ဇူလိုင်၊၁၉
ဝိုင်းမော်- လိုင်ဇာလမ်းပေါ်က ဒဘတ်ယန်ကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ဒေသခံပြည်သူတွေ စိုးရိမ်နေပါတယ်။
လက်ရှိမှာတော့ ပစ်ခတ်မှုတွေ ရှိနေတဲ့အပြင် ကဇူးယန်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကနေ KIA တွေ ရှိတဲ့ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒဘတ်ယန်ကျေးရွာနေ အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“စစ်ကောင်စီတပ်ကတော့ ပစ်နေကြတယ်။ သူတို့က လက်နက်ကြီးတွေနဲ့ ပစ်၊ KIA တွေမပစ်လည်း သူတို့ပစ်နေကြတယ်။”လို့ ဆိုပါတယ်။
ဇူလိုင်လ ပထမပတ်လောက်ကစပြီး နှစ်ဖက်စစ်တပ် စစ်ရေးတင်းမာနေတာဖြစ်ပြီးတော့ ဒဘတ်ချောင်း အနီးတစ်ဝိုက်မှာ နေထိုင်ကြတဲ့ ဒဘတ်ယန်ရွာသစ်ပိုင်းက ဒေသခံတွေကို ရွာအတွင်းဘက် ပြောင်းရွေ့ခိုင်းထားပြီလို့ ဒေသခံတွေရဲ့ ပြောပြချက််အရပါတယ်။
တိုက်ပွဲစဖြစ်လာရတာဟာ လွန်ခဲ့တဲ့အပတ်က ဒဘတ်ယန်ရွာသားတစ်ဦးရဲ့ ကားကို စစ်ကောင်စီတပ်က မလိယန်ဘက်ကို ရိက္ခာပို့ဖို့ အသုံးပြုခဲ့ရာကနေ စတင်ခဲ့တာလို့ ရပ်ဖိရပ်ဖတစ်ဦးက ပြောပါတယ်။
KIO ဘက်ကနေ ဝိုင်းမော်-လိုင်ဇာလမ်းတစ်လျှောက် ဖြတ်သန်းသွားလာတာတွေမပြုဖို့ တားမြစ်စာထုတ်ပြန်ထားပြီးဖြစ်တာကြောင့် ဒီကားကို KIA က တားဆီးခဲ့ပြီး စစ်ကောင်စီက ဆက်လက်မောင်းနှင်ခိုင်းခဲ့တဲ့အတွက် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။
အဲဒီနောက်ပိုင်း စစ်ကောင်စီဘက်ကလည်း ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
မနေ့က ဇူလိုင်လ ၁၈ ရက်နေ့မှာလည်း ဒဘတ်ယန်ဒေသခံ အမျိုးသား ၃ ဦးနဲ့ တခြားဒေသက အလုပ်လာလုပ်ကိုင်ပြီး နေထိုင်တဲ့ အမျိုးသား ၂ ဦးကို ပြည်သူ့စစ်အဖွဲ့က ဖမ်းခေါ်သွားကြပြီး ပြန်လွှတ်ပေးခဲ့တယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒါ့အပြင် ဂျာပူကျေးရွာမှာ စိုက်ခင်းလုပ်လုပ်နေတဲ့ အမျိုးသား ၃ ဦးနဲ့လည်း အဆက်အသွယ်မရတဲ့အတွက် မိသားစုဝင်တွေ စိုးရိမ်နေကြပါတယ်။
လတ်တလော ပစ်ခတ်မှုတွေရှိနေတဲ့အတွက် စိုးရိမ်ရမယ့်အခြေအနေမျိုးကြုံရင် ရွာသားတွေအားလုံးကို ဘုရားကျောင်းထဲမှာ စုနေကြဖို့အတွက် သတိပေးထားတယ်လို့လည်း ကျေးရွာရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။
ဇူလိုင်လ ပထမအပတ်ကစလို့ စစ်ကောင်စီကနေ နမ်ဆန်ယန်ကျေးရွာဘက်ကို စစ်ကြောင်းထိုးခဲ့တာကြောင့် KIA နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး နမ်ဆန်ယန်ကျေးရွာ မရောက်ခင်မှာ တည်ရှိတဲ့ ဒဘတ်ယန်၊ကဇူးယန်၊ ဂါးရာယန်ကျေးရွာတွေမှာလည်း စစ်ရေးအခြေအနေ တင်းမာလာတာ ဖြစ်ပါတယ်။







