ကချင်တွင် ပြည်ပမှ ပြန်လာသူ(၁)သောင်း နီးပါးရှိ

774

ဇူလိုင် ၁၂

ကချင်ပြည်နယ်တွင် ဇူလိုင်လ (၉)ရက်နေ့အထိ နိုင်ငံရပ်ခြားမှ ပြန်ရောက်လာသူ စုစုပေါင်း တစ်သောင်း နီးပါးရှိနေပြီဖြစ်ကြောင်း ကချင်ပြည်နယ် ကိုဗစ်နိုင်တင်း ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အတွင်းရေးမှူးရုံးမှ သိရပါသည်။

ကချင်ပြည်နယ် အတွင်းသို့ တရုတ်၊ ထိုင်း၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်နှင့်အိန္ဒိယ စသည့် နိုင်ငံများမှ ပြန်လာသည့် ပြည်နယ်သူ၊ ပြည်နယ်သား (၉၈၃၈)ဦးရှိကြောင်း သိရသည်။

ဇူလိုင်လ (၇)ရက်နေ့တွင်လည်း ထိုင်းနိုင်ငံမှပြန်လာသူ (၅၀)ဦးရောက်ရှိခဲ့ပြီး အဆိုပါ ပြည်သူများကို မြစ်ကြီးနားမြို့နယ်မှ ဂေါ်ရ်ခါးဘုရားကျောင်းတွင် ကွာရန်တင်းထားရှိထားကြောင်း သိရပါသည်။

ထိုသို့ ပြည်ပမှပြန်လာသည့် နိုင်ငံသားများကို အကူအညီ ပေးနေသည့် လသူကညအနနမ အဖွဲ့များမှလည်း ကျန်းမာရေးစစ်ဆေးရေးအဖွဲ့များနှင့် ပူးပေါင်းကာ ကိုဗစ်နိုင်တင်း ကာကွယ်ထိန်းချုပ်ရေး အတွက် လုပ်ဆောင်နေကြောင်း kachin state covid-19 prevention network မှ volunteer တာဝန်ခံ ကိုဝန်ဇွပ်အောင်က ပြောသည်။

“ကျွန်တော်တို့က (၂)လကျော်လောက် လုပ်လာတဲ့အခါမှာ အတွေ့အကြုံလည်း အများကြီး ရှိနေပြီဆိုတော့ အခက်အခဲအများကြီးမရှိပါဘူး။ နိုင်ငံခြားက ပြန်လာတဲ့သူတွေကို ပိုးသတ်ဆေးဖြန်းတယ်၊ အဖျားတိုင်းတယ်၊ သူတို့ရဲ့ မှတ်ပုံတင်နံပါတ်တွေ၊ ဖုန်းနံပါတ်တွေ၊ နေရပ်လိပ်စာတွေ ယူတယ်အဲဒါတွေ လုပ်ရပါတယ်”ဟု ကိုဝန်ဇွပ်အောင်က ပြောပါသည်။

ကချင်ပြည်နယ်တွင် ဇူလိုင်လ (၉)ရက်နေ့အထိ တရုတ်နိုင်ငံမှ ပြန်လာသူ (၈၆၉၉)ဦး၊ ထိုင်းနိုင်ငံမှပြန်လာသူ (၁၁၀၇)ဦး၊ မလေးရှားမှ ပြန်လာသူ(၆)ဦး၊ ဘင်္ဂလားဒေ့ရှ်မှ ပြန်လာသူ (၁၃)ဦးနှင့် အိန္ဒိယမှပြန်လာသူ (၁၃)ဦး စုစုပေါင်း (၉၈၃၈)ဦးရှိကြောင်း ကချင်ပြည်နယ် ဒုတိယညွှန်ကြားရေးမှူး ဦးတင့်နိုင်ထံမှ သိရသည်။

ဂျာဒွဲ

LEAVE A REPLY

Please enter your comment!
Please enter your name here