စောနဒီ(မြစ်ကြီးနား)
“ဒီရုပ်တုက ကျွန်တော့်အတွက်လို့ မခံယူပါဘူး။ မြစ်ကြီးနား ဒူကထောင်ရပ်ကွက်က လူငယ်တစ်ယောက်က ကမ္ဘာ့ချန်ပီယံဖြစ်နိုင်တယ်။ ဒါ့ကြောင့် ဒီကလူငယ်အားလုံးလည်း တစ်နေ့ကျရင် ကမ္ဘာ့ချန်ပီယံ ဖြစ်လာနိုင်တယ်။ အားလုံး အဲဒီစိတ်နဲ့ ကြိုးစားကြစေချင်ပါတယ်”
(အောင်လအင်န်ဆန်)
ဒီဇင်ဘာ ၁၅ ရက်နေ့က အောင်လအင်န်ဆန် ပုံတူကြေးရုပ်တု ဖွင့်ပွဲမှာ အောင်လအင်န်ဆန် ပြောခဲ့တဲ့ စကားတစ်ခွန်း ဖြစ်ပါတယ်”
MMA(One Championship) ကမ္ဘာ့ချန်ပီယံ ခါးပတ်နှစ်ခုပိုင်ရှင် ဖြစ်တဲ့ အောင်လအင်န်ဆန်ဟာ ကချင်တိုင်းရင်းသား တစ်ယောက် ဖြစ်ပါတယ်။
အသက်က ၃၃ နှစ်။
မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်နှစ်ခု ပိုင်ရှင်။
MMA ပြိုင်ပွဲတစ်လျှောက်၃၄ ပွဲ ယှဉ်ပြိုင်ခဲ့ရာမှာ ၂၄ ပွဲနိုင်ထားပြီး ၁၀ ပွဲ ရှုံးနိမ့်ထားသူ။
သူ့ကို ဂုဏ်ပြုတဲ့ ကြေးရုပ်တုကြီးဟာ ၉ ပေမြင့်တယ်။ မြစ်ကြီးနား မနောင်ကွင်းမှာရှိတဲ့ မဂျွယ်ခန်းမဆောင်အနီးမှာ ရှိတယ်။ သုံးလလောက် ကြာအောင် ပြုလုပ်ခဲ့တဲ့ ကြေးရုပ်တုကြီးဟာ အခုတော့ ပြည်သူလူထုရဲ့ မြတ်နိုးတန်ဖိုးထားရတဲ့ရုပ်တုတစ်ခုအဖြစ် ဖြစ်တည်လာခဲ့ရပြီ။ ချန်ပီယံခါးပတ်ကြီးကို ကိုင်ဆောင်ထားတဲ့ရုပ်တုကြီးပေါ့။ ကြေးရုပ်တုကြီးအတွက် ကုန်ကျစရိတ်ဟာ မြန်မာငွေကျပ် သိန်း၅၀ဝ လောက် ရှိတယ်လို့ သိရတယ်။
ထောင်သောင်း ချီနေတဲ့ပရိသတ်ကြီးရဲ့ ပါးစပ်ဖျားမှာ “အောင်လအင်န်ဆန်၊အောင်လအင်န်ဆန်” ဆိုတဲ့ကြွေးကြော်သံဟာ မဂျွယ်ခန်းမကြီးဝန်းကျင်ကနေ ပျံတက်လို့။
ပြီးတော့ တငြိမ့်ငြိမ့်စီးဆင်းနေတဲ့ ဧရာဝတီရဲ့ကျောပေါ်မှာ အောင်လအင်န်ဆန်ဆိုတဲ့ ကြွေးကြော်သံတွေဟာစီးဆင်းလို့။
ဒါဟာ မြစ်ကြီးနားမြို့၊ဒူကထောင် ရပ်ကွက်က လူငယ်တစ်ယောက်ရဲ့ အောင်ပွဲ။
မြစ်ကြီးနားမြို့ရဲ့ အောင်ပွဲ။
ကချင်ပြည်နယ်ရဲ့ အောင်ပွဲ။
မြန်မာလူထုရဲ့ အောင်ပွဲ။
စပါးကြီးမြွေတစ်ကောင်ရဲ့ ကမ္ဘာသူ ကမ္ဘာသားတွေအပေါ်၊ ပြည်သူလူထုအပေါ် ညှို့ယူဖမ်းစားနိုင်လိုက်တဲ့ အောင်ပွဲပါပဲ။
အောင်လအင်န်ဆန် သို့မဟုတ် မြန်မာ့စပါးကြီးမြွေတစ်ကောင်ပေါ့။
ပြီးခဲ့တဲ့ မနောင်ပွဲမှာအောင်လအင်န်ဆန်ရဲ့ ပုံတွေပါတဲ့ အင်္ကျီတွေ ကလေးဝတ်၊လူကြီးဝတ်တွေ ရောင်းချနေတာကို တွေ့ခဲ့ရပါတယ်။
ရောင်းချသူ ဈေးသည်မလေးမှာ ရောင်းလိုက်ရတာလက်ကိုမလည်။ ဟိုအရောင်လေး ပေးပါဦး၊ ဒီအရောင်လေး ပေးပါဦး။
တချို့ဆို အောင်လအင်န်ဆန်အင်္ကျီကို ချက်ချင်းဝတ်လို့။ ပြုံးလို့ပျော်လို့။ ကလေးတွေ ချစ်တဲ့ အောင်လအင်န်ဆန်။ လူကြီးတွေချစ်တဲ့ အောင်လအင်န်ဆန်။
ပြည်သူချစ်တဲ့ အောင်လအင်န်ဆန်။
မြန်မာ ပြည်သူတွေရဲ့ အောင်လအင်န်ဆန်။
အောင်လအင်န်ဆန်ဟာပြည်သူလူထုရဲ့ အသည်းနှလုံးကို သိမ်းပိုက်လိုက်ပြီ။
အောင်လအင်န်ဆန်ကကချင်တိုင်းရင်းသား။ ဒါပေမဲ့ အောင်လအင်န်ဆန်ဆိုတာ အားလုံးရဲ့ အချစ်တော်၊အားလုံးရဲ့ အသည်းစွဲ။
ပြောရရင် ငြိမ်းချမ်းရေးအတွက် အလင်းတစ်စ။
ကိုးကွယ်မှု မတူ၊ ဘာသာမတူ။ သူသူငါငါ အများကအောင်လအင်န်ဆန်ကို ချစ်လိုက်ကြတာ မြင်တော့ သူဟာ ငြိမ်းချမ်းရေးကို ခေါ်ဆောင်လာနိုင်သူ တစ်ယောက်အဖြစ် မျှော်လင့်မိတာပါပဲ။
အောင်လအင်န်ဆန်။
ဘုရားသခင်က ပေးလိုက်တဲ့ လက်ဆောင်တစ်ခု။
အောင်လအင်န်ဆန်။
ငြိမ်းချမ်းရေးရဲ့ အလင်းရောင်။
ဖြစ်ပါစေ။
• •
ခြင်္သေ့တစ်ကောင်လို။
ကျားတစ်ကောင်လို။
မိုးကြိုးပစ်သလို။
လျှပ်စီးလက်သလို။
လျှင်မြန်သူ။ သန်မြန်သူ။ သူ့ထိုးကွင်း ထိုးချက်တွေကကမ္ဘာရော မြန်မာပါ အံ့သြရ။ ငေးယူရ။ ငေးကြည့်နေမိရ။ ငေးနေမိတော့တာပါ။ ငေးကြည့်နေရတော့တာပါ
ပဲ။
အမဲလိုက်အက___ စင်မြင့်ထက်က___ ရှုံးနိမ့်သူလဲကျမယ် ____။
အမဲလိုက်အကနဲ့ အောင်လအင်န်ဆန်။ စည်းကမ်းနဲ့အညီ ခုန်ပေါက်နေတဲ့ မီးဆလိုက်တွေကြား မြန်မာမြန်မာဆိုတဲ့ အသံတွေ။ ကမ္ဘာ့အပြင်ဘက် ခုန်ပေါက်လို့။
မြန်မာ မြန်မာ မြန်မာ။
ဒဏ်ရာတွေ ___ နာကျင်ပါစေ ____ အမှန်တကယ်တမ်းကျ ___ ကျားရဲဖြစ်မှ ရှင်သန်မယ်___။
အောင်လအင်န်ဆန် သို့မဟုတ် မြန်မာ့စပါးကြီးမြွေတစ်ကောင်။ အားလုံးကိုစပါးကြီးမြွေ တစ်ကောင်ကညှို့ယူဖမ်းစားနိုင်ခဲ့ပြီ။
အောင်လအင်န်ဆန်။
Awng La Nseng
စပါးကြီးမြွေတစ်ကောင်ရဲ့ ရှင်သန်ကြီးပြင်းခဲ့ရတဲ့ဘဝတွေကို နေ့စဉ်ထုတ်သတင်းစာတွေ၊ ဂျာနယ်တွေ၊မဂ္ဂဇင်းတွေနဲ့ စာအုပ်တွေ၊အင်တာနက်တွေပေါ်မှာ ရှာကြည့်လိုက်တဲ့အခါမှာတော့…။
• •
သူဟာ မြစ်ကြီးနားမြို့လေးမှာ မွေးဖွားခဲ့ပြီး မိဘတွေနဲ့အတူ မြို့တော်ရန်ကုန်ကြီးမှာ ရွှေ့ပြောင်းနေထိုင်ခဲ့ရသူ။
ဖခင်ဖြစ်သူက မြန်မာနိုင်ငံရဲ့ နာမည်ကျော်စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်တဲ့ ကျောက်စိမ်းရောင်းဝယ်ရေးလုပ်ကိုင်သူ တစ်ယောက်။
ရန်ကုန်ရောက်လာပြီး ညီအစ်ကိုနှစ်ယောက် International School တစ်ခုမှာ ကျောင်းတက်ခဲ့ကြ။
နိုင်ငံခြားမှာ ပညာဆက်လက်သင်ယူမယ် စိတ်ကူးတွေနဲ့။
“ကျွန်တော် ကျောင်းအသင်းနဲ့အတူ ဘောလုံးကစားခဲ့တယ်။ ဘယ် အားကစားနည်းမှာမှ အနိုင်မရခဲ့ဖူးပါဘူး။
ဒီလို ရှုံးနိမ့်ခဲ့တာတွေကကျွန်တော့်ကို အောင်မြင်မှုဆိုတာကို လိုချင်တပ်မက်မှုတွေကို ဖြစ်စေခဲ့ပါတယ်။
ပွဲတစ်ပွဲမှာ အသုံးပြုရမယ့် ခွန်အားနဲ့ ပြိုင်ပွဲရဲ့အခြေအနေကို မသုံးသပ်နိုင်ခဲ့ရင် အောင်မြင်မှုနဲ့ ဆုံတွေ့ရဖို့ ခက်ခဲနေဦးမယ်လို့ ပြောခဲ့တဲ့ နည်းပြဆရာရဲ့ စကားက ကျွန်တော့်အတွက် အားဆေးတစ်ခွက် ဖြစ်ခဲ့ပါတယ်။ ဒီစကားကို ကျွန်တော် ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့တိုင်းကြားယောင်နေမိပါတယ်”တဲ့။
အနိုင်မခံ အရှုံးမပေးတဲ့စိတ်ဓာတ်ကို အောင်အောင်မြင်မြင် သန္ဓေတည်ခဲ့သူလို့ကျွန်တော် မှတ်ချက်ချမိလိုက်ပါတယ်။
ဒီစိတ်ဓာတ်ကပဲ အောင်လအင်န်ဆန် ဖြစ်စေခဲ့တာလို့လည်း ယုံကြည်လိုက်မိတယ်။
ပညာဆက်လက် သင်ယူဖို့ ၂၀ဝ၃ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့။
မီချီကန်မှာရှိတဲ့ အင်ဒရူးစိုက်ပျိုးရေး နည်းပညာတက္ကသိုလ်ကို တက်ရောက်ခဲ့။
သူ့မှာ ရည်မှန်းချက်တစ်ခုရှိတယ်။ အမိနိုင်ငံကို ပြန်လာပြီး သူ တတ်မြောက်ခဲ့တဲ့ပညာရပ်တွေကို လက်ဆင့်ကမ်းမယ်။
တောက်မယ့်မီးဟာ သူ့နှလုံးသားမှ တရဲရဲ။ မြန်မာ့သားကောင်း စိတ်ဓာတ်။
၂၀ဝ၅ ခုနှစ် မေလ ၂၁ရက်နေ့။ ကြေးစားလက်ဝှေ့သမားအဖြစ် စတင်ခံယူခဲ့။ ပြီးတော့ Emersen Rushing နဲ့ Light Heavy Weight ပြိုင်ပွဲအတွက် ယှဉ်ပြိုင်ထိုးသတ်။
ဒီပွဲမှာ Emersen Rushing ကို ပထမအချီရဲ့ (၂:၂၄စက္ကန့်) အရောက်မှာ ဒိုင်ပွဲရပ်နဲ့ အနိုင်ရ။
အမဲလိုက်အက ___
အမဲလိုက်အက ___
• •
သူဟာ ၂၀ဝ၈ မှာ အင်ဒရူးစိုက်ပျိုးရေး နည်းပညာသိပ္ပံကနေ B.Sc ဘွဲ့ ရခဲ့။ တက္ကသိုလ် ပြီးဆုံးသွားတော့ မေရီလင်းဒ်ကို ပြန်လာခဲ့ပြီးသူတို့နေထိုင်တဲ့အိမ်နဲ့ အနီးဆုံးသင်တန်းကျောင်းတစ်ခုကို ရှာဖွေရင်း Crazy 88 MMA ဆိုတဲ့ လေ့ကျင့်ရေးသင်တန်းတစ်ခုနဲ့ ချိတ်ဆက်မိခဲ့။
“ကျွန်တော်ဟာ နိုင်ငံရေးသမားတစ်ယောက် မဟုတ်ပါဘူး။ ဖိုက်တာတစ်ယောက်ပါ”တဲ့။
“တိုင်းပြည်အတွင်းမှာ စစ်ပွဲတွေကြေင့် ဒုက္ခရောက်နေကြတဲ့ ပြည်သူပြည်သားတွေကိုလည်း ကူညီချင်ပါတယ်။ ကျွန်တော် MMA ဘက်စုံသုံး ကိုယ်ခံပညာပြိုင်ပွဲတွေ ကစားပြီး ရရှိလာတဲ့ အောင်မြင်မှုတွေနဲ့ ပိုင်ဆိုင်မှုတွေကိုခွဲဝေပေးလိုပါတယ်”တဲ့။
သူ့စကားက သူ့စိတ်ဓာတ်တွေ ပေါ်လွင်လို့။ အမိမြေကို ချစ်သော စပါးကြီးေ>မတစ်ကောင်ရဲ့ သည်းခြေဟာအမိနိုင်ငံကို ချစ်တဲ့ မျိုးချစ်စိတ်တွေ စီးဝင်လှည့်ပတ်လို့။
ဒီလိုနဲ့ တစ်ပွဲပြီး တစ်ပွဲ။တစ်ချီပြီးတစ်ချီ။ သူ့နာမည်ဟာ ပိုပိုပြီး ကျော်ကြားလာခဲ့။
၂၀၁၈ ခုနှစ် ဇွန်လ ၂၉ ရက်နေ့မှာ မစ်ဒယ်ဝိတ်တန်းအတွက် စိန်ခေါ်သူ ဂျပန်လူမျိုး Ken Hasekawa ကို ငါးချီမြောက်မှာပဲ အလဲထိုးနိုင်ခဲ့။
၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့မှာ မစ်ဒယ်ဝိတ်တန်း စိန်ခေါ်သူလက်ဘနွန်နိုင်ငံသား မိုဟာမက်ခရကီကို ပထမအချီမှာပဲ (၂မိနစ်၂၁စက္ကန့်) ဒိုင်ပွဲရပ်နဲ့ အနိုင်ရ။
အောင်လအင်န်ဆန်နဲ့အတူ ကျွန်တော်တို့တွေ ပျော်ကြ။ နိုင်ငံတော်အလံကို မွှေ့ယမ်းကြ။
မြန်မာ၊ မြန်မာ၊ မြန်မာ။
ဒုက္ခသည်စခန်းတွေကိုလည်း သူ ရောက်ပါတယ်။စစ်ဘေး ဒုက္ခသည်စခန်းတွေသွားပြီး အားပေးတယ်။ နှစ်သိမ့်တယ်။ လှူဒါန်းတယ်။
ဗုံးသံတွေ၊ ကျည်ဆန်တွေကြားမှာ တိုက်ပွဲတွေနဲ့ကြီးပြင်းခဲ့ရတဲ့ သူ့အတွက်စစ်ပွဲတွေကို လိုလားတပ်မက်မှုရှိမှာ မဟုတ်တာတော့အသေအချာ။
ကချင် လူမျိုးတွေကို ကမ္ဘာကပိုမိုသိအောင် မိတ်ဆက်ပေးခဲ့တဲ့ သူ။
သူ ပြောခဲ့တာပဲ။
လူငယ် အားလုံးလည်း ကမ္ဘာ့ချန်ပီယံ ဖြစ်လာနိုင်တယ်တဲ့။
အောင်လအင်န်ဆန်အင်္ကျီတွေဝတ်ပြီး ဂုဏ်ယူဝင့်ကြွားနေကြတဲ့ လူငယ်တွေကို မြင်တော့ လူငယ်မျိုးဆက်တွေဟာ အောင်လအင်န်ဆန်အင်္ကျီတွေဝတ်ပြီးအောင်လအင်န်ဆန် စိတ်ဓာတ် ထားနိုင်ကြဖို့ မျှော်လင့်မိတယ်။
ဒဏ်ရာတွေ ___ နာကျင်ပါစေ ___ အမှန်တကယ်တမ်းက ___ ကျားရဲဖြစ်မှ ရှင်သန်မယ် ___
အမဲလိုက်အက ___စင်မြင့်ထက်က ___ ရှုံးနိမ့်သူ ____ လဲကျမယ်။ ။
ကိုးကား(၁) – နေ့စဉ်ထုတ်သတင်းစာများ၊ ဂျာနယ်များ၊ အင်တာနက်။
ကိုးကား(၂) – မြန်မာတွေ မညံ့ပါဘူး(ဟန်စိုး)။







