တိန်ကောက်ရွာသားများ နေအိမ်တွင် ဗုံးခိုကျင်းတူး၍ နေထိုင်နေရ

1421

ဖေဖော်ဝါရီ ၁

ဟူးကောင်းချိုင့်ဝှမ်းရှိ တိန်ကောက်ကျေးရွာအတွင်း လက်နက်ကြီးများ ကျရောက် ပေါက်ကွဲလာခြင်းကြောင့် ဇန်န၀ါရီ ၂၉ ရက်နေ့မှစ၍ ဗုံးခိုကျင်းများတူးကာ နေထိုင်ကြရကြောင်း ဒေသခံများက ပြောသည်။

“ရွာသားတွေက အရမ်းကြောက်ပြီး အိမ်တိုင်းလိုလို ဗုံးခိုကျင်းတွေတူးပြီး နေကြတာ။ တချို့ စပါးကျီဆောက်ထားတဲ့အိမ်တွေဆို ဆာလာအိတ်ထဲ မြေကြီးတွေထည့်ပြီး အဲဒီအိတ်တွေကို စပါးကျီအောက်ထဲထည့်၊ ပြီးတော့သစ်လုံးတွေနဲ့ ကာထားပြီး နေကြတယ်”ဟု တိန်ကောက်ရွာသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

ဗုံးခိုကျင်းများအား အနက် ၅ ပေခန့်အထိတူးကြပြီး ကျင်းအပေါ်တွင် ၂ ပေခန့်ရှည်သော သစ်လုံးများကာရန်ကာ ထိုအပေါ်မှ မြေကြီးများဖြင့်ဖို့ထားကြကြောင်း သိရသည်။

ဇန်န၀ါရီလ ၃၀ ရက် နံနက် ၇ နာရီခန့်တွင် တိန်ကောက်ကျေးရွာတွင် ရှိသည့် ခလရ ၈၆ တပ်စခန်းက ပစ်ခတ်ခဲ့သော လက်နက်ကြီးများသည် ကျေးရွာအနီးတွင် ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ဒေသခံများက ပိုမိုစိုးရိမ်နေကြရသည်ဟု ၎င်းတို့၏ ပြောကြားချက်အရ သိရသည်။

“အဲဒီတပ်စခန်းက ပစ်တဲ့ လက်နက်ကြီး ၇ ကြိမ်မှာ တချို့ဟာတွေက ရွာကနေ ၂ ဖာလုံလောက် အဝေးမှာကျပြီးပေါက်ကွဲမှု ဖြစ်သွားတာ။ အဲဒီတော့ ဘယ်အချိန် ရွာထဲ ကျပြီးပေါက်ကွဲမလဲလို့ ကြောက်နေရတယ်”ဟု တိန်ကောက်ရွာသားတစ်ဦးက ပြောသည်။

ထို့ပြင် ရွာအပြင်သို့ထွက်သည့် ရွာသားများအား တပ်မတော်၏ ရန်သူအဖြစ် သတ်မှတ်မည်ဟု ပြောကြားထားသောကြောင့် စားဝတ်နေရေးအတွက် ရွာပြင်သို့ထွက်ကာအလုပ်မလုပ်ရဲဘဲ ဖြစ်နေရသည်ဟု ဒေသခံများကဆက်လက်ပြောသည်။

“အခုချိန်မှာ စားဝတ်နေရေးအတွက်လည်း အရမ်းခက်ခဲနေတယ်။ ထင်းခွေသွားတဲ့သူတွေ ၀က်စာသွားရှာတဲ့သူတွေ၊ မြင်းခွာရွက်ရှာတဲ့သူတွေ အားလုံးက လက်နက်ကြီးသံကြားတာနဲ့ ချက်ခြင်းပြန်ပြေးလာကြရတယ်။ ရွာပြင်တောင်ထွက်လို့ မရတော့ဘူး။ ရွာသားတွေကိုလည်း အပြင်ထွက်တဲ့သူကို ရန်သူလို့သတ်မှတ်မယ်ကြားတော့ အရမ်းကြောက်ရတယ်။ အမှုမဲ့အမှတ်နဲ့လည်း နေလို့မရဘူး”ဟု ဒေသခံများက ပြောသည်။

ဇန်န၀ါရီလ ၃၁ ရက်နေ့က တိန်ကောက်ရွာ၏ အနောက်တောင်ဘက် ၆ မိုင်ခန့်အကွာတွင်ရှိသော မြန်မာ့ဆက်သွယ်ရေးလမ်းကြောင်းတွင် တပ်မတော်နှင့် ကေအိုင်အေတပ်ဖွဲ့အကြား အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် တိန်ကောက်စခန်းက လက်နက်ကြီးများဖြင့် တိန်ကောက်ရွာအနီးသို့ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

လဖိုင်လု

LEAVE A REPLY

Please enter your comment!
Please enter your name here