ကဘူဒမ်းစစ်ရှောင်များ နေရပ်ပြန်နိုင်ရေး မြေနေရာဝယ်ယူရန် စီစဉ်နေသော်လည်း ငွေကြေးအခက်အခဲဖြစ်နေ

217

ဇူလိုင်၊၁၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာရှိတဲ့ ကဘူဒမ်း COC စစ်ရှောင်တွေအနေနဲ့ နေရပ်ပြန်တဲ့အချိန် တစ်စုတစ်စည်းတည်း နေထိုင်နိုင်ဖို့အတွက် မြေနေရာဝယ်ယူဖို့ စီစဉ်နေပေမယ့် ငွေကြေးလုံလောက်မှု မရှိတာကြောင့် အကူအညီတွေ လိုအပ်နေပါတယ်။

စစ်ရှောင်တဲ့ကာလမှာ အရင်ကဆောက်ထားခဲ့တဲ့ နေအိမ်ထိုင်ခင်းတွေ အသုံးပြုလို့မရတော့တာနဲ့ မရှိတော့တာတွေအပြင် နေရပ်ပြန်တဲ့အချိန် အတူတကွနေထိုင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ တိုင်ပင်ပြီး မြေနေရာရှာဖွေလာတာဖြစ်တယ်လို့ ကဘူဒမ်း စစ်ရှောင်စခန်းတာဝန်ခံက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

” ကျွန်တော်တို့ရဲ့ ဘုံပိုင်ငွေလေးက ငါးသိန်းကျော်ကျော်လောက်ပဲရှိတဲ့အခါကျတော့ အခုဒီမြေကွက်ရဲ့တန်ဖိုးက ဘယ်လိုမှ လက်လှမ်းမမီီနိုင်တဲ့အနေအထားရှိတယ်။”လို့ တာဝန်ခံက ဆိုပါတယ်။

မြေနေရာရှာဖွေတဲ့အချိန် အဲဒီ တိန်ကောက် ရဝမ်ကုန်းက စစ်ရှောင်တွေရဲ့ လိမ္မော်ခြံ စိုက်ခင်းတွေနဲ့ မလှမ်းမကမ်းနေရာမှာရှိတဲ့ ဦးပိုင်ပြေစာပေါက် မြေဧရိယာ ၈ ဧကကို ကာလတန်ဖိုး သိန်း ၁၅၀ နဲ့ ရောင်းချပေးမယ်လို့ ဆိုတာကြောင့် ဝယ်ယူနိုင်ဖို့ စီစဉ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီမြေနေရာဟာ စစ်ရှောင်မိသားစုတွေနေထိုင်ဖို့ သင့်လျော်တဲ့မြေနေရာဖြစ်တာကြောင့် ဝယ်ယူနိုင်ဖို့စီစဉ်နေပေမဲ့ မြေနေရာတန်ဖိုး လက်လှမ်းမမီဘဲ အခက်အခဲရှိတာကြောင့် ရပ်နီးရပ်ဝေး ပြည်တွင်းပြည်ပက ညီကိုမောင်နှမ မိတ်ဆွေတွေအနေနဲ့ ကူညီပေးကြဖို့လည်း တာဝန်ခံက ဆိုပါတယ်။

“အခုကျွန်တော်တို့ရဲ့ လိုအပ်နေတဲ့အတိုင်းအတာအရ စစ်ရှောင်မိသားစုအနေနဲ့ ဘယ်လိုမှ မတတ်နိုင်တဲ့အတိုင်းအတာလေးတွေဖြစ်နေတော့ ဝိုင်းဝန်းပြီးတော့ မေတ္တာပြပေးကြပြဦး၊ ကူညီပေးကြပါဦးလို့ ခေါဖိတ် အကူအညီတောင်းချင်ပါတယ်။” လို့ ဆိုပါတယ်။

မြေနေရာဝယ်ယူဖို့သေချာပြီဆိုရင် ရှင်းလင်းရေးလုပ်ငန်းတွေဆောင်ရွက်သွားမှာနဲ့ သက်ဆိုင်ရာအစိုးရအဖွဲ့တွေ၊ လူမှုကူညီရေးအဖွဲ့တွေနဲ့ ဘာသာရေးအဖွဲ့တွေအားလုံးကိုလည်း အသိပေး အကူအညီတောင်းခံသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိ နေထိုင်နေတဲ့ ကဘူဒမ်းစစ်ရှောင်စခန်းဟာ အချိန်အတန်ကြာမြေနေရာငှားရမ်းထားရတဲ့အပြင် နေရပ်က စိုက်ခင်းတွေကိုလည်း သေချာလုပ်ကိုင်နိုင်ဖို့နဲ့ အခုနှစ် မတ်လအတွင်း သက်ဆိုင်ရာကလည်း စစ်ရှောင်စခန်းတွေကနေ ထွက်ခွာဖို့ ပြောဆိုတာတွေလည်း ရှိတာကြောင့် အခုလို နေရပ်ပြန်ဖို့ မြေနေရာရှာဖွေစီစဉ်ရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

၂၀၁၇ ခုနှစ် ၊ ဇူလိုင်လ ၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ကဘူဒမ်းစစ်ရှောင်တွေဟာ တနိုင်းမြို့နယ်၊ တိန်ကောက်ကျေးရွာအုပ်စု၊ တိန်ကောက်(ရဝမ်ကုန်း) ကနေ စစ်ရှောင်စခန်းကို ၂၀၁၇ ခုနှစ်၊ ဇူလိုင် ၁၃ ရက်နေ့က တိမ်းရှောင်လာခဲ့ပြီး အိမ်ထောင်စု ၁၈ စု ၊ လူဦးရေ ၆၁ ဦးရှိတယ်လို့ သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here