လျှပ်စစ်မီးအခက်အခဲကြောင့် ဆန်စက်များ သေချာမလည်ပတ်နိုင်ဘဲ အခက်ကြုံနေရ

489

 

မေ၊၁၀

လျှပ်စစ်မီးပုံမှန်မရရှိတာကြောင့် လျှပ်စစ်မီးအသုံးပြု လည်ပတ်ကြတဲ့ ဆန်စက်တွေ ဒီနောက်ပိုင်း သေချာမလည်ပတ်နိုင်ဘဲ အခက်အခဲကြုံတွေ့ရတယ်လို့ ဆန်စက်ပိုင်ရှင်တွေက ပြောပါတယ်။

ဧပြီလပိုင်းဘက်မှာ မီးပိုပျက်လာပြီး ခွဲတမ်းတိုင်းလည်း မီးပုံမှန်မလာတဲ့အတွက် အချိန်နဲ့အမျှ အလုပ်မလုပ်နိုင်တဲ့ အခြေအနေရှိတယ်လို့ ဝိုင်းမော်မြို့နယ်မှာရှိတဲ့ ဆန်စက်ပိုင်ရှင် အမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

” မီးမလာဘူးဆိုတော့ အချိန်နဲ့အချိန် အလုပ်မလုပ်နိုင်ဘူးပေါ့နော် ။ ညပိုင်း လာတဲ့အချိန်လေးကို မဖြစ်မနေ ကုန်သည်တွေနဲ့ ကိုယ်နဲ့ မျှကြိတ်ရတာပေါ့လေ။ မီးက နည်းနည်း ဂရုစိုက်လုပ်ပေးရင်တော့ ပိုကောင်းတာပေါ့။” လို့ဆိုပါတယ်။

မီးပုံမှန်မရရှိတဲ့အတွက် ကုန်သည်တွေအပ်နှံထားတဲ့ အလုပ်တွေကို အချိန်မှီမလုပ်ပေးနိုင်ဘဲ ညပိုင်းမီးလာတဲ့အချိန်မှာ ကြိတ်ခွဲနေရတယ်လို့ ဆိုပါတယ်။

စက်သုံးဆီအသုံးပြုပြီး လည်ပတ်ဖို့အတွက်ကလည်း ကုန်ကျစရိတ်များပြားတာကြောင့် လျှပ်စစ်မီးလာတဲ့အချိန်မှာပဲ ကြိတ်ရတဲ့အခြေအနေရှိတယ်လို့ မြစ်ကြီးနားမြို့က ဆန်မှုန့်ကြိတ်လုပ်ငန်း လုပ်ကိုင်တဲ့ ပြည်သူတစ်ဦးကလည်း ပြောပါတယ်။

” လာတဲ့အချိန်မှာပဲ ကောက်ကြိတ်ရတဲ့ သဘောပေါ့လေနော်။ အရင်ကထက်စာရင်တော့ တော်တော်ပါးသွားတယ်။” လို့ဆိုပါတယ်။

သင်္ကြန်ကာလနောက်ပိုင်းမှာ လျှပ်စစ်မီးပုံမှန်မရရှိတာကြောင့် စက်လည်ပတ်ရတာ အခက်အခဲကြုံတွေ့ရပြီး ဆန်လိုသလောက် မရရှိသလို ကုန်သည်တွေရောင်းချဖို့နဲ့ ဒေသခံတွေ စားသောက်ဖို့ လာရောက်ကြိတ်ခွဲတာတွေကို အလှည့်ကျကြိတ်ပေးနေရတယ်လို့ မိုးကောင်းမြို့နယ်က ဆန်စက်ပိုင်ရှင် အမျိုးသားတစ်ဦးကလည်း ဆိုပါတယ်။

လျှပ်စစ်မီးအသုံးပြုပြီး စက်လည်ပတ်တာက ကုန်ကျစရိတ်သက်သာတဲ့အတွက် ဒီနောက်ပိုင်းမှာတော့ လျှပ်စစ်မော်တာတွေအသုံးပြုပြီး ကြိတ်ခွဲတာတွေများလာတယ်လို့ သိရပါတယ်။

ဆန်စက်တွေပုံမှန်မလည်ပတ်နိုင်တာကြောင့် သင်္ကြန်ပြီးတဲ့နောက် ဈေးကွက်ထဲမှာ ဆန် လိုသလောက်မရရှိတဲ့အပြင် လက်ရှိအနေအထားအတိုင်းသာ ဖြစ်နေမယ်ဆိုရင် ဆန်ဈေးမြင့်တက်လာနိုင်တဲ့ အခြေအနေရှိတယ်လို့ ကချင်ပြည်နယ် ဆန်စပါးကုန်သည်များအသင်းရဲ့ တာဝန်ရှိသူ ဦးချစ်လွင်က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောဆိုထားပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here