မေ ၂၃
ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ယူမာကျေးရွာတွင် သားအဖချင်း စကားများရာမှ သားဖြစ်သူက ဖခင်ကို သတ်ဖြတ်ခဲ့ကြောင်း ဖားကန့် မြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ မေလ ၂၁ ရက်နေ့ ည ၉ နာရီအချိန်ခန့်က ဖခင်ဖြစ်သူ ဦးစံဝင်းနှင့် သားဖြစ်သူ ဇော်မျိုးဦးတို့ စကားများ ရန်ဖြစ်ရင်း လုံးထွေးသတ်ပုတ်ကြရာ ဇော်မျိုးဦးက အသင့်ပါလာသည့် ဝက်အူလှည့်(စက်ပစ္စည်း ဖြုတ်သည့်အခါ သုံးသည့် ကိရိယာ) ဖြင့် ထိုးသတ်ခဲ့ကြောင်း ဦးစံဝင်း၏ ဇနီးဖြစ်သူ ဒေါ်ခင်သန်းဝင်းက မျက်မြင်တွေ့ရှိသည်ကို ရဲစခန်းတွင် ထွက်ဆိုထားကြောင်း သိရသည်။
ယင်းသို့ ထိုးသတ်ခဲ့မှုကြောင့် ဦးစံဝင်းမှာ ဘယ်ဘက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာ ၂ ချက်၊ ညာဘက်နောက်ကျောတွင် ထိုးသွင်းဒဏ်ရာ ၂ ချက်နှင့် ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာ တစ်ချက်တို့ ရရှိခဲ့ပြီး ဖားကန့်မြို့နယ် ဆေးရုံသို့ပို့ဆောင်ခဲ့ရာ ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ လူသတ်မှုကျူးလွန်ပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားခဲ့သည့် ကိုဇော်မျိုးဦးကို တနိုင်းမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ပြီး ဖားကန့်မြို့မရဲစခန်းမှ (ပ)၈၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၂၆ (ချွန်ထက်သော လက်နက်ဖြင့် အပြင်းအထန်နာကျင်စေမှု)တို့ဖြင့် ကနဦး အမှုဖွင့်လှစ် အရေးယူထားကာ ဥပဒေအကြံပြုချက်တောင်းခံပြီးနောက် လူသတ်မှုပုဒ်မဖြင့် တရားစွဲတင်သွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူ(မြစ်ကြီးနား)







