ကချင်ပြည်နယ် စာရင်းစစ်ချုပ်အစီရင်ခံစာ တင်သွင်း၊ အစိုးရဌာနအချို့၏ ဥပဒေနှင့် မကိုက်ညီသော ဆောင်ရွက်မှုများကို အစီရင်ခံစာက ထောက်ပြ

3793
ပြည်နယ်စာရင်းစစ်ချုပ် အစီရင်ခံစာ

၂၀၂၀ ပြည့်နှစ် တာထွက် လွှတ်တော် အစည်းအဝေး ဒုတိယနေ့တွင် ပြည်နယ် စာရင်းစစ်ချုပ်က ၂၀၁၈-၂၀၁၉ ခုနှစ်၊ ၆ လတာ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပထမ ၆ လတာ ကာလအတွက် အရအသုံးဆိုင်ရာ စစ်ဆေးတွေ့ရှိချက်များကို တင်သွင်းခဲ့သည်။

စာရင်းစစ်ချုပ်၏ အစီရင်ခံစာအရ အစိုးရဋ္ဌာနတချို့တွင် ဥပဒေဘောင်ကျော်လွန် လုပ်ဆောင်ခြင်း၊ ဘတ်ဂျတ်ခွဲဝေမှု၊ ပြည်ထောင်စုသို့ ပြန်လည်သွင်းဆောင်ရမည့် ငွေများအား အချိန်မီ မဆောင်ခြင်း၊ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် မညီဘဲ လုပ်ဆောင်ခြင်းများ စသည်တို့ကို တွေ့ရှိခဲ့ရသည်။

“ဒီ အစီရင်ခံစာမှာခဲ့တဲ့ နှစ်စဉ် တည်ဆဲဥပဒေ စည်းမျဉ်းကမ်းများ လိုက်နာမှု အားနည်းတဲ့ အချက်တွေ၊ နှစ်စဉ် မှားယွင်းမှုတွေ ကြောင့် ငွေပြန်လည်ပေးသွင်းခဲ့ရမှုတွေ၊ ဆောင်ရွက်ပြီးသား ကိစ္စတွေကို ထပ်မံရန်ပုံငွေ လျာထားပြီး၊ အောက်က တင်ပြချက်တွေ အပေါ် သေချာမစိစစ်ဘဲ ငွေ ထပ်မံထုတ်ပေးခဲ့တာတွေ၊ ဆောင်ရွက်ပြီးသောလုပ်ငန်းများ ထပ်မံပျက်ဆီးမှု ဖြစ်ပေါ်ရတာတွေ၊ ငွေအလွဲသုံးစား ပြုလုပ်နိုင်တဲ့ အချိန်မျိုးတွေနဲ့ တာဝန်အရစစ်ဆေးမှု ခံယူရမယ့် ကိစ္စတွေမှာ မြန်မြန်ဆန်ဆန် စစ်ဆေးမှုခံယူဖို့ လိုအပ်တာတွေကို တာဝန်ရှိသူများအနေနဲ့ အလေးထား ပြုပြင်ကြပ်မတ်သင့်ကြောင်း” ပြည်နယ်စာရင်းစစ်ချုပ် ဦးတင်လှိုင် ထောက်ပြပြောဆိုခဲ့သည်။

 ပြည်နယ်စာရင်းစစ်ချုပ် ဦးတင်လှိုင်

ယင်းအပြင် အစီရင်ခံစာပါ မပြီးပြတ်သေးသော လုပ်ငန်းများနှင့် ဆက်စပ်လျဉ်း၍ ဒဏ်ကြေးငွေများ ပေးသွင်းရမည့် လိုအပ်ချက်များ၊ မပြီးပြတ်သည့် လုပ်ငန်းများမှ ရန်ပုံငွေများ ပြန်လည်အပ်နှံခြင်းမရှိဘဲ အမိန့်ပေးချက်လက်မှတ်များ ကိုင်ဆာင်၍ ဘဏ္ဍာရေးနှစ်များကျော်လွန်ပြီး ဆောင်ရွက်နေသည့် လုပ်ငန်းများကို အမြန်ဆုံးအစစ်ဆေးခံနိုင်သည် အထိ ဆောင်ရွက်လိုအပ်လျက်ရှိကြောင်းနှင့် ယင်းလုပ်ငန်းစဉ်ကို ဥပဒေအရ ပူးပေါင်း ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းလည်း စာရင်းစစ်ချုပ်က တင်ပြခဲ့သည်။

“ကျပ်ဆယ်သန်းနဲ့ အထက် လုပ်ငန်းများမှာ သတ်မှတ်ထားတဲ့အတိုင်း တင်ဒါစနစ်နဲ့ ဆောင်ရွက်ရမယ့်အစား အချိန်မမှီမှာစိုးလို့ ယုံကြည် အားထားနိုင်တဲ့ ကုမ္ပဏီဖြစ်လို့ဆိုပြီး တင်ဒါမခေါ်ဘဲ ဆောင်ရွက်ခွင့်ပြုခဲ့ခြင်းများဟာ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ တာဝန်ယူမှုတာဝန်ခံမှု အားနည်းနိုင်ခြင်း၊ မလိုလားအပ်သော ပြဿနာများ ပေါ်ပေါက်နိုင်ခြင်းအပြင် အဂတိလိုက်စားမှုလည်း ဖြစ်ပေါ်နိုင်ပါသဖြင့် တည်ဆဲဥပေဒေ ညွှန်ကြားချက်များကို မည်သို့သော အကြောင်းကြောင့်ဖြင့် ဖြစ်စေ တိကျစွာ လိုက်နာသင့်ပါကြောင်း အကြံပြု တိုက်တွန်းပါတယ်”ဟုလည်း ဦးတင်လှိုင် ဆက်လက်ထောက်ပြခဲ့သည်။

အစီရင်ခံစာ၏ အဓိကတွေ့ရှိချက်များနှင့် စာရင်းစစ်ချုပ်၏ အကြံပြုချက်များ။

၁။ နိုင်ငံတော်အား ပြန်လည်ပေးသွင်းငွေ စစ်ဆေးဖော်ထုတ်နိုင်မှု – ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်၊ ၂၀၁၈ – ၆လဘဏ္ဍာရေးနှစ်၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် စုစုပေါင်းပါက ကျပ်သန်းပေါင်း ၃၁၃ ဒဿမ ၆၄၃ သန်းရှိခဲ့သည်။

၂။ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၈ ခုနှစ် ၆ လ ဘဏ္ဍာရေးနှစ်တွင် မစစ်ဆေးနိုင်သေးသော လုပ်ငန်းပေါင်း ၁၂၈ ခု ရှိပြီး တန်ဖိုးငွေကျပ်သန်းပေါင်း ၂၂၅၂၈ ဒဿမ ၉၈၀ ရှိခဲ့သည်။

၃။ ၂၀၁၈ ခုနှစ် ပထမ ခြောက်လတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၏ စစ်ဆေးတွေ့ရှိချက်များအရ လုပ်ငန်းလုပ်ဆောင်ရန် ထပ်မံထုတ်ပေးသည့် တန်ဖိုး ကျပ်သန်း ၃၇ သန်းကျော်ရှိပြီး ခန့်မှန်းခြေစာရင်းထက် လျော့နည်းဆောင်ရွက်သည့် လုပ်ငန်း ၁၃ ခုရှိခဲ့သည်။

၄။ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန၏ လုပ်ငန်းခန့်မှန်းခြေ စိစစ်ချက်အရ ယာဉ်ရပ်နားစခန်း အဆောက်အအုံ ဆောက်လုပ်ရာတွင် ကျပ် ၆ သိန်းကျော်ဖြစ်ပြီး ပြန်လည်ပေးသွင်းခဲ့ကာ မျက်မြင် စစ်ဆေးချက်အရ လျော့နည်းမှု တန်ဖိုးကျပ် ၆၄၆၇၈၅ ကျပ်ကိုလည်း ငွေထုတ်စာရင်းသို့ ပြန်လည် ပေးသွင်းခဲ့ပြီး လက်ဝယ်တွင် ထိန်းသိမ်းထားသည်မှာ အနည်းဆုံး ၉ လမှ တစ်နှစ်ကျော် ရှိကြောင်းလည်း သိရသည်။

၅။ ပြည်နယ်တရားရေး ဦးစီးဋ္ဌာနမှူးရုံးတွင် ဘဏ္ဍာသိမ်းမော်တော်ယာဉ် ၅၂ စီး၊ ဆိုင်ကယ် ၁၇၅ စီးနှင့် သုံးဘီးဆိုင်ကယ် ၁ စီးတို့ကို ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေး ဦးစီးဋ္ဌာနသို့ စနစ်တကျ လွှဲပြောင်းပေးရန် လိုအပ်။

၆။ ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဋ္ဌာန၏ PG 5 Percent ပေးသွင်းမှုမရှိသည်မှာ ကျပ်သန်း ၀ ဒဿမ ၆၁၅ သန်း ရှိခဲ့ပြီး ကန်ထရိုက်စနစ် လုပ်ငန်းလမ်းညွှန်၊ အပိုဒ်-၂၁ နှင့်အညီ လိုက်နာဆောင်ရွက်ရန် အကြံပြုခဲ့သည်။

၇။ ပြည်နယ်မီးသတ် ဦးစီးဋ္ဌာနမှလည်း ဝယ်ယူရေးတင်ဒါအဖြစ် စက်ကိရိယာ၊ ပရိဘောပနှင့်ယာဉ် ကျပ်သန်း ၄၀၀ ကျော် ရှိပြီး PG 10 Percent ပေးသွင်းရမည့် အစား 5 Percent သာ ပေးသွင်းထားသောကြောင့် လုပ်ငန်းလမ်းညွှန်နှင့် ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။

၈။ စိုက်ပျိုးရေးဦးစီးဋ္ဌာန တည်/ကော် အတည်ပြုချက်နှင့် အမှန်ဆောင်ရွက်မှု၊ လုပ်ငန်းဆောင်ရွက်မှု အတွက် ရ/သုံး စီမံကိန်း တည်ဆောက်ရေးနှင့် စက်ပစ္စည်း ကြီးကြပ်မှုကော်မတီ သဘောထား မတောင်းခံဘဲ မံစီဦးစီးမှူးရုံး ဆောက်လုပ်ရန် တင်ဒါခေါ်ခဲ့ခြင်း အပေါ်လည်း ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ရန် နှိုးဆော်ခဲ့သည်။

၉။ ပြည်နယ်အစိုးရအဖွဲ့ရုံးသည် ငွေလုံးငွေရင်းဖြင့် ရုံးသုံး ပရိဘောဂဝယ်ယူရန် ကျပ်သန်း ၃၁ သန်းကျော်အား တင်ဒါခေါ်ယူ ဆောင်ရွက်မှုမရှိဘဲ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအရ ဆောင်ရွက်ခဲ့ခြင်းသည် ဥပဒေနှင့် မကိုက်ညီဘဲရှိနေပြီး ပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် နိုင်ငံဘဏ္ဍာငွေ အလေအလွင့် မဖြစ်စေဖို့ ဂရုစိုက်ရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။

၁၀။ ပညာသင် ထောက်ပံ့စရိတ် လျော့နည်းထုတ်ပေးမှုတွင် လက်ဝယ်ထိန်ချန်ငွေ ကျပ်သိန်း ၁၆၀ ကျော်အား တနိုင်းမြို့နယ် ဒုပညာရေးမှူး နှစ်တိုး တစ်ကြိမ်ရပ်ဆိုင်းသည့် ပြစ်ဒဏ်သာပေးခဲ့ပြီး ကြီးကြပ်မှုပေါ့လျော့ခဲ့သည့် မြို့နယ်ပညာရေးမှူးကို နယ်ပြောင်းရွေ့ခဲ့ကြောင်း သိရသည်။ ယင်း ယာယီငွေ အလွဲသုံးစားမှုကို သတ်မှတ်ခဲ့သည့် ပြစ်ဒဏ်က လျော်ကန်မှု မရှိဟု ထင်သည့်အတွက် ပြည်ထောင်စုစာရင်းချုပ်ထံ ဆက်လက်အသိပေး တင်ပြသွားဖို့ စီစဉ်လျက်ရှိပါကြောင်း ပြည်နယ် စာရင်းစစ်ချုပ်က လွှတ်တော်တွင်အတည်ပြု ပြောကြားခဲ့သည်။

ကချင်ပြည်နယ် စာရင်းစစ်ချုပ်အစီရင်ခံစာ အသေးစိတ်ကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထံ ပေးပို့ခဲ့ပြီး ယခင်နှစ်က အစီရင်ခံစာတွင်လည်း ပြည်နယ်အစိုးရ၏ ဥပဒေနှင့်အညီ မဆောင်ရွက်ခဲ့မှုများ၊ သက်ဆိုင်ရာ ဋ္ဌာနများ၏ လုပ်ငန်းစဉ်များတွင် မှားယွင်းလုပ်ဆောင်ချက်များကို ထောက်ပြပြောဆိုခဲ့သည်။

စည်သူ(မြစ်ကြီးနား)

LEAVE A REPLY

Please enter your comment!
Please enter your name here