မတို့ရဲ့ တိုင်းရင်းသားများအားလုံး စိတ်ပိုင်းဆိုင်ရာအရ၊ ရုပ်ပိုင်းဆိုင်ရာအရ ဖွံ့ဖြိုးတိုးတက်ဖို့ပဲ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ အားလုံးတစ်ပြေးညီ ဖြစ်တယ်ဆိုတာဟာလည်း နိုင်ငံရဲ့ ဂုဏ်သိက္ခာပါပဲ”ဟု ပြောသည်။

ခေါင်လန်ဖူးဒေသသည် ကားလမ်းမပေါက်သည့် ဒေသတစ်ခုဖြစ်ပြီး နောင်မွန်းမြို့မှ ရက်သတ္တပတ်ခန့် လမ်းလျှောက်ရသည့်ဒေသဖြစ်သည်။

ယင်းနောက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က မဂွေဇ- ဆန်းလွတ်ချက်တောင်ထိပ် (၃၃မိုင် ၆ဖာလုံ) လမ်းပိုင်း ဖောက်လုပ်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဖောက်လုပ်သွားမည့် လမ်းလုပ်ငန်းဆိုင်ရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသွားခဲ့ကာ လမ်းပိုင်းဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မဂွေဇ – ခေါင်လန်ဖူးမြို့နှင့် မချမ်းဘောမြို့များသို့ သွားရောက်ကာ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးအခြေအနေများ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

၎င်းတွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဝေးလံခေါင်သီဒေသများ ဖွံ့ဖြိုး တိုးတက်ရေးကို အထူးအလေးပေး ကူညီဆောင်ရွက်လိုပါကြောင်း၊ တန်းတူညီမျှရေးသည် အရေးပါပြီး ခက်ခဲသည့် ဒေသများသည် ပို၍အရေးပါကြောင်း၊ ဖွံ့ဖြိုးမှုနည်းသည့် ဒေသများအတွက် ဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံးရရှိစေရန် ပံ့ပိုးရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ပြည်ထောင်စုဖြစ်သည်နှင့်အညီ တိုင်းရင်းသားများအားလုံးတန်းတူညီတူ အခွင့်အရေးရရန် ဆောင်ရွက်ရကြောင်းကို ပြောကြားခဲ့သည်။

ဒေသခံများတင်ပြသည့် ကြိုးပြင်တောကိစ္စနှင့် ပတ်သက်၍ ကြိုးပြင်တော ကာကွယ်ရေးဆိုသည်မှာ နောင်တွင် မပျောက်ပျက်အောင် ထိန်းသိမ်းဆောင်ရွက်ရခြင်း ဖြစ်ကြောင်းနှင့် ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေးလိုအပ်ချက်နှင့် ညှိနှိုင်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ဒေသတွင်း ရှိသည့် တန်ဖိုးရှိ ဆေးဖက်ဝင်မျိုးပင်များ မပြုန်းတီးစေရန်နှင့်  ဒေသခံများအတွက် စားဝတ်နေရေးမထိခိုက်ဘဲ အထောက်အကူပြုစေရန် စဉ်းစားဆောင်ရွက်မည် ဖြစ်ကြောင်းကိုလည်း ဆက်လက် ပြောကြားခဲ့သည်။

ဒေသခံကလေးများ၏ အခြေခံပညာအထက်တန်းအဆင့် အောင်ချက်ရာခိုင်နှုန်း နည်းပါးခြင်းနှင့် ပတ်သက်၍ ဆရာ၊ ဆရာမများကို သင်တန်းပေးရန် လိုအပ်သည်ဟု စဉ်းစားမိကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ကလေးများ အောင်ချက် ကောင်းအောင် သင်ကြားပေးနိုင်ရန်အတွက် မွမ်းမံသင်တန်းပေးသည့် အစီအစဉ်များကို ကြိုးစားလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ လုံလောက်သော သင်ထောက်ကူပစ္စည်းများကိုလည်း ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကျန်းမာရေးနှင့် ပတ်သက်သော လိုအပ်ချက်များကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး အမြန်ဆုံးဖြစ်မြောက်အောင် လုပ်ဆောင်ပေးမည့်အကြောင်းနှင့် တိမ်ကောလယ်ယာမြေများ အမြန်ဆုံး ပြန်လည်စိုက်ပျိုးနိုင်ရေးနှင့် အမြန်ဆုံးဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းကိုလည်း ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က ပူတာအိုမြို့ရှိ ဒေသခံများနှင့်လည်းတွေ့ဆုံကာ ငြိမ်းချမ်းရေးရရှိရန် လိုအပ်ချက်၊ မူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်ရေး၊ ဒေသခံ ဘွဲ့ရလူငယ်များအတွက် ဒေသတွင်း အလုပ်တာဝန် ပြန်လည်ခန့်ထားရေး အစရှိသော တင်ပြချက်များကိုလည်း ဆွေးနွေးသွားခဲ့ကြောင်း သိရသည်။

Ann

LEAVE A REPLY

Please enter your comment!
Please enter your name here