မြစ်ဆုံစီမံကိန်း ဆက်လက်လုပ်ကိုင်ရန် ပြည်ခိုင်ဖြိုးအမတ် တိုက်တွန်းခဲ့ခြင်းအပေါ် မြစ်ဆုံအရေး လှုပ်ရှားသူများက ကန့်ကွက်

922

မြစ်ကြီးနား၊ ဇူလိုင် ၁၂

ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းက မြစ်ဆုံ ရေကာတာ စီမံကိန်းဆက်လက် အကောင်အထည်ဖော်ရန် ပြည်ထောင်စုလွှတ်တော်တွင် တိုက်တွန်းလိုက်တဲ့အပေါ် မြစ်ဆုံဒေသခံများမှ မေးခွန်းထုတ်ခဲ့ကြသည်။

အစိုးရအချင်းချင်း ညှိနှိုင်းပြီး မြစ်ဆုံစီမံကိန်းကိုအကောင်အထည်ဖော်ရန်အတွက် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ပြည်ခိုင်ဖြိုး ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ဦးကျော်နီနိုင်မှ ဇူလိုင်(၂၄)ရက်နေ့ ပြည်ထောင်စုလွှတ်တော်တွင် တိုက်တွန်းပြောဆိုလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်မီးရရှိမှု မလုံလောက်သည့်အတွက် ဖြည့်ဆည်းပေးနိုင်ရေး မီဂါဝပ် ၆၀၀၀ ထွက်ရှိမည့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို အစိုးရအချင်းချင်း ညှိနှိုင်းပြီး ဆောင်ရွက်သင့်ကြောင်း ဦးကျော်နီနိုင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ နိုင်ငံမှာ လျှပ်စစ်မီးနှင့်ပတ်သက်ရင် မြို့ပေါ်မှာလည်းလုံလောက်မှုမပေးနိုင်ပါ၊ ကျေးလက်ဒေသအတွက် ဆိုရင်လည်း ပြတ်တောက်ပြတ်တောက်နဲ့ မီးရတဲ့ရွာကရ၊ မီးမရတဲ့ရွာလည်း များစွာ ကျန်ရှိနေသေးတယ် ဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အားဖြည့်ဆည်းပေးနိုင်ရေးနှင့် တိုင်းပြည် တည်ငြိမ် အေးချမ်းရေးအတွက် အဓိကအရေးပါလှတဲ့ ကျွန်တော်တို့ ပြည်သူများရဲ့ စိုးရိမ်ကန့်ကွက်မှုကြောင့် ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းမှာရပ်နားခဲ့ရတဲ့ မီဂါဝမ် ၆၀၀၀ ထွက်ရှိမယ့် မြစ်ဆုံစီမံကိန်းကြီးကို အစိုးရအချင်းချင်း ညှိနှိုင်းပြီး ရေရှည် အကျိုးစီးပွားအတွက် ပေါင်းစပ်ဆောင်ရွက်သင့်ကြောင်း အကြံပြုလိုပါတယ်”ဟု တင်ပြခဲ့ခြင်းဖြစ်သည်။

ပြည်သူလူထုအများစုမှ ကန့်ကွက်နေသော ကိစ္စကို ယခုကဲ့သို့ ပြန်လည်အကောင်အထည်ဖော်ရန် အဆိုတင်ခဲ့ခြင်းအပေါ် မြစ်ဆုံအရေး တက်ကြွလှုပ်ရှားနေသည့် မြစ်ဆုံဒေသခံ ဒေါ်ဂျာခွန် အောက်ပါအတိုင်း ဖြေကြားသည်။

“ပြည်သူတွေက ရွေးချယ်လိုက်တဲ့ ပြည်သူလွှတ်တော်ကိုယ်စားလှယ်ကအခုလို ပြောတာကိုတော့ ကျွန်မတကယ် အံသြမိတယ်။ နောက်ပြီး ဒေသခံတွေတင်မကဘူး မြန်မာတစ်နိုင်ငံလုံး က ကန့်ကွက်နေတာတောင်ပြောရဲတယ်လို့၊ အံသြလို့ မဆုံးဘူး”ဟု ဒေါ်ဂျာခွန်က ဆိုသည်။

ရွေးကောက်ပွဲနီးကပ်လာသည့် အချိန်တွင် ယခုကဲ့သို့ တိုက်တွန်း ပြောဆိုလိုက်ခြင်းသည် နိုင်ငံရေးအရ သွေးတိုးစမ်းလိုက်ခြင်း ဖြစ်ကြောင်း နောက်ထပ် မြစ်ဆုံအရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သည့် ဒေသခံ ဒေါ်လုရာက သူ၏အမြင်ကို ရှင်းပြသည်။

“အခု ၂၀၂၀ ရောက်ပြီလေနော်။ သူတို့ကတိထားတဲ့အတိုင်း လုပ်ရတော့မယ်လေ။ အဲ့ဒီလို တိတ်ဆိတ်နေလို့ မရတော့ဘူးလေ။ အဲ့ဒီလိုနေနေလို့ ကြံခိုင်ရေးပါတီက သွေးတိုးစမ်းလိုက်တာ ဖြစ်သလားပေါ့နော်”ဟု ဒေါ်လုရာက ရှင်းပြသည်။
ယခုအစိုးရလက်ထက်တွင် မြစ်ဆုံအရေးကို ဦးစားပေးစဉ်းစားမည်ဖြစ်ကြောင်း ပြောကြားထားခဲ့သော်လည်း ယခုချိန်ထိ ထူးခြားမှု မရှိခြင်းအပေါ် ဒေါ်လုရာက ဝေဖန်ထောက်ပြသည်။

ပြည်သူလူထုအများစု ဆန့်ကျင်သည့် ကိစ္စဖြစ်သောကြောင့် ယခုကဲ့သို့ပြောဆိုခြင်းသည် ပြည်သူလူထုထောက်ခံမှု မရသည့်လမ်းကို သွားသောပါတီဖြစ်ကြောင်း သဘာဝသယံဇာတ စီမံခန့်ခွဲမှုပညာရှင် ဒေါက်တာမြင့်ဇော်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“မြစ်ဆုံပဲ မဟုတ်ဘူး။ မြန်မာပြည်မြောက်ပိုင်းက တောတောင် ရေမြေသဘာဝကို အထူးစောင့်ရှောက်ဖို့လိုတဲ့ အခြေအနေရှိမယ်။ မြန်မာပြည်မြောက်ပိုင်းက တောတောင်ရေမြေသဘာဝကို ကာကွယ်စောင့်ရှောက်တာမျိုး မဟုတ်ဘဲနဲ့ အဖျက်အဆီးဖြစ်မယ့်ကိစ္စ ဆိုရင် မြန်မာပြည်မြောက်ပိုင်းသာ မကဘူး။ အောက်ပိုင်းမှာလည်း ဆိုးကျိုးတွေရောက်လာမယ်”ဟု ဒေါက်တာမြင့်ဇော်က ရှင်းပြသည်။

မြစ်ဆုံရေကာတာ စီမံကိန်းအားလွန်ခဲ့သည့် ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ ခုနှစ်တွင် ယာယီရပ်တန့်ခဲ့ပြီး အခုချိန်တွင် ထာဝရရပ်တန့်ပေးရန် ပြည်သူလူထုအများစုမှ ဆက်လက် တောင်းဆိုနေကြသည်။

Ah Je

LEAVE A REPLY

Please enter your comment!
Please enter your name here