လူထုကို ခြောက်လှန့်နေတဲ့ တရားစီရင်ရေး

809

မဏ္ဍိုင်ကြီးလေးရပ်ထဲက တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမဏ္ဍိုင်ဟာ ဆိုးရွားလှတဲ့ အခြေအနေကို ရောက်ရှိနေပါပြီလို့ လတ်တလောမှာ သုံးသပ်လို့ရပါတယ်။ နေပြည်တော်က Wisdom Hill မူကြိုကျောင်းကျောင်းမှာ အသက်(၃) နှစ်အရွယ်ကလေးငယ် မုဒိမ်းပြုကျင့်ခံခဲ့ရပြီး တစ်နိုင်ငံလုံးက တရားခံ အစစ်အမှန်ပေါ်ပေါက်ဖို့ ဝိုင်းဝန်းကြိုးပမ်းခဲ့ပေမယ့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့အရောက်မှာတော့ တရားခံမပေါ်ဘဲ အမှုပြီးသွားခဲ့တယ်လို့ ပြောလို့ရပါတယ်။

နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးက ဒီဇင်ဘာလ ၁၈ ရက်နေ့မှ ဗစ်တိုးရီးယားအမှုမှာ ပါဝင်တဲ့ ကိုအောင်ကြီးကို တရားရှင်လွှတ်လိုက်တဲ့အထဲမှာ ကန့်သတ်ချက် ရက်ပေါင်း ၆၀ အတွင်း အမှုပြင်ဆင်ချက်နဲ့ ထပ်တက်လို့ရတယ်လို့ ဆိုချင်တာပါ။ ဒါကြောင့်ပဲ ခရိုင်ဥပဒေရုံးကနေ အောင်ကြီးကို တရားစွဲဖို့ တင်ခဲ့ကြပါတယ်။

ဒါပေမဲ့ တိုင်းဥပဒေရုံးကနေ ကိုအောင်ကြီးက တရားခံမဟုတ်တာ မှန်ကန်တယ်ဆိုပြီး တရားဆက်စွဲခွင့် မပြုခဲ့တာကြောင့် ဗစ်တိုးရီးယားလေးရဲ့ အမှုဟာ အဲဒီနေ့မှာပဲ ပြီးဆုံးခဲ့ပါတယ်။

တရားခွင်တွေမှာ ဗစ်တိုးရီးယားကိုယ်တိုင် သူမကို နာကျင်အောင်လုပ်ခဲ့တာတွေကို ဓာတ်ပုံမှတ်တမ်းတွေနဲ့ အတိအကျ ဖော်ပြနိုင်ခဲ့ပေမယ့် ကလေးငယ်ကို တကယ်ကျူးလွန်သူတွေက တရားခွင်ထဲ ရောက်မလာခဲ့ပါဘူး။

ဒါတင်မကပါဘူး။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဗစ်တိုးရီးယားလေးရဲ့ နာမည်၊ နေရပ်လိပ်စာနဲ့၊ မိဘနာမည်တွေ အလုပ်အကိုင်တွေကိုလည်း ရဲဇာနည်ပေ့ချပ်ကနေ ဖော်ပြခဲ့လို့ နစ်နာမှုက ကြီးသထက်ကြီးခဲ့ပါတယ်။ အောင်ကြီးမဟုတ်ပါဘူးဆိုတဲ့ ပြောဆိုချက်နဲ့တင် အမှုဟာ ပြီးဆုံးခဲ့ရတယ်။ ဒါနဲ့ပတ်သက်ပြီး တစ်နိုင်ငံလုံးက ပြည်သူလူထုက တရားစီရင်ရေးကို ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

ပြည်သူတွေ စိတ်ဝင်စားတစားရှိကြလို့ နိုင်ငံတော် သမ္မတကြီးဟာ လုပ်ထုံးလုပ်နည်းနဲ့အညီ တာဝန်ကျေပွန်စွာ မဆောင်ရွက်နိုင်တဲ့ လစ်ဟာမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ ဥပဒေပြဋ္ဌာန်းချက်နဲ့ မညီတဲ့ တာဝန်ရှိသူများကို အရေးယူနိုင်ဖို့တော့ ညွှန်ကြားခဲ့ပါတယ်။

ထုတ်ဖော်မရခဲ့တဲ့ နိုင်ငံကျော် အမှုတွေမှ အများကြီးပါပဲ။ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ရန်ကုန်လေဆိပ်မှာ လူအများရှေ့ သေနတ်ပစ်သတ်ခံရတဲ့ အမှုဟာလည်း အခုချိန်ထိ ပရဆေးဥယျာဉ်ထဲမှာ လည်နေတုန်းပါပဲ။

ကချင်ပြည်နယ်မှာလည်း အလားတူ ဖြစ်ရပ်မျိုးတွေရှိနေပါတယ်။ ကောင်းခါး ဆရာမနှစ်ဦး သတ်ခံရတာ၊ ကြက်ပေါင်ခြံက သူနာပြုဆရာမလေး အချက်ပေါင်းများစွာ ဓားနဲ့ထိုးခံရတာ။ ဗန်းမော်က အသက် ၆၀ အရွယ် အဘွားအို မုဒိမ်းကျင့် သတ်ဖြတ်ခံရတာ၊ ဖားကန့် ရာအိမ်မှူး ဒေါ်နန္ဒလှိုင် ရွာလယ်ခေါင်မှာ ပစ်သတ်ခံရတာ၊ ဖားကန့်ယကတဥက္ကဋ္ဌ ဦးခင်စိုး သေနတ်ပစ်ခံရတာတွေက အမှုမှန်ပေါ်ပေါက်ဖို့ နေနေသာသာ ရဲတပ်ဖွဲ့တွေအနေနဲ့ ဖမ်းတောင် မဖမ်းပေးနိုင်ပါဘူး။
လက်ရှိ နိုင်ငံတော် သမ္မကြီးက ဥပဒေပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ ယိုးယွင်းနေတဲ့ တရားစီရင်ရေးမဏ္ဍိုင်ကြီးကို တည့်မတ်နိုင်ဖို့ လက်ကျန် အစိုးရသက်တမ်းမှာ သမ္မကြီးရဲ့ ဆုံးဖြတ်ပုံတွေ၊ လုပ်ဆောင်ချက်တွေကို ပြည်သူလူထုက စောင့်ကြည့်နေကြမှာပါ။

“ကံကိုပဲ ပုံချလိုက်ပါတော့”ဆိုတဲ့ အရိုးစွဲနေတဲ့ မြန်မာပြည်သူ ပြည်သားတွေအတွက် အမှန်တရားတွေကို ဖော်ထုတ်ပေးဖို့ ဥပဒေမဲ့လုပ်နေတဲ့သူတွေကို အရေးယူပေးနိုင်ဖို့ အစိုးရအနေနဲ့ တွန်းတွန်းတိုက်တိုက် လုပ်ဆောင်ကြပါလို့ အသိပေးတိုက်တွန်း လိုက်ရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here