မြစ်ဆုံစီမံကိန်းကို စည်းလုံးညီညွတ်စွာ ဆက်လက်ကန့်ကွက်မည်

1211

ဇန်န၀ါရီ ၂၉

မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ဒေသခံများအားလုံး စည်းလုံးညီညွတ်စွာ ဆက်လက်ကန့်ကွက်သွားမည်ဟု ကချင်လူထုအခြေပြုဖွံ့ဖြိုးရေးအဖွဲ့မှ ဒေါ်မရစ်လုရာက ပြောသည်။

“ကျွန်မတို့တွေ ရှေ့လျှောက်လည်း မြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီး အားလုံးညီညီညွတ်ညွတ်နဲ့ ကန့်ကွက်သွားမယ်။ အဲလိုတွေ ကန့်ကွက်နိုင်ဖို့၊ ကျွန်မတို့ကြုံနေရတဲ့ အခက်အခဲတွေကို အရှုံးမပေးဘဲ ဆက်လက်ရင်ဆိုင်သွားကြရမယ်”ဟု ဒေါ်မရစ်လုရာက ပြောသည်။

ဒေါ်မရစ်လုရာသည် အထက်ပါ အကြောင်းအရာများကို အောင်မြင်သာကတ်သလစ် ဘုရားကျောင်းဝင်းအတွင်း ဇန်န၀ါရီလ ၂၉ ရက်ကပြုလုပ်သည့် မြစ်ဆုံစီမံကိန်းကြောင့် အောင်မြင်သာပြောင်းရွှေ့ကျေးရွာတွင် နေထိုင်သောဒေသခံများ ခွန်အားယူဟောပြောပွဲတွင် ပြောခြင်းဖြစ်သည်။

အဆိုပါ ခွန်အားယူဟောပြောပွဲကိုကို ကချင်လူထုအခြေပြု ဖွံ့ဖြိုးရေးအဖွဲ့ (MRJ)ကဦးဆောင်ကာ မြစ်ဆုံစီမံကိန်းကြောင့် ဒေသခံများကြုံတွေ့နေရသည့် အခက်အခဲများကို ကြံ့ကြံ့ခံနိုင်ရန်၊ စီမံကိန်းကို ဆက်လက်ကန့်ကွက်ရန်၊ ကြုံတွေ့လာမည့် အခက်အခဲများကို အရှုံးမပေးဘဲ ရင်ဆိုင်သွားရန်၊ ဒေသခံမိတ်သဟာယအချင်းချင်း စည်းလုံးစွာဖြင့် ခွန်အားယူနိုင်ရန် စသည့် ရည်ရွယ်ချက်များနှင့် ပြုလုပ်ခြင်းဖြစ်ကြောင်း MRJ မှ ဒေါ်မရစ်လုရာက မြစ်ကြီးနားသတင်းဂျာနယ်ကို ရှင်းပြသည်။

“ဒီနှစ်အတွင်းမှာ ကျွန်မတို့ဒေသခံတွေ ခံစားချက်အရမ်းများခဲ့တယ်။ အခုပြောင်းရွှေ့ကျေးရွာမှာ အိမ်တွေလည်းမကောင်းဘူး။ တောင်ယာ၊ လယ်လုပ်ငန်းလုပ်ဖို့ မြေနေရာလည်း မရှိဘူး။ ဒီလို ရင်နာစရာတွေ အများကြီးကြုံတွေ့နေရတာကြောင့် ခွန်အားယူဟောပြောပွဲ ပြုလုပ်ရခြင်းဖြစ်တယ်”ဟု ဒေါ်မရစ်လုရာဆိုသည်။

အဆိုပါ ခွန်အားယူဟောပြောပွဲတွင်  ဖာသာ နော်ဒင့်၊ (KDNG)အဖွဲ့အစည်းမှ ဒါရိုက်တာဆရာစတီဗင်နှင့် သင်းအုပ်ဆရာ မရစ်ဘောက်ဆန့်တို့က ဒေသခံများအား စိတ်ဓာတ်ခွန်အားပေးခြင်းနှင့် အသိပညာပေးခြင်းများကို ပြောကြားခဲ့သည်။

“မြစ်ဆုံစီမံကိန်းကြောင့် အရင်ဆုံး ဆိုးကျိုးခံစားရမယ့်သူတွေဟာ မြစ်ကြီးနားမှဒေသခံဖြစ်တယ်။ ပြီးရင် မြန်မာနိုင်ငံမှာရှိတဲ့ မြို့ပေါင်း ၇၀ က လူဦးရေ ၃ သန်းဟာလည်း ဒီဆိုးကျိုးတွေကို ကြုံတွေ့ရမယ်”ဟု KDNG မှ ဆရာစတီဗင်က ဟောပြောပွဲတွင် ပြောသည်။

ထို့အပြင် ဟောပြောပွဲ၌ ဖာသာနော်ဒင့်က ဦးဆောင်၍ ဒေသခံများနှင့်အတူ မြစ်ဆုံစီမံကိန်းအား ကန့်ကွက်ကြောင်း ကြွေးကျော်ခဲ့သည်။

အဆိုပါ ခွန်အားယူဟောပြောပွဲကို အောင်မြင်သာစံပြကျေးရွာတွင် ပထမဦးဆုံးအကြိမ်ပြုလုပ်ခြင်းဖြစ်ပြီး ထိုဟောပြောပွဲသို့ အောင်မြင်သာကျေးရွာအပြင် တန်ဖရဲကျေးရွာ၊ မလိဇွပ်ကျေးရွာမှ ဒေသခံ၁၄၇ ဦးတက်ရောက်ခဲ့ကြသည်။

ဆန်လတ်

LEAVE A REPLY

Please enter your comment!
Please enter your name here