၀န်ကြီးခရီးစဉ်မတိုင်မီ ယန္တရားတွေ အပြေးအလွှားဝှက်တဲ့ ဖားကန့်ကုမ္ပဏီများ

1580

မြစ်ကြီးနား၊ ဒီဇင်ဘာ ၁၁

ဖားကန့်ကျောက်စိမ်းတွင်းဒေသသို့ ပြည်နယ်အစိုးရအဖွဲ့က သွားရောက် ကွင်းဆင်းစစ်ဆေးချိန်တိုင်းတွင် ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီများက ၎င်းတို့၏ မြေသယ်ယာဉ်နှင့် စက်ယန္တရားများကို အခြားနေရာသို့ သွားရောက်သိုဝှက်မှုများပြုလုပ်လေ့ရှိသည်ဟု ဒေသခံများက ပြောကြသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့မှ သဘာဝနှင့်သယံဇာတဝန်ကြီး ဦးHလအောင်က ဒီဇင်ဘာလ ၁၁ ရက်နေ့တွင်            ဖားကန့်ဒေသသို့ သွားရောက်ရာ ဖားကန့်သို့ ဝန်ကြီးမရောက်မီရက်ပိုင်းအလိုတွင် ကျောက်မျက်ကုမ္ပဏီများက ၎င်းတို့တွင်ရှိသည့် ယာဉ်ယန္တရားများ၏ သုံးပုံတစ်ပုံခန့်ကိုသာ လုပ်ကွက်ထဲတွင်ထားခဲ့ပြီး အခြားယာဉ်များကို သိုဝှက်မှုများ ပြုလုပ်နေသည်ကိုတွေ့ခဲ့ရသည်ဟု ဖားကန့်မြို့နယ်မှ အလွတ်တန်းသတင်းထောက် ကိုဇော်မိုးထက်က မြစ်ကြီးနားသတင်းဂျာနယ်သို့    ပြောသည်။

“သယံဇာတဝန်ကြီး ဖားကန့်ကိုလာမယ်ဆိုပြီး သတင်းကြားတာနဲ့ လုပ်ကွက်ထဲမှာရှိတဲ့ ယန္တရားတွေရဲ့ သုံးပုံပုံ နှစ်ပုံကို လျှော့ချလိုက်ကြပြီ။ အဲလိုလုပ်တာ ဝန်ကြီးခရီးစဉ်တွေရှိတိုင်းလုပ်တာ”ဟု ကိုဇော်မိုးထက်က ၎င်းမျက်မြင်            ကြုံတွေ့ခဲ့ရသည်များကို ပြောပြသည်။

လက်ရှိအချိန်၌ ဖားကန့်ဒေသတွင် ကျောက်မျက်တူးဖော်ရေးကုမ္ပဏီပေါင်း ၃၀၀ ကျော်ရှိပြီး နိုင်ငံတော်နှင့်အကျိုးတူလုပ်ငန်း လုပ်ဆောင်နေသည့် ကုမ္ပဏီများကပင် အထက်ပါကိစ္စရပ်များကို လုပ်နေကြလေ့ရှိသည်ဟု သိရသည်။

“နိုင်ငံတော်နဲ့ အကျိုးတူလုပ်တဲ့ လုပ်ကွက်တွေကတောင် ဒီလိုယာဉ်ယန္တရားတွေကို လျှော့ချတယ်ဆိုတော့ သူတို့ကိုယ်တိုင်က တရားမဝင် ထုတ်သုံးနေလို့လားပေါ့။ ဒီလိုဝန်ကြီးလာတာနဲ့ ယန္တရားတွေကို လျှော့ချပစ်တယ်ဆိုတာက       နားလည်ပေးရခက်တယ်။ နိုင်ငံတော်နဲ့အကျိုးတူလုပ်ပြီး နိုင်ငံတော်ကပဲ ချိုးဖောက်နေတာလားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်”ဟုလည်း ကိုဇော်မိုးထက်က ပြောသည်။

ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီများက ဝန်ကြီးခရီးစဉ် ရှိနေချိန်တိုင်းတွင် ၎င်းတို့၏ ယာဉ်ယန္တရားများအရေအတွက်ကို အသိမခံလို၍ ဖားကန့်နှင့်အနီးတစ်ဝိုက်တွင်ရှိသည့် ကျေးရွာများတွင် ဝှက်ထားလေ့ရှိပြီး ဝန်ကြီးခရီးစဉ် ပြီးဆုံးချိန်များမှသာ လုပ်ငန်းခွင်သို့ ပြန်လည်ယူဆောင်လာကြလေ့ရှိကြောင်း သိရသည်။

“ဝန်ကြီး မလာခင် ၂ ရက်လောက်အလိုမှာဆို ယာဉ်တွေကို ဖွက်ဖို့ သွားနေကြတာ မျက်စိတွေကို ရှုပ်နေတာပဲ။     ဦးလေးတို့ အိမ်နောက်မှာ လုပ်ကွက်တွေ ရှိတယ်လေ။ ဝန်ကြီးမလာခင်ကဆို ကားတွေ သွားလာနေကြတာ။ အခုလို      ဝန်ကြီးရောက်နေတဲ့အချိန်ဆို ကားတွေက ကြက်ပျောက်ငှက်ပျောက်ကို ပျောက်ကုန်ကြတာ”ဟု ဖားကန့်မြို့နယ်ကရင်ချောင်ကျေးရွာမှ ဒေသခံဦးသန်းဆွေက မြစ်ကြီနား သတင်းဂျာနယ်သို့ ပြောသည်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသတွင် ကျောက်မျက်တူးဖော်ရေးကုမ္ပဏီများက ယာဉ်ယန္တရားများကို သတ်မှတ်ထားသည့် အစီးရေပမာဏထက် ပိုမိုကျော်လွန်၍အသုံးပြုပြီး ကျောက်စိမ်းများကို တူးဖော်လျက်ရှိသောကြောင့် ဥပဒေအတိုင်း         ကြပ်မတ်ကာဆောင်ရွက်သင့်ကြောင်း၊ ယင်းကဲ့သို့ စစ်ဆေးမှုများပြုလုပ်သည့်အခါတိုင်း ယန္တရားလျော့ချမှုများကို ပြုလုပ်   ကြလေ့ရှိကြောင်း ဖားကန့်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတင့်စိုးက ပြောသည်။

“အဲလိုဝှက်တာက အခုမှမဟုတ်ဘူး။ လူကြီးခရီးစဉ်ရှိတိုင်း ကားတွေကို ဟိုဖွက်ဒီဖွက်ဖွက်ကြတယ်။ ဒါကို ဥပဒေအရထိန်းရမှာ။ လုပ်ကွက်တစ်ခုအတွက် ယန္တရားဘယ်လောက်သုံးရမယ်ဆိုပြီး သတ်မှတ်ထားတာ ရှိတာပဲ။ သတ်မှတ်ထားတဲ့ ယန္တရားတွေထက် ကျော်နေတယ်ဆိုတာ အားလုံးသိတာပဲ။ ဝန်ကြီးဋ္ဌာနတွေက ဒါတွေကိုကြပ်ကြပ်မတ်မတ် ကိုင်တွယ်သင့်တယ်။ ဝန်ကြီးဋ္ဌာနလို့ပြောတဲ့နေရာမှာ လုံးခင်းကျောက်စိမ်းရုံးလည်း ပါတာပေါ့ဗျာ”ဟု ဦးတင့်စိုးက     ရှင်းပြသည်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသတွင် ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများအတွက် အသုံးပြုနေသည့် ယာဉ်ယန္တရား     အစီးရေ  တစ်သောင်းကျော်အထိရှိနေပြီး ထိုယာဉ်များအနက် လေးထောင်ကျော်မှာ တရားမဝင်ယာဉ်များ ဖြစ်သည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးHလအောင်က မေလအတွင်း သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ်ချိန်တွင် ဖြေကြားခဲ့ဖူးသည်။

လက်ရှိအချိန်တွင် ဖားကန့်ဒေသသို့ ရောက်ရှိနေသည့် ယာဉ်ယန္တရားပမာဏမှာ အရှေ့တောင်အာရှနိုင်ငံများအတွင်း    အများဆုံးဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။

စည်သူ(မြစ်ကြီးနား)

LEAVE A REPLY

Please enter your comment!
Please enter your name here