စစ်ကောင်စီ၏ ကံဆီးဗျူဟာကုန်းမှ KIA တပ်စခန်းဘက်သို့ လက်နက်ကြီးများ ပစ်ခတ်

1806

ဧပြီ၊၂၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ ကံဆီးစစ်ကောင်စီတပ် ဗျူဟာကုန်းမှ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်မဟာဘက်သို့ ယနေ့နံနက် (၅) နာရီခွဲဝန်းကျင်က လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

(၈)မိုင်ဝန်းကျင် ဝေးသည့် KIAတပ်စခန်းဘက်သို့ စစ်ကောင်စီတပ်သားမှ လက်နက်ကြီး(၁၀)ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

ကံဆီးဗျူဟာကုန်းကနေ KIAတပ်မဟာ(၉)ဘက် ပစ်တာ။ လက်နက်ကြီးတွေနဲ့ ပစ်ပေးတာ။ နည်းနည်း ကြာတယ်။ (၈)မိုင်လောက် ဝေးတယ်။ ဒါပေမဲ့ လက်နက်ကြီးတော့ ရောက်နိုင်တာပေါ့။ နားလိုက် ပစ်လိုက်ဟုတ်တယ်။ (၁၀)ချက်ထက် မနည်းဘူး။ အခုတော့ မကြားရတော့ဘူး။ နာရီဝက်လောက်တော့ ကြာမယ်” ဟု ၎င်းက ပြောသည်။

အထက်ပါဖြစ်စဉ်နှင့် ပတ်သက်ပြီး KIA တပ်စခန်းနှင့် နီးစပ်သူအား မေးမြန်းရာတွင် စစ်ကောင်စီတပ်ဗျူဟာကုန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်မှာ မှန်ကန်ကြောင်း မြစ်ကြီးနားသတင်းဂျာနယ်သို့ အတည်ပြု ပြောဆိုသည်။

ဒီမနက် အစောပိုင်း(၅)ခေါက်လောက် အရင်မြည်တယ်။ အားလုံး ပေါင်းရင်တော့(၁၂)ချက်လောက် ရှိမယ်။” ဟုဆိုသည်။

ယနေ့မနက်ပိုင်းတွင် မိုးညှင်းခရိုင် ၊ အင်းတော်ကြီးဒေသက စစ်ကောင်စီလက်အောက်ခံ ချောင်းဝပြည်သူ့စစ်ဂိတ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့တို့မှ သွားရောက်တိုက်ခိုက်ခဲ့ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့သည်။

* ပုံဟောင်းအသုံးပြုထားပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here