မတ်(၃၀)
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ၊ နန့်ပုတ်ကျေးရွာတွင် ယနေ့နံနက်ပိုင်း (၉) နာရီဝန်းကျင်ခန့်က ပျဥ်တင်ဆောင်လာသည့် ကားဖြတ်သန်းချိန် တံတားကျိုးကျပျက်စီးပြီးအမျိုးသား(၂)ဦး သေဆုံးသွားကြောင်း သိရသည်။
မိုးညှင်းမြို့ အနောက်ဖက်ခြမ်းနှင့် ဆက်သွယ်ထားသည့် နန့်ပုတ်ကျေးရွာရှိ နန့်ရင်းချောင်းကူးတံတား ကျိုးကျသွားခြင်းဖြစ်ပြီး မိုးညှင်းမြို့ ၊ သိမ်အင်းရပ်ကွက်နေ အောင်မြင့်ထွန်း နှင့် မောင်မြင့် ဆိုသူနှစ်ဦး သေဆုံးသွားသည်ဟု ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ပြောသည်။
“ဒီမနက် ၈ နာရီ ၄၅ လောက်က ပျဥ်တင်ထားတဲ့ကားဖြတ်လာချိန် တံတားကျိုးသွားတာ။ ရွာကတာဝန်ရှိသူကို မေးကြည့်တော့ သိမ်အင်းရပ်ကွက်က အောင်မြင့်ထွန်းနဲ့ မောင်မြင့် နှစ်ယောက်ဆုံးသွားတယ်တဲ့။အသက်အရွယ်က မသိရသေးဘူး။”ဟု ဒေသခံကဆိုသည်။
ကျိုးကျသွားသည့် အဆိုပါတံတားကို တည်ဆောက်ထားသည်မှာ နှစ်ပေါင်းနှစ်ဆယ်ခန့် ကြာမြင့်ပြီဖြစ်ကြောင်းလည်း သိရသည်။







