တနိုင်းမြို့ရှိ စက်သုံးဆီပန့်အရောင်းဆိုင်ကြီးများ ပိတ်ထားပြီး တစ်ဂါလံ ကျပ် ၄၀,၀၀၀ ပေးဝယ်နေရ

402

ဇူလိုင်၊၂၀

ကချင်ပြည်နယ်၊ တနိုင်းမြို့မှာ စက်သုံးဆီပန့် အရောင်းဆိုင်ကြီးတွေ ပိတ်ပင်ထားဆဲဖြစ်ပြီး အပြင်က ရေသန့်ဘူးနဲ့ လက်လီရောင်းတဲ့ ဆိုင်သေးတွေမှာ ဈေးကြီးကြီးနဲ့ ပေးဝယ်နေရတာကြောင့် ဒေသခံတွေ အခက်ကြုံနေရပါတယ်။

အရင်က ဓာတ်ဆီတစ်ဂါလံ(၄ လီတာ) ကို ကျပ်တစ်သောင်းကျော်ပဲ ပေါက်ဈေးရှိခဲ့ရာနေ လက်ရှိမှာတော့ ကျပ်လေးသောင်းထိ မြင့်တက်နေတာ အချိန်သုံးပတ်လောက်ရှိလာပြီဖြစ်ပြီး တစ်လီတာ ကျပ်တစ်သောင်းနဲ့ ဝယ်ယူအသုံးပြုနေရပြီးတော့ လိုသလောက်မရရှိနိုင်ဘူးလို့ တနိုင်းဒေသခံတစ်ဦးက ပြောပါတယ်။

“သွားစရာရှိရင်တော့ ဈေးကြီးကြီးနဲ့ပေးပြီး သူတို့ရောင်းတဲ့ ဈေးနဲ့ဝယ်ပြီး သွားရတာပေါ့။ ရတာနဲ့ ဖြစ်အောင် ကျနော်တို့ သွားလာနေတာပေါ့။လယ်ယာလုပ်တဲ့သူတွေအတွက်တော့ အရမ်းခက်ခဲတယ်။”လို့ ဒေသခံက ဆိုပါတယ်။

တနိုင်းမြို့ကို ဝင်တဲ့လမ်းပိုင်းတွေမှာ စစ်ကောင်စီက စက်သုံးဆီ သယ်ဆောင်ခွင့်တွေကို တင်းကြပ်လိုက်တာကြောင့် ဒေသခံတွေဟာ အပြင်မှာ လက်လီရောင်းချတဲ့သူတွေဆီကနေ ဈေးကြီးကြီးနဲ့ ဝယ်ယူအသုံးပြုနေရတာ ဖြစ်ပါတယ်။

စက်သုံးဆီ ဈေးမြင့်တက်တဲ့အပြင် ဆန်ဈေးလည်း မြင့်တက်နေတာကြောင့် အခြေခံ လက်လုပ်လက်စားတွေ အခက်အခဲများစွာ ကြုံတွေ့ရတယ်လို့ နောက်ထပ် တနိုင်းဒေသခံ အမျိုးသမီးတစ်ဦးကလည်း ပြောပြပါတယ်။

“ရောင်းတဲ့သူမရှိတဲ့အချိန်လည်း ခက်တယ်။ ပြီးတော့ ဈေးတအားကြီးတာကြောင့်လည်း အရမ်းခက်တယ်။ ဆီကဈေးကြီးတာနဲ့ ဆန်ဈေးကလည်းကြီးတာနဲ့ ဝယ်စားဖို့က လက်လုပ်လက်စားတွေအတွက် အရမ်းအဆင်မပြေဘူး။“လို့ အထက်ပါဒေသခံအမျိုးသမီးက လက်ရှိအခက်အခဲကို ရှင်းပြပါတယ်။

စက်သုံးဆီအသုံးပြုပြီး လုပ်ကိုင်ရတဲ့ လုပ်ငန်းတွေနဲ့ လယ်ယာလုပ်ငန်း လုပ်ကိုင်တဲ့သူတွေလည်း စက်သုံးဆီ လိုသလောက်မရတာတွေကြောင့် အခက်အခဲကြုံတွေ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက စက်သုံးဆီတွေ သယ်ဆောင်လာခဲ့ရင် ဖမ်းဆီးပြီး သူတို့ဖမ်းဆီးလိုက်တဲ့ စက်သုံးဆီတွေကို တဆင့်ပြန်လည်ရောင်းချနေတာလို့ ဒေသခံတွေက ဆိုပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here