မြစ်ကြီးနား နောင်နန်းခရစ္စယာန်ဓမ္မတက္ကသိုလ်သို့ စစ်တပ်နှင့် ရဲကားများရောက်လာခြင်းသည် ဧည့်စာရင်းစစ်ရန်အတွက်ကြောင့်ဟုဆို

864

မတ် ၊၁၄

ယမန်နေ့ညက မြစ်ကြီးနား၊ နောင်နန်း ခရစ်ယာန်ဓမ္မတက္ကသိုလ်သို့ စစ်တပ်နှင့် ရဲကား(၁၀)စီးဝန်းကျင် ဝင်ရောက်လာခြင်းသည် ကျောင်းသူ/သားများ ဧည့်စာရင်းကို လာရောက် ကောက်ယူခြင်း ဖြစ်ကြောင်း သိရသည်။

“မနေ့ညက ကျွန်တော့်ကို ဖုန်းဆက်တယ်။ ဧည့်စာရင်းစစ်ဖို့ဆိုပြီး ပြောလာတယ်။ သူတို့နဲ့ သွားတွေ့တဲ့အခါ ရွာဘက်မှာ မဟုတ်ဘူး ကျမ်းစာကျောင်းဘက်မှာ သွားစစ်မယ်တဲ့။ ကျောင်း အပေါက်ဝမှာ စောင့်နေတယ်။ စောင့်ရင်းနဲ့ နောက်ဆုံးတော့ ကျောင်းအုပ်နဲ့ အဆက်အသွယ်ရတယ်။ အများပိုင် ဖြစ်တဲ့အတွက် အဆင့်ဆင့် တင်ပြပြီးမှ ဖွင့်ပေးလို့ရမယ် ပြောလာတယ်။ ၁၂နာရီခွဲ ကြာသွားတယ်။‌ နောက်တော့ ဆရာကြီး ခလမ်ဆမ်ဆွန်တို့ PCGတို့ တက်လာတယ်။ ကျောင်းသူ/သား အယောက်(၄၀)လောက်ကို တစ်နေရာထဲ စုပြီး နာမည်စာရင်း ကောက်သွားတယ်။”ဟု နောင်နန်းတိုက်နယ် ဥက္ကဌ ဦးဇေခေါင်က မြစ်ကြီးနား သတင်းဂျာနယ်သို့ ပြောသည်။

ယခုကဲ့သို့ ကျောင်းဝင်းအတွင်း ဧည့်စာရင်း လာရောက်ကောက်ယူခြင်းကို ကျောင်းတာဝန်ရှိသူများနှင့် PCGတို့ အနေဖြင့် အကောင်းဆုံး ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်KBCဥက္ကဌ ဒေါက်တာခလမ်ဆမ်ဆွန်က ပြောသည်။

“ကျောင်းက တံခါး မဖွင့်ပေးဘူး။ KTCSဆိုတာ KBCရဲ့ ကျောင်း ဖြစ်တယ်။ ကျွန်တော်တို့ ရောက်လာမယ် စောင့်ပါအုံး ဆိုပြီး ပြောတော့ သူတို့ရဲ့ စောင့်ပေးတယ်။ ပြည်နယ် အုပ်ချုပ်ရေး ကောင်စီဥက္ကဌကို PCGကနေတဆင့် ကျောင်းက ဖွင့်သေးတာ မဟုတ်ဘူး။ Musicကျောင်းသားတွေပဲရှိနေတယ် ဆိုတော့ လူကလည်း(၄၀)ကျော်လောက်ပဲ ရှိတယ်။ ကျောင်းကို သွားစစ်တယ်ဆိုတာ နှစ်ဖွဲ့အစည်းတွက် မကောင်းဘူးပေါ့။ အဆင်မပြေဘူးပေါ့။ အဲ့ဒါကြောင့် မရှာဖို့ ပြောတာပေါ့။ သူတို့ကလည်း အထက်က ညွှန်ကြားချက် အရ ဆိုတော့ ကြည့်တော့ ဝင်ကြည့်မယ် ဆိုပြီး။ ကျွန်တော်တို့ ရောက်သွားတဲ့ အချိန်မှာ ကျောင်းသူ/သားတွေ နာမည်ယူ၊ လိပ်စာယူပြီး အဲ့ဒီအဆင့်လောက်ပဲ ပြီးသွားတာပေါ့။ ကျောင်းကို လာစစ်တယ်ဆိုတာက ကြားလို့လည်း မကောင်းဘူး ဖြစ်စေချင်ဘူးပေါ့။ ‌အကောင်းဆုံးတော့ ကျွန်တော်တို့ ညှိနှိုင်းခဲ့တယ်။”ဟု ၎င်းက ဆိုသည်။

ယင်း စစ်တပ်နှင့်ရဲကား (၁၀)စီးကျော် ဝန်းကျင်သည် နောင်နန်းကျမ်းစာကျောင်းသို့ မတ်လ(၁၃)ရက်နေ့ည (၁၀)နာရီ ခွဲဝန်းကျင် ရောက်ရှိလာပြီး ကျောင်းသား/သူများ၏ ဧည့်စာရင်း ကောက်ယူကာ ယနေ့နံနက်(၂)နာရီခွဲဝန်းကျင်၌ ပြန်လည်ထွက်ခွာ သွားပြီ ဖြစ်ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here