ဇူလိုင်၊၂၇
ကချင်ပြည်နယ်၊ မြစ်ဆုံဒေသ တန်ဖရဲကျေးရွာက နှစ်ခြင်းဘုရားကျောင်းကို ပြန်လည် ပြုပြင်မွမ်းမံနေပြီး အလှူငွေလိုအပ်လျက်ရှိနေတယ်လို့ သိရပါတယ်။
မြစ်ဆုံစီမံကိန်းကြောင့် အောင်မြင်သာကျေးရွာဘက် ပြောင်းရွှေ့ခဲ့ရတဲ့ တန်ဖရဲဒေသခံပြည်သူတွေဟာ လက်ရှိတန်ဖရဲ(KBC)ဘုရားကျောင်းကို ကိုယ်ထူ ကိုယ်ထနဲ့ အလှူရှင်အချို့ရဲ့ ကူညီမှုကြောင့် (၁၀) နှစ်ကျော်အကြာ အခုနှစ် ဧပြီလကနေစပြီး ပြန်လည်ပြုပြင်ရေးတွေ စတင်လုပ်ဆောင်နေပြီ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“ကျောက်တွေ ကောက်တယ်။ သဲတွေကောက်ပြီး လုပ်နေတယ်။ ခုလည်း အလှူငွေတွေ လိုအပ်နေဆဲလည်း ဖြစ်ပါတယ်။ အောက်တိုဘာလလောက် ပြီးဖို့ မျှော်လင့်ထားတယ်။ (၁၀)နှစ်ကျော်လောက် ပစ်ထားပြီဆိုတော့ ပြုပြင်ရမှာတွေ များနေတယ်“လို့ သူက ပြောပါတယ်။
မြစ်ဆုံစီမံကိန်းကြောင့် အခြားနေရာကို ပြောင်းရွှေ့ခဲ့ရပေမယ့် တန်ဖရဲကျေးရွာမှာ ရှိတဲ့ အဲဒီဘုရားကျောင်းမှာတော့ အပတ်တိုင်း ဘုရားဝတ်ပြုရှိခိုးကြတယ်လို့ ဆိုပါတယ်။
တန်ဖရဲကျေးရွာက ဒေသခံပြည်သူတွေဟာ (၁၁)ခုနှစ်လောက်မှာ မြစ်ဆုံစီမံကိန်းကြောင့် အောင်မြင်သာကျေးရွာဘက် ရွှေ့ပြောင်းခဲ့ကြရပြီး လက်ရှိအိမ်ခြေ(၄၀၀)ကျော်လောက် ရှိတယ်လို့လည်း သိရပါတယ်။