စက်တင်ဘာ ၂၅
မြန်မာ့ တပ်မတော်က တစ်ဆင့်လျှော့ကာ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တစ်ဖွဲ့ချင်းစီ တွေ့ဆုံမှုပြုလုပ်ပါက စစ်ရှောင် နေရပ်ပြန်ရေး အောင်မြင်မည်ဖြစ်ကြောင်း ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်(KBC)ဥက္ကဋ္ဌဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောသည်။
အဆိုပါ နေရပ်ပြန်ရေးနှင့်ပက်သက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ၏ ရလဒ်ကို ကြည့်ခြင်းဖြင့် နေရပ်ပြန်နိုင်ရေးသည် ဖြစ်နိုင်ခြေနည်းပါးနေကြောင်း ဒေါက်တာ ခလမ်ဆမ်ဆွန်က မြစ်ကြီးနားသတင်း ဂျာနယ်သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဒီတစ်ခေါက် ကျိုင်းတုံအစည်းအဝေးမှာလည်း အားလုံးက ခံယူချက်ခြင်း လွဲနေကြတယ်။ အဲ့ဒီအပေါ်မှာ စဉ်းစားမယ်ဆိုရင်တော့ ဖြစ်နိုင်ခြေ နည်းတယ်ပေါ့။ခုနက ကျွန်တော်ပြောတဲ့အတိုင်း တပ်မတော်ကနေသည်းခံပြီးမှ တစ်ဆင့်လျှော့ပြီး အားလုံးကို လက်ခံတွေ့ဆုံသွားနိုင်ရင်တော့ အောင်မြင်တဲ့ စစ်ရှောင် နေရပ်ပြန်ရေး လုပ်နိုင်မှာဖြစ်ပါတယ်”
ဟု ဒေါက်တာခလမ်ဆမ်ဆွန်ပြောသည်။
ယင်း ဆွေးနွေးပွဲ၏ ရလဒ်များကြောင့် စစ်ရှောင်များ၏ နေရပ်ပြန်နိုင်ရေးသည် စိုးရိမ်ရမည့် အခြေအနေ ရှိနေနိုင်ကြောင်း ၎င်းမှ ဆက်လက်ပြောကြားသည်။
စစ်ရှောင်များ အားလုံး နေရပ်ပြန်ရေးနှင့် ပတ်သက်ပြီး ကေဘီစီနှင့်အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)တို့နှင့် အောက်တိုဘာလအတွင်း ဆွေးနွေးသွားရန် လျာထားကြောင်းလည်း ၎င်းမှဆိုသည်။
ယခုလက်ရှိ အခြေအနေတွင် နေရပ်ပြန်သည့် နန်ဆန်ယန် စစ်ရှောင်အိမ်ထောင်စု စာရင်းမှာ ၉၈ အိမ်ထောင်စုရှိပြီဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် ကေအိုင်အေတို့ တစ်ကျော့ပြန်စစ်ပွဲ ဖြစ်ခဲ့သည်မှာ (၈)နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။
Ah Je