ဆွမ်ပရာဘွမ်နှင့် တီယန်ဇွပ်ကြား KIA နှင့် စစ်ကောင်စီတို့ စစ်ရေးတင်မာနေပြီး မကြာခဏ ပစ်ခတ်မှု ဖြစ်ပွား

1131
KIA စစ်သား

မေ၊၁၆

မြစ်ကြီးနား – ပူတာအို လမ်းမပေါ်ရှိ ဆွမ်ပရာဘွမ်မြို့ နှင့် တီယန်ဇွပ်ကျေးရွာကြားတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် စစ်ကောင်စီတို့ကြား စစ်ရေးတင်းမာနေပြီး မကြာခဏ ပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း အနီးနားရှိ ဒေသခံတစ်ဦးထံမှ သိရသည်။

ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ဒရူချောင်းဘက်တွင် ယနေ့ နံနက်ပိုင်းက ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ တပ်မဟာ (၁) အောက် တပ်ရင်း (၄)၊တပ်ရင်း (၁၀)၊ (၂၂) တို့ နှင့် ပြည်သူ့ကာကွယ်ရေးတပ် (MHH) တို့ ပူးပေါင်းပြီး စစ်ကောင်စီ၏ ယဉ်တန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်သို့ ပြောသည်။

“ ဒီနေ့က ဒရူချောင်းဘက်မှာ ဖြစ်ကြတာပေါ့။ ဘယ်နေရာလည်းဆိုတာတော့ အတိအကျ မသိဘူး။ တစ်နေ့က ကဝါးပန်ရွာနားမှာ ဖြစ်တယ်။ နောက်ပြီး စွပ်ခါးနားမှာ တစ်ခါဖြစ်တယ်။ နှစ်ကြိမ်ဖြစ်တာပေါ့ စစ်ကောင်စီဘက်က နည်းနည်းအထိနာတယ်။ ရှေ့တန်းဘက်မှာ အခုလို တိုက်ပွဲလာဖြစ်ကြတော့ ကားတွေက ရှေ့ကို မတိုးလာရဲကြဘူး။ အဲဒီတော့ လမ်းကြောအရင်ရှင်းပြီး တစ်ဖြည်းဖြည်း လာနေတဲ့သဘောပေါ့။ ခုသုံးလေးရက်တောင် ရှိပြီ သူတို့ဆွမ်ပရာဘွမ် မရောက်ကြသေးဘူး။ တစ်နေ့တည်းနဲ့ ရောက်ရမယ့် ခရီးကို တိုက်ပွဲတွေ ဖြစ်နေတော့ ဒီနေ့ ခဂရန်း တော့ ရောက်လောက်တယ်” ဟု ဒေသခံက ဆိုသည်။

စစ်ကောင်စီတပ်များအနေဖြင့် ပူတာအိုမြို့နယ်တွင်းရှိ ခလရ (၄၆)၊ မချမ်းဘောအခြေစိုက် ခလရ (၁၃၇)၊ ပူတာအိုအဝင် မူလာရှီးဒီးအခြေစိုက် ခလရ (၁၃၈) တပ်များသို့ လက်နက်ခဲယမ်းနှင့် ရိက္ခာမပို့နိုင်သည်မှ (၂) နှစ်ခန့် ရှိလာပြီ ဖြစ်သောကြောင့် ရိက္ခာပို့ဆောင်နေခြင်း ဖြစ်နိုင်ကြောင်းလည်း ဒေသခံက ဆက်လက်ပြောသည်။

“ ပူတာအိုဘက်မှာ ရှိတဲ့ တပ်တွေကို ရိက္ခာမပို့နိုင်တာ (၂) နှစ်လောက်ရှိပြီလေ။ ဒီနှစ်က ရိက္ခာကုန်တော့ ရအောင်ပို့ကြတာပေါ့။ မနှစ်တုန်းကလည်း မပို့နိုင်ဘူးလေ PDFနဲ့ KIA တွေ လမ်းကြောတွေ ပိတ်လိုက်တာနဲ့ ကိုဗစ်ကြောင့်နဲ့လည်းဆိုတော့ လက်နက်ခဲယမ်းတို့ အစားအသောက်တို့ မပို့နိုင်တာ (၂) နှစ်လောက်ရှိပြီ အဲ့ဒါလာပို့တာနေမှာ” ဟု ဒေသခံက ဆိုသည်။

စစ်အာဏာ မသိမ်းခင်အချိန်က KIA ဘက်မှ ယခုကဲ့သို့ ပစ်ခတ်ခြင်းမျိုး မရှိခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးအခြေအနေ တင်းမာလာခြင်းကြောင့် နှစ်ဖက်တပ်ကြား ပစ်ခတ်မှုများဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှလည်း လူအင်အားအလုံးအရင်းဖြင့် ရောက်ရှိနေသောကြောင့် တိုက်ပွဲပြင်းထန်လာမည်ကို အနီးနားရှိ ဒေသခံများက စိုးရိမ်နေကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here