ဆယ်ဇင်းကျေးရွာအတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွါးလာမည်ကို ဒေသခံများစိုးရိမ်နေ

321
ဆယ်ဇင်း-ဖားကန့်

ဇူလိုင်၊၂၇

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာဘက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတို့ကြား စစ်ရေးအရတင်းမာနေပြီး တိုက်ပွဲတွေပြန်လည် ဖြစ်ပွားလာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

လက်ရှိအချိန်မှာ ဆယ်ဇင်းကျေးရွာအတွင်း စစ်ကောင်စီဘက်က တပ်မ (၃၃) ကနေ စခန်းချလျက်ရှိနေပြီး ရွာရဲ့တောင်ဘက်မှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၊ ရွာအနီးတစ်ဝိုက်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့စစ်ရေးလှုပ်ရှားလျက်ရှိနေကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ ရွာထဲကို ဝင်ခွင့်မပေးတာက ဆက်ဖြစ်ဦးမယ်ဆိုတဲ့ အရိပ်အယောင် ဖြစ်နေတယ်။ နည်းနည်းလေး အချိန်အတိုင်းအတာ တစ်ခုစောင့်နေကြတယ်ထင်တယ် ကြည့်ရတာ။ ဘယ်ကနေ ဘယ်လိုစဖြစ်လာမယ်ဆိုတာ အဲဒါပဲကြည့်နေကြတာ။ ရွာပတ်ပတ်လည် KIA ကနေပြီးတော့ ရွာက ပြန်ထွက်မယ်ဟေ့ဆိုရင်တော့ လမ်းကြောင်းတွေအကုန် ထိန်းချုပ်ထားတဲ့ သဘောမှာရှိတယ်။ SNA ကလည်း ရွာရဲ့ တောင်ပိုင်းကနေပြီးတော့ အယောင်ပြနေတာပေါ့နော်” လို့ ဒေသခံက ဆိုပါတယ်။

ဒါ့အပြင် ဆယ်ဇင်းကျေးရွာတွင်း ဝင်ခွင့်ကို ဇူလိုင်လ (၂၅) ရက်နေ့က ခွင့်ပြုထားခဲ့ပေမယ့် လက်ရှိမှာ KIA ဘက်ကရွာဝင်ခွင့်ကိုပြန်လည် ရုတ်သိမ်းထားပြီး ထွက်ခွင့်ပဲ ပေးထားတယ်လို့ ဒေသခံက ဆက်ဆိုပါတယ်။

“ (၃) ရက်လက်ခံမယ်ဆိုပြီးတော့ လူကားတွေ လက်မခံဘူးတဲ့ ဟင်းသီးဟင်းရွက်ကား (၂) စီးလောက်ပဲ လွှတ်ပေးခဲ့တာ။ ကုန်စည်တောင်မှ စားကုန်သောက်ကုန်တွေပေါ့နော်။ ဟင်းသီးဟင်းရွက်တွေ အထဲမှာရှိတဲ့ လူတွေတွက်ရိက္ခာလောက်ပဲ လွှတ်ပေးတဲ့သဘော အဲဒီလိုဖြစ်သွားတာပေါ့နော်။ ခုလက်ရှိမှာလည်း စဖြစ်တဲ့ နေရာမှာပဲ 4g ကုန်းလို့ခေါ်တဲ့ မက်လင်ချောင်းနားမှာပဲ အဲဒီကနေပြီးတော့ ကားတွေကို ပြန်လှည့်ခိုင်းတဲ့ သဘောမှာရှိတယ်။ KIA ကပဲရွာသူရွာသားတွေ စားဖို့လောက်ပဲ ရိက္ခာ နည်းနည်းဝင်ခိုင်းတာပဲ ရှိတယ်” လို့ ဒေသခံ ဆက်လက်ဆိုပါတယ်

ဆယ်ဇင်းကျေးရွာမှာ အိမ်ထောင်စု (၁၀၀၀) ကျော်လောက်ရှိပြီး ဇူလိုင်လ (၁၇) ရက်နေ့က စလို့ စစ်ကောင်စီ၊SNA ပူးပေါင်းတပ်နဲ့ KIA၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့လို့ တိုက်ပွဲဖြစ်ပွါးရာနေရာက အိမ်ထောင်စုအချို့နီးစပ်ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here