ဇွန်၊၂၀
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့က စစ်ရှောင်ဒုက္ခသည်စခန်းမှာ နေထိုင်ကြတဲ့ စစ်ရှောင်အိမ်ထောင်စု ၂၆ စုနေဖို့အတွက် ကောင်ရာရပ်ကွက် ၃ အနီးမှာ မြေနေရာချထားရေး လုပ်ဆောင်နေပြီး အကုန်အကျများတဲ့အတွက် အကူအညီတွေလိုအပ်နေပါတယ်။
အပင်ရှင်းလင်းတာတွေနဲ့ လမ်းဖောက်လုပ်တာတွေအပြင် ၁၀ ပေလောက်ရှည်တဲ့ တံတားတစ်စင်းနဲ့ ရေတွင်းနှစ်တွင်းတူးတာတွေ လုပ်ဆောင်ပြီးပြီလို့ စစ်ရှောင်တွေကို ပြန်လည်နေရာချထားရေး ကူညီဆောင်ရွက်ပေးနေတဲ့ ကောင်ရာ KBC အသင်းတော်မှာနေတဲ့ တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။
“အိမ်ဝင်းအတွင်းက သစ်မြစ်တွေထုတ်ရဦးမယ်၊ လမ်းကိုလည်း
ကောင်းစွာကျောက်ခင်းနိုင်ဖို့ လုပ်ရဦးမယ်၊ ပြီးရင်တော့ အိမ်ဆောက်ပေးဖို့လိုသေးတယ်။ အခုထိတော့ဘယ် NGO တွေ၊ CSO တွေမှ ဆက်သွယ်လာတာတော့ မရှိသေးပါဘူး။” လို့ဆိုပါတယ်။
ဒါ့အပြင် မြေလွတ်မြေရိုင်း၊ မြေယာမြေပုံကြမ်း ရရှိပြီဖြစ်တဲ့အတွက်
တရားဝင်အိမ်ရာမြေ ဖြစ်လာအောင် ကာမိုင်းမြို့အထွေထွေအုပ်ချုပ်ရေးမှူး၊လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ စစ်ရှောင်ပြန်လည်နေရာချထားရေးအဖွဲ့တွေ ပူးပေါင်းပြီး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
တရားဝင်အိမ်ရာမြေဖြစ်သွားခဲ့ရင် ကူညီပေးမယ့် အဖွဲ့အစည်းတွေကလည်း တရားဝင်လာရောက်ကူညီနိုင်မှာ ဖြစ်တာကြောင့် အမြန်ဆုံးရရှိအောင် သက်ဆိုင်ရာဌာနတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
ကာမိုင်း၊ ကောင်ရာရပ်ကွက် ၃ မှာ မြေနေရာချထားဖို့ မြေ ၁၉ ဧကထဲကနေ စစ်ရှောင်ပြည်သူအိမ်ထောင်စု တစ်စုစီကို အကျယ်ပေ ၆၀ ပေ ၈၀ ရှိတဲ့ မြေတစ်ကွက်စီ မဲစနစ်နဲ့ ခွဲဝေပေးသွားမှာဖြစ်ပြီး အဲဒီမြေတွေကို စစ်ရှောင်တွေအနေနဲ့ အပိုင်ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပိုတဲ့ အိမ်ကွက် ၁၀ ကွက်ကျော်လောက်ကိုတော့ ကျေးရွာကော်မတီအဖွဲ့နဲ့ စစ်ရှောင်ပြန်လည်နေရာ ချထားရေးအဖွဲ့ကနေ ဦးစီးပြီး အိမ်ကွက်မရှိလို့ ခက်ခဲနေတဲ့ မိသားစုတွေကို တစ်ကွက် ၇ သိန်းလောက်နဲ့ ရောင်းချသွားမယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ အမျိုးသားက ဆက်လက်ဆိုပါတယ်။
“ကျေးရွာရုံးကလည်း ဆောက်လုပ်ဖို့ စဉ်းစားထားတယ်။ ပြီးတော့ စစ်ရှောင်တွေရဲ့ မြေတွေမှာ လိုအပ်တဲ့နေရာမှာ သုံးဖို့ ပြင်ဆင်ထားပါတယ်။ လမ်းဖောက်လုပ်တာကလည်း တစ်နာရီမှာ ၇ သောင်းခွဲနဲ့ စက်ကိုငှားပြီးဖောက်လုပ်နေတာ နာရီပေါင်း ၃၀ ကျော် ၄၀ လောက်ရောက်သွားတော့ ပိုက်ဆံက သိန်း၄၀/ ၅၀ လောက်ကုန်သွားတယ်။ “လို့ ဆိုပါတယ်။
အဲဒီစစ်ရှောင်တွေဟာ ဖားကန့်ဇုန်နယ်၊ လိုင်နောင်းခူး(မန်ဝိုင်)ကျေးရွာမှာ KIA နဲ့ စစ်ကောင်စီစစ်တပ်တို့ ရွာအတွင်း တိုက်ပွဲဖြစ်ပွားတဲ့အတွက် လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ထွယ်ဆန်ယန်ကျေးရွာမှာ လာခိုလှုံကြတဲ့ သူတွေဖြစ်ပါတယ်။
နေရပ်ပြန်ဖို့အတွက် လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲ ဖြစ်တဲ့အတွက် ပြန်လည်နေထိုင်ဖို့ မဖြစ်နိုင်သေးဘဲ ကျောင်း၊ မြို့၊ ဈေး တွေနဲ့လည်းနီးတဲ့ နေရာအနီးမှာ ပြန်လည်နေရာချထားရေး လုပ်ဆောင်ရတာဖြစ်တယ်လို့ ဆိုပါတယ်။







