ဇန်န၀ါရီ ၂၈
မြစ်ကြီးနား မြို့မဈေး ၁ ရှိ ကမ္ဘောဇမီနီဘဏ်တွင် ဖြစ်ပွားသွားခဲ့သည့် ဓါးပြတိုက်မှုကြောင့် ဗန်းမော်မြို့ရှိ ကမ္ဘောဇဘဏ်များကို လုံခြုံရေးတိုးမြှင့်သွားရန် စီစဉ်နေသည်ဟု ဗန်းမော်မြို့မရဲစခန်းမှ ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသိန်းက ပြောသည်။
“ဘဏ်တွေက လုံခြုံရေးဝန်ထမ်းတွေ ခေါ်ယူတယ်ဆိုရင် ကျွန်တော်တို့ကို သေချာစိစစ်ပြီး ရွေးချယ်ပေးသွားဖို့ အကူအညီ တောင်းလာလို့ရှိရင် ကူညီပေးဖို့ အဆင်သင့်ပါပဲ။ ရဲစခန်းက ဖုန်းနံပါတ်တွေကို ဘဏ်ဝန်ထမ်းတိုင်း သိထားဖို့လိုမယ်။ လျှို့ဝှက်လုံခြုံရေးကိရိယာတွေ တပ်ဆင်ထားရင်တော့ ပိုကောင်းတာပေါ့။ ဘဏ်လုံခြုံရေးတွေကိုလည်း ၂၄ နာရီအပြည့် တာဝန်ထမ်းဆောင်စေချင်တယ်။ ကျွန်တော်တို့ဘက်ကလည်း လုံခြုံရေးကို တင်းကြပ်ပေးသွားပါ့မယ်”ဟု ရဲမှူးစိုးသိန်းက ပြောသည်။
ရဲမှူးစိုးသိန်းသည် အထက်ပါအကြောင်းအရာများကို ဇန်န၀ါရီလ ၂၈ ရက်က ဗန်းမော်မြို့မရဲစခန်းတွင် ပြုလုပ်သည့် ဗန်းမော်မြို့ရှိ ဘဏ်များ၏လုံခြုံရေး အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ဇန်န၀ါရီလ ၂၃ ရက် ညနေပိုင်းတွင် မြစ်ကြီးနားမြို့ရှိ ကမ္ဘောဇဘဏ်၌ဖြစ်ပွားသွားခဲ့သည့် ဘဏ်ဓားပြမှုသည် ကြိုတင်အကွက်ချကြံစည်မှုဖြစ်သည်ဟု ၎င်းကသုံးသပ်ပြောကြားသည်။
“ဒီအမူကတော့ အကွက်ကျကျကြိုတင်ကြံစည်ပြီး လုပ်တယ်လို့ပဲ သုံးသပ်မိတယ်။ ဖြစ်တဲ့အချိန်ကလည်း လူရှင်းပြီး ငွေသိမ်းချိန်မှာ ဖြစ်တာဆိုတော့ ဘဏ်အကြောင်းကောင်းကောင်း လေ့လာထားတဲ့၊ အတွေ့အကြုံတော်တော်ရင့်တဲ့ သူတွေ ဖြစ်မယ်လို့ သုံးသပ်မိပါတယ်”ဟု ရဲမှူးစိုးသိန်းက ဆိုသည်။
ဗန်းမော် မြို့မရဲစခန်းတွင် ပြုလုပ်သည့် ဗန်းမော်မြို့ရှိ ဘဏ်များ၏လုံခြုံရေး အစည်းအဝေးသို့ ထိုမြို့တွင် ဖွင့်လှစ်ထားသည့် ကမ္ဘေဇဘဏ် ၁ ၊ ၂ ၊ CB ဘဏ်၊ ဗွီ ဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ် စသည့် ဘဏ်များရှိ တာာဝန်ရှိသူများနှင့် လုံခြုံရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ဆိုင်းထွယ်ဇင်







