မိုင်ဂျာယန် အမျိုးသားကောလိပ်တွင် လွတ်လပ်စွာ ပညာသင်ကြားနိုင်

2745
MaiJa Yang College

မတ် ၃

မိုင်ဂျာယန်မြို့၌ ဖွင့်လှစ်ထားသည့် မိုင်ဂျာယန်အမျိုးသားကောလိပ်တွင် တက္ကသိုလ်ဝင် စာမေးပွဲအောင်သည့် လူငယ်များမည်သူမဆို လာရောက် ပညာသင်ကြားနိုင်ကြောင်း၊ ယင်းကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာလုအောန်က ပြောသည်။

“ကျွန်မတို့ပညာရေးမှာ races နဲ့ religions ကျွန်မတို့ ခွဲခြားတာမရှိဘူး။ ဘယ်ဘာသာမဆို၊ ဘယ်တိုင်းရင်းသား ကလေးတွေမဆို ကျွန်မတို့ ပညာသင်ကြားခွင့်ပေးပါတယ်”ဟု ဒေါက်တာလုအောန်က ပြောသည်။

မိုင်ဂျာယန် အမျိုးသားကောလိပ်တွင် အင်္ဂလိပ်၊ ကွန်ပျူတာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲရေး၊ ဖွံဖြိုးရေး၊ နိုင်ငံရေးနှင့် သတင်းမီဒီယာ စသည့်ဘာသာရပ်များကို မေဂျာအနေဖြင့် (၃)နှစ် သင်ကြားပေးနေခြင်းဖြစ်ကြောင်း သိရသည်။
မိုင်ဂျာယန် ကောလိပ် ဖွင့်လှစ်ရခြင်းသည် ၂၀၁၁ခုနှစ် ကချင်ပြည်နယ် အတွင်း တစ်ကျော့ပြန် တိုက်ပွဲများ ဖြစ်ပေါ်လာခြင်းကြောင့် မြန်မာအစိုးရနှင့် ကေအိုင်အိုတို့ ပညာရေးဆိုင်ရာ သဘောတူညီမှု ပျက်ပြယ်ပြီး နောက်ပိုင်း မိုင်ဂျာယန် အမျိုးသားကောလိပ်ကို ဖွင့်လှစ်လိုက်ရခြင်း ဖြစ်ကြောင်း ဒေါက်တာလုအောန်က ပြောသည်။

“အရင်ကတော့ ဒီဘက်က ပြီးသွားလို့ရှိရင် မြန်မာအစိုးရ ကျောင်းတက်ခွင့်ရတယ်။ အခုတော့ ဒီဘက်က ဆယ်တန်းအောင်တဲ့ကျောင်းသားတွေက တက္ကသိုလ်တက်ခွင့် မရတော့ဘူး”ဟု ကျောင်းအုပ်ဆရာမကြီးက ဆိုသည်။

တစ်ကျော့ပြန်တိုက်ပွဲများကြောင့် ကေအိုင်အိုထိန်းချုပ်နယ်မြေမှ အခြေခံကျောင်းပေါင်း တစ်ရာကျော်ခန့် ပိတ်သိမ်းလိုက်ရပြီး ယခုလက်ရှိအချိန်တွင် (၁၂၉)ကျောင်းသာ ဖွင့်လှစ်သင်ကြားခွင့် ရနေကြောင်းလည်း ကေအိုင်အို ပညာရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးယော်ဆောင်က ပြောသည်။

၂၀၁၁ ခုနှစ် မတိုင်ခင်က ကေအိုင်အို ထိန်းချုပ်နယ်မြေတွင် ကျောင်းပေါင်း (၂၆၃)ကျောင်း ရှိပြီး ကျောင်းသူ/သားပေါင်း နှစ်သောင်းကျော် ရှိခဲ့ကြောင်း ဦးယော်ဆောင်က ဆက်လက်ပြောသည်။

ကေအိုင်အိုအစိုးရ ထိန်းချုပ်နယ်မြေမှ ဆယ်တန်းအောင် ကျောင်းသူ/သားများသည် ၂၀၁၅ ခုနှစ်မတိုင်မီ (၅) နှစ်တာအတွင်း ပြေးရင်းလွှားရင်းဖြင့် အချိန်ကုန်ခဲ့ပြီး ပညာသင်ခွင့် မရခဲ့သောကြောင့် မိုင်ဂျာယန် အမျိုးသား ကောလိပ်ကို ၂၀၁၅ခုနှစ် စက်တင်ဘာလတွင် ကချင်အမျိုးသားပညာရေးကို စိတ်ဝင်စားသည့် မြန်မာပြည်မှာရှိ ကချင်တိုင်းရင်းသားများနှင့် ဒေသတွင်းမှာရှိသည့် ကချင် တိုင်းရင်းသားများ စတင်အစည်းအဝေးထိုင်ကာ သဘောတူညီမှု ရရှိပြီးနောက် မိုင်ဂျာယန် အမျိုးသား ကောလိပ်ဟု အမည်ပေး၍ စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေါက်တာလုအောန် ပြောကြားချက်အရ သိရသည်။

မိုင်ဂျာယန် အမျိုးသားကောလိပ်တွင် ပညာသင်နှစ်အနေဖြင့် တစ်နှစ်လျှင် (၅)လနှစ်ဖြတ် တက်ရောက်သင်ကြားရမည် ဖြစ်ကြောင်းနှင့် ကောလိပ်တွင် ဆက်လက်ဆည်းပူးရန် အတွက် ပြင်ဆင်ခြင်း သင်တန်းကို (၆)လ တက်ရောက်ရမည် ဖြစ်ကြောင်းလည်း သိရသည်။

မိုင်ဂျာယန် အမျိုးသားကောလိပ်သို့ တက်ရောက်မည်ဆိုပါက ကျောင်းတွင်းအဆောင်နေစရိတ်၊ စားစရိတ်နှင့် ပညာသင်စရိတ်အပြီးအစီး တစ်နှစ်လျှင် မြန်မာငွေ(၈)သိန်းခွဲ (တရုတ်ယွမ် ၃၈၅၀) ကုန်ကျမည်ဖြစ်ကြောင်းနှင့် ဖုန်း- ၀၉၄၇၈၇၁၄၅၅ သို့မဟုတ် တရုတ်ဖုန်း- ၁၃၃၈၈၈၂၆၉၃၇နှင့် အီးမေးလ်- [email protected] သို့ ဆက်သွယ်မေးမြန်း လျှောက်ထားနိုင်ကြောင်းလည်း သိရသည်။

မျိုးမြတ်မြတ်ပန်

LEAVE A REPLY

Please enter your comment!
Please enter your name here